လူမှုဖူလုံရေး အာမခံစနစ်ဆိုတာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့က ရန်ပုံငွေတွေ စုပေါင်းထည့်ဝင်ပေးသွင်းရတဲ့ အာမခံကြေးတစ်ခုဖြစ်ပြီးတော့ အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားတဲ့ လူမှုရေး အာမခံစနစ်တစ်ခု ဖြစ်ပါတယ်။
အလုပ်သမားတစ်ဦးအနေနဲ့ လူမှုဖူလုံရေး မှတ်ပုံတင်ပြီးတော့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ထည့်ဝင်ကြေး ထည့်သွင်းပြီးပြီဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်တွေ အပါအဝင် မီးဖွားခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း စတာတွေအတွက် အကျိုးခံစားခွင့်နဲ့ ငွေကြေးအကျိုးခံစားခွင့်တွေကို ပြန်လည်ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်အတွက် ဝန်ထမ်းက အခြေခံ လုပ်ခလစာရဲ့ (၂) ရာခိုင်နှုန်း၊ အလုပ်ရှင်က (၂) ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်က လုပ်ငန်းခွင် ထိခိုက်မှု အာမခံစနစ်အတွက် (၁)ရာခိုင်နှုန်း ထပ်မံထည့်ဝင်ရတဲ့အတွက် အလုပ်ရှင်က လစဉ် (၃) ရာခိုင်နှုန်း၊ ဝန်ထမ်းက (၂)ရာခိုင်နှုန်းနဲ့ စုစုပေါင်း (၅) ရာခိုင်နှုန်း ထည့်ဝင်ပေးဆောင်ရပါတယ်။
(၂၀၁၂) ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ …
၁။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
၂။ မိသားစု ထောက်ပံ့မှု အာမခံစနစ်
၃။ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်
၄။ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်
၅။ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်
၆။ အခြားလူမှုဖူလုံရေး အာမခံစနစ် (အိမ်ရာစီမံကိန်းများ)
စသဖြင့် အာမခံစနစ် (၆) မျိုး ရှိပေမယ့် လက်ရှိမှာတော့ (၃) မျိုး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
Covid-19 ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာတော့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌာနက အမိန့်ကြေညာစာတွေ ထုတ်ပြန်ပြီးတော့ ယာယီအလုပ်ရပ်နားထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက အာမခံ အလုပ်သမားတွေအတွက် လုပ်ခလစာရဲ့ (၄၀) ရာခိုင်နှုန်း အကျိုးခံစားခွင့်တွေအပြင် တစ်ခြားအစီအစဉ်တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။