Business Mandalay Trend

နှစ်ပေါင်း (၁၀၀) အတွင်း ဈေးအများဆုံးနှစ်အဖြစ် စံချိန်တင်နေသော မြန်မာ့ဖရဲသီးဈေးကွက်

Read 447 times

မြန်မာနိုင်ငံ ဖရဲသီးစိုက်ရာသီအတွင်း ကိုဗစ်-၁၉ ကြောင့် စိုက်ပျိုးမှု နည်းပါးသော်လည်း တရုတ်နိုင်ငံမှ ဈေး(၂)ဆ ပေးကာ ဝယ်ယူမှုကြောင့် အရောင်းသွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ပြောကြားချက်အရ သိရသည်။

ယခင်က မြန်မာ့ပြည်ထဲသို့ ဖရဲသီးအများအပြား စိုက်ပျိုးခဲ့သော တရုတ်ပြည်သည် ယခုနှစ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် လာရောက်စိုက်ပျိုးနိုင်ခြင်း မရှိဘဲ မြန်မာတောင်သူများမှာလည်း ယခင်နှစ်များက ဖရဲသီး အရောင်းအဝယ်ပါးမှုကြောင့် ယခုနှစ်တွင် အနည်းငယ်သာ စိုက်ပျိုးထားကြောင်း အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။ 

ထို့ကြောင့် အထွက်နှုန်းနည်းပါးပြီး တရုတ်ပြည်မှ ဝယ်လိုအား များလာသောကြောင့် ဈေးနှုန်း (၂)ဆခန့် မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရသည်။ ဤဈေးနှုန်းသည် ဖရဲသီးဈေးကွက် နှစ်ပေါင်း (၁၀၀) အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖရဲသီးစိုက်ပျိုးရာတွင် အပူချိန် (၈) ဒီဂရီနှင့် (၃၈) ဒီဂရီကြားအတွင်းသာ စိုက်ပျိုးနိုင်ခြင်းကြောင့် လက်ရှိ တွင် တရုတ်ပြည်၌ ကိုဗစ်-၁၉ ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာသော်လည်း ဖရဲသီးများ စိုက်ပျိုးရန် မဖြစ်နိုင်ပေ။ 

ထို့ကြောင့် မြန်မာ့ဖရဲသီးများအား တရုတ်မှ မဖြစ်မနေ ဝယ်ရမည့် အခြေအနေဖြစ်နေပြီး လာမည့် ၂၀၂၁ခုနှစ်၊ မေလကုန်၊ ဇွန်လဆန်းအထိ ဈေးကောင်းများ ရရှိနေမည်ဟု ခန့်မှန်းထားကြောင်း အသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။ 

ယခင်နှစ်များက ဖရဲသီး တစ်နေ့လျှင် (၁၂)ဘီးယာဉ် အစီး (၅၀၀) နီးပါး နေ့စဉ်တင်ပို့ခဲ့ရာမှ ယခုနှစ်တွင်မူ တစ်နေ့လျှင် (၁၂)ဘီးယာဉ် အစီး (၅၀) မှ (၁၀၀) ကြားသာ နေ့စဉ် တင်ပို့လျက် ရှိပေသည်။

ဖရဲသီး တင်ပို့ရာတွင် ဝမ်တိန်အရောက် (၁၂) ဘီးယာဉ် တစ်စီးလျှင် ပို့ဆောင်ခ (၁၄) သိန်းဝန်းကျင် ကုန်ကျနိုင်သောကြောင့် (၁၂)ဘီး ယာဉ်အစီးရေ (၁၀၀) ကျော်ပါက ဝမ်တိန်အထိ ယာဉ်များ အကုန်ဝင်နိုင်ရန် အခက်အခဲများ ရှိလာကြောင်း သိရသည်။

လက်ရှိ ဖရဲသီးဈေးနှုန်းများမှာ … 

  • 855 ဖရဲသီး တစ်တန်လျှင် (၉)သိန်းကျပ်မှ (၁၃)သိန်းကျပ်ဝန်းကျင်၊
  • ထျန့်ဝမ်ဖရဲသီး တစ်တန်လျှင် (၁၃)သိန်းကျပ်မှ (၁၄)သိန်းကျပ်ဝန်းကျင်၊ 
  • အစေ့မဲ့ ဖရဲသီး တစ်တန်လျှင် (၁၃)သိန်းကျပ်မှ (၁၅)သိန်းကျပ်ဝန်းကျင်၊ 
  • ဒုံးကျည် ဖရဲသီး တစ်တန်လျှင် (၅)သိန်းကျပ်မှ (၈)သိန်းကျပ်ဝန်းကျင်
  • စသဖြင့် ရှိကြောင်း သိရသည်။ 
Bookmark