မြို့ပြရဲ့ အငွေ့အသက်တွေက အချိန်ကြာလာတာနဲ့အမျှ လူတွေကို ငြီးငွေ့စေပါတယ်။ တစ်ခါတစ်လေတော့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို အပန်းဖြေပေးဖို့အတွက် ကြိုးစားသင့်ပါတယ်။
ကိုဗစ်ကာလမှာ အသွားအလာကန့်သတ်ချက်တွေနဲ့ Stay Home ရတဲ့အတွက် ခရီးတွေသွားဖို့က အလွန်ခက်ခဲပါတယ်။ ဒါမယ့် ခရီးသွားလုပ်ငန်းတွေပြန်ဖွင့်တဲ့အခါ၊ အသွားအလာကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်တဲ့အခါ ချစ်ရတဲ့ မိသားစု/သူငယ်ချင်းတွေနဲ့ အတူတူပျော်ပါးဖို့အတွက် မန္တလေးအနီးမှာရှိပြီး လည်ပတ်လို့ကောင်းတဲ့ နေရာ (၁၀) ခုကို မျှဝေလိုက်ပါတယ်။
(၁) K&K Garden
အသစ်ဖွင့်ထားတာ မကြာသေးဘူးဆိုပေမယ့် ဆိုင်ရဲ့ အပြင်အဆင်တွေက ခေတ်မီဆန်းသစ်ပြီး ရောင်စုံမီးသီးလေးတွေနဲ့ ညဘက်မှာ Romantic ဆန်ဆန် ဖြတ်သန်းလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။
ဆိုင်ကကျယ်ဝန်းပြီး ဘန်ဂလိုလေးတွေနဲ့ အေးဆေးအနားယူလို့ရပါတယ်။ နောက်ပြီး ကလေးတွေဆော့ကစားလို့ရမယ့် နေရာလေးတွေလည်း ဖန်တီးထားပေးပါသေးတယ်။
နေရာလေးကတော့ မန္တလေး-ပြင်ဦးလွင်သွားတဲ့ လမ်းကနေ (၁၆) မိုင် Oriental Highway Company တိုးဂိတ်အကျော်နား ညာဘက်လမ်းကနေဝင်ပြီး (၃)မိနစ်လောက်မောင်းတာနဲ့ လှမ်းမြင်ရပြီး ခဏဆက်မောင်းတာနဲ့ ရောက်ရှိမယ့်နေရာလေးပါ။
(2)16 Mile Restaurant
အင်းလေးရောက်သွားသလို ခံစားရမယ့် ဒီဆိုင်လေးက အပြင်အဆင်တွေကောင်းပြီး တောတောင်သဘာဝနဲ့လည်းနီးတော့ Feeling Fresh ပါပဲ။ ဆိုင်မှာ အစားအသောက်လည်း အဆင်ပြေတယ်။ အမိုက်စား ဘန်ဂလိုလေးတွေအများကြီးနဲ့ ဆိုင်နာမည်ကတော့ (၁၆) မိုင် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။
လေအေးလေးတွေကိုခံစားရင်း သဘာဝရှူခင်းလေးတွေနဲ့ အေးအေးဆေးဆေး အပန်းဖြေလို့ရမယ့် (၁၆) မိုင် စားသောက်ဆိုင်ကတော့ မန်းလေး-ပြင်ဦးလွင် သွားတဲ့ လမ်းကနေသွားပြီး ပြင်ဦးလွင် အတက်လမ်းဘေး Oriental Highway company တိုးဂိတ်ကျော်ပြီးတာနဲ့ (၇မိုင်) သွားတဲ့လမ်းရောက်တာနဲ့ ညာဘက် ကို ကွေ့လိုက်ရင် ဆိုင်ကိုလှမ်း မြင်နေရပါပြီ။
(3)ဆင်ခေါင်းတောင်
ကမ်းခြေ Feeling လေးနဲ့ ဆင်ခေါင်းပုံစံဖြစ်နေတဲ့ ထူးဆန်းတဲ့တောင်က မန္တလေးမြို့ရဲ့ အနီးနားမှာရှိပြီး မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နေ့ချင်းပြန်ခရီးထွက်လို့ကောင်းတဲ့ နေရာကောင်းလေးတစ်နေရာ ဖြစ်ပါတယ်။
ဒီနေရာလေးကတော့ မန္တလေးကနေ ကား (သို့မဟုတ်) ဆိုင်ကယ်နဲ့ အဆင်ပြေသလို သွားလာလို့ ရပြီး ကြာမြင့်ချိန် (၂) နာရီလောက်ပဲရှိပါတယ်။ (မန်းလေး-မြစ်ငယ်-ကျောက်ဆည်)အတိုင်းမောင်းပြီး ဟန်မြင့်မိုရ်လမ်းဆုံး မီးပွိုင့်ဆုံးကနေ ရွာငံသို့ ဆိုတဲ့ မြှားလေးအတိုင်း ဘယ်ဘက်ကိုချိုးပြီး လမ်းအတိုင်းမောင်းပြီး မိနစ်(၂၀)လောက်မောင်းရင် ကင်းရွာ ကျော်တာနဲ့ ရောက်ပါပြီ။
(4)13 မိုင်ကမ်းခြေ
ချောင်းသာတို့လို ကမ်းခြေမျိုးကို သွားစရာမလိုပဲ ဒုဌဝတီ မြစ်ကြီးရယ်၊ တောင်တန်းကြီးတွေရယ် နဲ့ ကမ်းခြေကိုရောက်သလို ခံစားရစေပြီး လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ အပန်းဖြေ ကမ်းခြေနေရာလေး တစ်ခုဖြစ်ပါတယ်။
ဒါမယ့် Covid-19 ကြောင့် မဖွင့်သေးပါဘူး။ Covid အေးကာလရောက်မှ ဖွင့်မယ်လို့ ကြေညာထားပေမယ့် ဒီနေရာလေးကတော့ မန်းလေးကနေဆို ကားနဲ့တစ်နာရီကျော်လောက်မောင်းရပြီး ဒီးဒုတ်ရေပြာအိုင်သွားတဲ့ လမ်းဖြစ်တဲ့ (၆) မိုင်/ (၇) မိုင် အပန်းဖြေစခန်းတွေကျော်ပြီး မလှမ်းမကမ်းဆိုတာနဲ့ ရောက်တဲ့ နေရာလေးဖြစ်ပါတယ်။
(5)ဆည်တော်လေးဆင်စခန်း(အပန်းဖြေဥယျာဥ်)
မိသားစု/သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အနားယူလို့ကောင်းပြီး ဆင်တွေလည်းရှိပါတယ်။ နောက်ပြီး ဘန်ဂလိုလေးတွေ၊ ဝါးတံတားလေးတွေနဲ့ ဓာတ်ပုံရိုက်လို့ကောင်းပြီး ချောင်းလည်းရှိတဲ့အတွက် ရေဆော့ချင်လည်း ဖြစ်ပါတယ်။
တည်နေရာကတော့ မန်းလေး-ပြင်ဦးလွင်အတိုင်းသွားပြီး တိုးဂိတ်မကျော်ခင် လမ်းရဲ့ ဘယ်ဘက်မှာရှိတဲ့ လမ်းညွှန်းအတိုင်းသွားရင်ရောက်ပါပြီ။ တောတောင်ရှူခင်းတွေနဲ့ အစားအသောက်တွေသယ်သွားပြီး သောင်းကျန်းလို့ ကောင်းမယ့် နေရာကောင်းလေး ဖြစ်ပါတယ်။
(6)စက္ကူပန်းနန်းတော်
ဒီနန်းတော်မှာ စက္ကူပန်းမျိုးစိတ် (၇၀) ကျော်၊ ပန်းပင် (၁) သိန်းကျော် စိုက်ပျိုးထားပြီး အရမ်းကိုလှပတဲ့ နန်းတော်လေးတစ်ခုဖြစ်ပါတယ်။ ကိုဗစ်ကြောင့် မဖွင့်သေးပေမယ့် အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ဖွင့်လှစ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
အရမ်းလှပတဲ့ နန်းတော်လေးကတော့ အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်နားမှာ တည်ရှိပါတယ်။
(7) 5/6/7 မိုင်(Waterboom)
ရေကြိုက်ခင်တို့အတွက် ရေကိုရှယ်ကစားလို့ရမယ့် ဒီ (၃) နေရာကတော့ အရမ်းကို မိုက်ပါတယ်။ 5မိုင်၊ 6မိုင်ကတော့ WaterBoom ပုံစံမျိုးရေလွှာလျှောစီးတွေနဲ့ ကလေးတွေရောလူကြီးတွေရောကစားလို့ကောင်းတဲ့ ရေပန်းဥယျာဥ်မျိုးပဲဖြစ်ပါတယ်။
7မိုင်ကတော့ ဒုဌဝတီမြစ်ကြောင်းကြီးနဲ့ ကမ်းခြေဆန်ဆန် သဘာဝမြစ်ရေကြည်ကြည်လေးနဲ့ ပြုလုပ်ထားတဲ့ ကမ်းခြေပုံစံလေးပါ။ စာသောက်ဆိုင်တွေနဲ့ တခြားအပန်းဖြေဆော့စရာတွေလည်းရှိတဲ့အတွက် အရမ်းကို အဆင်ပြေလွန်းပါတယ်။
(8)ရေတံခွန်တောင်
အရမ်းလှတဲ့သဘာဝရှုခင်း၊ စပါးပင်တွေ၊ တောင်တန်းကြီးတွေနဲ့အတူ ချစ်စရာစားသောက်ဆိုင်လေးတွေကို အသွင်အမျိုးမျိုးနဲ့ ပုံဖော်ထားတဲ့နေရာလေးဖြစ်ပါတယ်။ မိသားစု/သူငယ်ချင်းတွေနဲ့ အေးဆေး အပန်းဖြေလို့ကောင်းတဲ့နေရာလေးဖြစ်ပြီး အဓိကနာမည်ကြီးတာက ကြက်ကြော်ဖြစ်ပါတယ်။
တည်နေရာကတော့ (၃၅) လမ်းကနေလာရင် ပိုနီးပြီး မန်းလေး ပြင်ဦးလွင်သွားတဲ့ လမ်းပေါ်မှာရှိပါတယ်။ ရေတံခွန်တောင်သို့ဆိုပြီး ဘယ်ဘက်မှာရှိတဲ့ လမ်းလေးအတိုင်းဆင်းသွားရင် အပန်းဖြေလို့ကောင်းတဲ့ ရေတံခွန်တောင်ကို ရောက်ပါပြီ။
(9)ဒီးဒုတ်ရေပြာအိုင်
တောင်တက်ချင်တဲ့သူတွေ၊ တောလမ်းလေးတွေမှာ Chill ချင်တဲ့သူတွေအတွက် ၆မိုင်၇မိုင်တို့ကိုသွားတဲ့လမ်းနားမှာပဲဖြစ်ပြီး တောင်တက်ပြီး ရေတံခွန်ဆီကိုသွားရတဲ့နေရာလေးဖြစ်ပါတယ်။
ရေကပြာနေတော့ တောင်ပေါ်တက်ရတာ အမောပြေမှာသေချာပါတယ်။ နေရာကတော့ မန်းလေးပြင်ဦးလွင်သွားတဲ့ လမ်းကနေ (၁၆) မိုင် တိုးဂိတ်ကိုကျော်ရင် ရဲရွာရေအားလျှပ်စစ်သွားတဲ့လမ်းအတိုင်းဖြစ်ပြီး ဝင်ပေါက်ရောက်ရင် လမ်းညွှန်းအတိုင်း သေချာလေးသွားရုံပါပဲ။
(10) လိပ်ကျရေတံခွန်
လိပ်ကျရေတံခွန်မှာ ရေတံခွန် သုံးထပ်တောင်ရှိပြီး အရမ်းလှတဲ့နေရာလေးပါ။ လိပ်ကျရေတံခွန်ကို ကားရော/ဆိုင်ကယ်ရောနဲ့သွားလို့ရပါတယ်။ ရေတံခွန်သွားဖို့ မန္တလေးကနေ-မတ္တရာထိမောင်းပြီး၊ မတ္တရာလမ်းခွဲရောက်တာနဲ့ "မိုးကုတ်သို့” ဆိုတဲ့ လမ်းအတိုင်းတည့်တည့်ကြီးမောင်းပါ။
(ကြားထဲမှာ စဥ့်ကူး၊ လက်ပံလှ၊ သပိတ်ကျင်း)ထိမောင်းရပါမယ်။ ရေထွက်ရွာနားရောက်ရင် လမ်းဘေးမှာဓမ္မပီတီတောရကျောင်းဆိုင်ဘုတ်မြင်တာနဲ့ လိပ်ကျရေတံခွန် သို့ ဆိုတဲ့လမ်းညွန်ထားတဲ့ အတိုင်းသာသွားပါ (10မိနစ်လောက်မောင်းရင်ရောက်ပါပြီ)။
လိပ်ကျရေတံခွန် ကိုသွားဖို့ ရွေးစရာ လမ်းနှစ်လမ်းရှိပါတယ်။ ဘယ်လမ်းနှင့်ညာလမ်းပါ။ ဘယ်လမ်းကတော့ ဆိုင်ကယ်နဲ့ရေတံခွန်ကို တိုက်ရိုက်ရောက်တဲ့လမ်းဖြစ်သလို ဆိုင်ကယ် အပ်တဲ့နေရာကို တန်းရောက်ပါတယ်။ အပ်ခ၁ထောင်ပေးရပါတယ်။
ညာလမ်းကတော့ ကားတွေအတွက် ပိုအဆင်ပြေပါတယ်။ ကားအပ်ပြီးတာ နဲ့ ရေတံခွန်ကို (၁၀) မိနစ်လမ်းလျှောက်သွားတာ နဲ့ ဒုတိယထပ် ရေတံခွန်ကို တန်းမြင်ရပါမယ်။ ကားအပ်ခ၃ထောင်ပေးရပါတယ်။
သာယာတဲ့ တောတောင်တွေကိုကြည့်ရင်း စိတ်ကို အနားပေးဖို့အတွက် အကောင်းဆုံးနေရာလေး တစ်ခု ဖြစ်ပါတယ်။