ကိုဗစ် - ၁၉ အား ရှေ့တန်းမှနေ၍ ထိန်းချုပ် ကုသပေးလျက်ရှိသော မြန်မာနိုင်ငံရှိ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လာမည့် ဇန်နဝါရီလ (၂၇)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် စတင် ထိုးနှံပေးတော့မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး (Covishield) ထိုးနှံခြင်း ပထမဆုံး အသုတ်တွင် ကျန်းမာရေး ဝန်ထမ်းများအား ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ရွေးချယ်ထိုးနှံပေးမည် ဖြစ်ပြီး ဆက်လက်ပြီး ဦးစားပေး အစဉ်လိုက်အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးသွားမည် ဖြစ်သည်။
ထို့နောက် ကာကွယ်ဆေး ဒုတိယအသုတ်ကိုမူ နိုင်ငံ့တာဝန်များကို အရေးတကြီး ထမ်းဆောင်နေသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား ထိုးနှံပေးသွားမည် ဖြစ်ပြီး တတိယအသုတ်တွင်မူ ရောဂါကူးစက်နိုင်သူများအား ထိုးနှံပေးရန် သတ်မှတ်ထားသည်။
လက်ရှိတွင် ကာကွယ်ဆေးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပြိုင်တည်းထိုပေးမည်လား၊ သို့မဟုတ် ရောဂါဖြစ်ပွားမှု များနေသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်သာ စထိုးပေးမည်လား ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ဗဟိုအဆင့်တွင် ကာကွယ်ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ (၂၃)နှင့် (၂၄) ရက်နေတွင် သင်တန်းပို့ချပေးနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌မူ ဇန်နဝါရီ (၂၅)နှင့် (၂၆) ရက်နေ့များတွင် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ဆေးအား ထိရောက်စေရန် ပထမအကြိမ် ထိုးနှံပြီး (၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည် ဖြစ်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) သိန်းခွဲခန့် ရှိကြောင်း သိရသည်။
၎င်းဆေးအရေအတွက်သည် မြန်မာနိုင်ငံရှိ လူဦးရေ (၇)သိန်းခွဲခန့်ကို ထိုးနှံပေးနိုင်မည် ဖြစ်ပြီး ထပ်မံ၍ ကာကွယ်ဆေး ရောက်ရှိလာမည် ဆိုပါက အရေးကြီးအုပ်စုအလိုက် ခွဲခြားကာ ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန် စာရင်းကောက်ခံမှုများ စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။