ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်အရ သားအိမ်ခေါင်း ရောဂါ ကာကွယ်ဆေး (Human Papillomavirus Vaccine - HPV) စတင် ထိုးသွင်းပေးခြင်း ဗဟိုအဆင့် ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ၊ (၂၀) ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ (MICC - 2) ၌ Social Distancing ဖြင့် ကျင်းပခဲ့သည်။
ထိုပွဲတွင် မြန်မာနိုင်ငံရှိ အသက် (၉)နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး ဦးရေ (၄၅၀,၀၀၀) ကျော်အား အောက်တိုဘာလ၊ (၂၀) ရက်နေ့မှ စတင်ကာ HPV ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမည် ဖြစ်ပြီး တစ်ဦးလျှင် တစ်ကြိမ်စာအတွက် ဆေးဖိုးမှာ အမေရိကန် ဒေါ်လာ (၄.၅) ဒေါ်လာခန့် ကုန်ကျမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဆေးသည် သားအိမ်ခေါင်း ရောဂါ ဖြစ်ပွားစေသည့် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး (၄) မျိုးကို ကာကွယ်နိုင်သော လေးမျိုးစပ် ကာကွယ်ဆေးတစ်မျိုး ဖြစ်ပြီး Gavi, the vaccine alliance မှ မြန်မာနိုင်ငံအတွက် အထူးဈေးနှုန်းဖြင့် ဝယ်ယူ ပံ့ပိုးပေးသော ဆေးဖြစ်ကြောင်းလည်း သိရသည်။
ကာကွယ်ဆေး တန်ဖိုး၏ (၈၀) ရာခိုင်နှုန်းကို Gavi, the vaccine alliance အဖွဲ့မှ မြန်မာနိုင်ငံအတွက် ပံ့ပိုးမည်ဖြစ်ပြီး အစိုးရမှ ဆေးတန်ဖိုး (၂၀) ရာခိုင်နှုန်းအပြင် အခြားသော လုပ်ငန်း ဆောင်ရွက်ရာတွင် ကျသင့်မည့် ကုန်ကျစရိတ်များကို တာဝန်ယူ ကျခံသွားမည် ဖြစ်သည်။
ဆေးအား အမျိုးသမီး တစ်ဦးလျှင် နှစ်ကြိမ်ပြည့်အောင် (၁) နှစ်ခြား၍ ထိုးနှံရမည်ဖြစ်ပြီး လတ်တလောတွင် (Stay at home) အစီအစဉ်၌ အကျုံးဝင်သော မြို့နယ်များတွင်မူ စတင် ထိုးနှံခြင်း မပြုသေးဘဲ (Stay at home) အစီအစဉ် ပယ်ဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ မြို့နယ်အလိုက် စတင် ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါသည် ရောဂါအဆင့်နိမ့်ချိန် အကြိုအဆင့်၌ စောစီးစွာ စစ်ဆေး သိရှိကာ စနစ်တကျ ကုသမှု ခံယူပါက အရှင်း ပျောက်ကင်းနိုင်သော ရောဂါ ဖြစ်သော်လည်း အချိန်လွန်မှ သိရှိလျှင်မူ အသက်အန္တာရယ် ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။
သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်း အားဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုများ လျော့နည်းစေနိုင်မည့်အပြင် လိင်အင်္ဂါကြွက်နို့ရောဂါနှင့် (HPV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော အခြားသော ရောဂါများကိုပါ ကာကွယ်နိုင်မည်ဟု သိရသည်။
အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှု လျော့နည်းလာပါက ရောဂါကြောင့် ဝေဒနာခံစားရမှုများ၊ လူမှု-စီးပွား ထိခိုက်ပျက်စီးမှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ အရွယ်မတိုင်မီ သေဆုံးမှုများ သိသာထင်ရှားစွာ လျော့နည်း သွားမည် ဖြစ်သည်။
အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် လာမည့် (၂၀၃၀) ခုနှစ်၌ အမျိုးသမီး-နှစ် (woman-years) (၁) သိန်းတွင် (၄) ဦး အောက်သာ သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုရှိရန် ဟူသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ "သားအိမ်ခေါင်း ကင်ဆာရောဂါ ကင်းဝေးရေး" ရည်မှန်းချက်ကို ပြည့်ဝစေရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။