တောင်ပြုံးပွဲတော်ကြီးဆိုတာကလည်း နှစ်ရာနဲ့ချီကျင်းပခဲ့တဲ့ တောင်ပြုံးဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲတော်မှာ မင်းကြီး၊ မင်းလေးလို့ခေါ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး နတ်နှစ်ပါးကို ပျော်တော်ဆက်၊ ပသကြတဲ့ပွဲ၊ ပျော်ကြတဲ့ပွဲဖြစ်လို့ မြန်မာနိုင်ငံအနှံ့အပြား၊ အုတ်အုတ်ကျက်ကျက် လာရောက်ကြတဲ့ပွဲ ဖြစ်ပါတယ်။
ရွှေဖျဉ်းညီနောင်တို့ရဲ့ ရာဇဝင်ကိုလည်း သိလိုကြလိမ့်မယ်ထင်ပါတယ်။ အေဒီ ၁ဝ၄၄ ခုနှစ်မှာ ပုဂံထီးနန်းကို အနုရုဒ္ဒါခေါ် အနော်ရထာမင်းစော အုပ်ချုပ်တော်မူစဉ်၊ မင်းကြီးဟာ အေဒီ ၅၁၈ ခုနှစ်သိုက်တိုင်မင်းလက်ထက်မှစပြီး စုက္ကတေးမင်းလက်ထက်တိုင်အောင် မင်း ၄၁ ဆက် ကိုးကွယ်ခဲ့တဲ့ ကာမဘီလူး အရည်းကြီးများကိုးကွယ်မှုကို တိုက်ဖျက်ကာ၊ သုဝ္ဏဘုမ္မိ၊ သထုံပြည်မှ ကြွရောက် လာတဲ့ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတော်ဖြစ်တဲ့ ရှင်အရဟံဟောပြောတဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတစ်ဝန်းပျံ့နှံ့အောင် ဆောင်ရွက်ပေးတော်မူတဲ့ကာလက စရမှာဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ သုဝ္ဏဘုမ္မိသထုံပြည်မှာ မနူဟာမင်းစိုးစံပြီး ထေရဝါဒ ဗုဒ္ဓဘာသာလည်း ကိုးကွယ်နေပါပြီ။ ပင်လယ်ကမ်းခြေနဲ့နီးတော့ တစ်နေ့သင်္ဘောပျက်လို့ မျောလာတဲ့ ရေဘေးဒုက္ခသည်ညီအစ်ကိုနှစ်ဦးကို ကယ်ခဲ့ရကာ၊ တောရကျောင်း တစ်ကျောင်းမှာ ထားခဲ့ပါတယ်။ အဲဒီမှာ ဇော်ဂျီဖိုလ်ဝင်သားစားမိလို့ အစွမ်းထက်သွား ကြရာက အစ်ကိုဖြစ်သူဗျတ်ဝိက သထုံမြို့တော်ဝန်သမီးနဲ့ ရည်ငံမိလို့ အသတ်ခံရကာ၊ မြို့စည်းရိုး၊ သွေးစက်ချပတ်ပြီး အစောင့်အရှောက်အထားခံခဲ့ရပါတယ်။ ညီငယ်ဖြစ်သူ ဗျတ္တကတော့ သထုံကိုလာတိုက်တဲ့၊ ပုဂံစစ်သည်တော်တွေနောက်ပါသွားပြီး၊ ပုဂံ ဘုရင့်နန်းတော်မှာ ပန်းဆက်တာဝန်ကျပါတယ်။ ဒီမှာ ပုပ္ပားတောင်တော်စောင့် ဘီလူးမ မယ်ဝဏနဲ့ညား၊ ရွှေဖျဉ်းညီနောင်တို့ကို မွေးခဲ့တာပါ။
အရွယ်ရောက်တဲ့အခါ အနော်ရထာမင်းစော တရုတ်ပြည် စွယ်တော်အပင့်သွားတော့၊ ကျန်စစ်သားခေါင်းဆောင်တဲ့ သူရဲကောင်းတပ်ဖွဲ့မှာပါသွားခဲ့ပြီး တရုတ်မှ အပြန်တောင်ပြုံးဘက်မှာ တပ်ချစဉ်၊ ဘုရင်ကစစ်ပြန်အောင်ပွဲအနေနဲ့ ''ဆုတောင်းပြည့်၊ ဆုတောင်းရ''ဘုရားတည်စဉ် စစ်သည်တိုင်း အုတ်တစ်ချပ်၊ သဲတစ်ခုပ်ပါကြဖို့ မိန့်တဲ့အမိန့်ကို မနာဘဲ၊ အင်ကျယ်ကျေးရွာဘက်က မိန်းမလှ မရွှေဥနဲ့သွားပျော်နေလို့၊ ဘုရင်ကြီးတည်ပြီးစ ဘုရားဖူးစဉ် အုတ်နှစ်ချပ်လပ်တာ သိသွားတော့၊ ဆုံးမစေရာမှာ လွန်ပြီး သေရှာကြပါတယ်။ ဒါနဲ့ နတ်ညီနောင်ဖြစ်သွားပါလေရော။
အမှတ်ဘယ်လောက်ရရင် ရတနာပုံဆိုက်ဘာစီးတီးမှာ လျှောက်ထားလို့ရနိုင်မလဲ
''နော်ရထာ၊ ရွှေကြိမ်လုံးနဲ့၊ သုံးချက်ဆင့်ရိုက်ကာခေါ်၊ တို့ညီနောင်ဖောင်တော်ဦးမှာ၊ ဒူးတုပ်လျက်ပေါ်။ ဗုံတော်ငယ်ဆောင်၊ မြဲအောင်ကိုင်စွ။ နော်ရထာစံပျော်တဲ့ ရွှေဖောင်တော်မခုန်ရအောင်၊ ဆွဲစို့ညီလှ။''ရှေးနတ်ချင်းထဲက အတိုင်းပါပဲ။ ဘုရင့်ဖောင်တော်ဦးမှာ ကိုယ်ထင်ပြပြီး။ အသနားခံခဲ့တဲ့အခါ၊ အနော်ရထာမင်းစောက ယခုဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားရှိရာ တောင်ပြုံးနယ်တစ်ဝိုက်၊ အပိုင်စားပေးထားလို့ ၊ နှစ်စဉ်ဘုရားပွဲမှာ နတ်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲပူးတွဲကျင်းပကြတာ ဖြစ်ပါတယ်။ ဒီလိုစတင်ကျင်းပရင်းနဲ့ ရိုးရာပွဲတော် အဖြစ် အထူးစည်ကားလာတာပါပဲ။ အဲဒီတောင်ပြုံးနယ်တစ်ဝိုက်မှာ နှစ်စဉ်နတ်တော် လဆန်း ၁ဝ ရက်နေ့တိုင်း နတ်ဆွေမျိုး၊ နတ်ကတော်များက စစ်ချီမင်းနှစ်ပါးအတွက် ရည်စူးပြီး ရိက္ခာများဆက်သကြရပါတယ်။ စစ်ကပြန်လာပြီး ရောက်လာတဲ့ တပေါင်း လဆန်း ၁ဝ ရက်နေ့တိုင်းမှာလည်း ရဲမက်စစ်သည်များအတွက် စားတော်စာများ ဆက်သရတဲ့ ထုံးစံရှိတဲ့အတွက် 'နတ်တော်စစ်ထွက်၊ တပေါင်းစစ်ပြန်' ဆိုစကား ရှိပါတယ်။
နတ်ကန္နားများ၊ ဈေးဆိုင်များကလည်း တစ်နှစ်မှတစ်ခါ ပွဲကြီးလုပ်ရတာဆိုတော့ ဂေါပကအဖွဲ့များထံ စာရင်းပေးကြ။ ပြင်ရေးဆင်ရေးလူရှာရ၊ ငှက်ပျော၊ အုန်း၊ ပန်း စသည့်သွင်းမယ့်ဖောက်သည်ရှာကြ၊ မီးကိစ္စ၊ ရေကိစ္စစီစဉ်ကြ၊ ပွဲကန်ထရိုက်အဖွဲ့ကလည်း အလုပ်စလုပ်ကြရပါတယ်။ ပွဲတော်ကြီးစပြီဆိုရင်တော့ ပွဲရက်က ရှစ်ရက်သာဆိုပေမယ့် အကြိုတို့ အပိတ်၊ အသိမ်းတို့မှာ လူမှမစဲဘဲ။ နယ်ခံတောရပ် ပရိသတ်က ပွဲကိုစောင့် နေတော့၊ ပွဲ၊ ဆပ်ကပ်၊ ချားရဟတ်၊ မျက်လှည့်၊ ကား၊ ဆိုင်ကယ်အအပ်ခံသူတွေ၊ ကလေးပစ္စည်း၊ အမှတ်တရပစ္စည်းရောင်းသူ၊ ဝယ်သူတွေနဲ့ ကြက်ပျံမကျ၊ တိုးမပေါက်၊ ဒီနှစ်လည်း စည်ဦးမှာပါပဲ။ ယခင်နှစ်များကလို ဝါခေါင်လဆန်း (၇)၊ (၈)ရက် မှာစပြီး ၁ဝ ရက်နေ့မှာ နတ်ညီလာခံသဘင်၊ ၁၁ ရက်နေ့မှာ ချိုးရေတော်သုံးပွဲတော်၊ ၁၂ ရက် နေ့မှာ ယုန်ထိုးပွဲ၊ ၁၅ ရက်နေ့ လပြည့်နေ့မှာ ထိန်ခုတ်ပွဲ၊ လပြည့်ကျော် ၁ ရက်နေ့မှာ တော့ ဗုဒ္ဓပူဇနိယဘုရားပွဲအဖြစ် သံဃာတော်များကို ဆွမ်းကြီးလောင်းလှူပွဲတို့ပြုလုပ်ကြတာဘဲဖြစ်ပါတယ်။
မန္တလေးနယ်မှာ အစည်ကားဆုံးနဲ့ အပျော်ပါးဆုံးရိုးရာပွဲတော်ဆိုရင် 'တောင်ပြုံးပွဲတော်ကြီး'ကို လက်ညှိုးထိုးပြကြရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ အစဉ်အဆက်မို့ လာရောက်ပသရတာ၊ အဓိဋ္ဌာန်ထားတာရှိလို့လာတာ၊ နတ်နန်းဆက် ရှိလို့လာတာ၊ စီးပွားရေးကြောင့်လာတာ၊ ကုသိုလ်ပြုချင်တာ၊ ဗဟုသုတရချင်တာ တို့အစ ပျော်ချင်ပါးချင်လို့အဆုံး ရိုးရာမပျက်လာရောက်ကြတာဘဲ ဖြစ်ပါတယ်။
တောင်ပြုံးပွဲတော်ကိုဘယ်ကိစ္စနဲ့ပဲလာလာ၊ မပျော်သူမရှိ၊ ပျော်ကြသူများပင်။ ယခင်နှစ်က တောင်းခဲ့တဲ့ဆုကလည်းပြည့်၊ အခုနှစ်လည်း ထပ်တောင်းထားတာ ပြည့်မှာပါပဲဆိုပြီး တစ်နှစ်လုံး ပျော်ကြသူများပင် ရှိပါတယ်။
ဒါကြောင့်လက်မလွှတ်သင့်တဲ့ပွဲဖြစ်လို့ မရောက်ဖူးသေးရင် တစ်ခေါက်လောက်ဖြစ်ဖြစ်သွားရောက်လေ့လာ ပျော်ပါးကြဖို့ အကြံပြုချင်ပါတယ်။