စစ်ကိုင်း
စစ်ကိုင်းသည် ပျူ လူမျိုးများမှ စတင်အခြေတည်ခဲ့သည်ဟု မှတ်တမ်းတင်ကြသည်။ ၉ ရာစုအလွန်တွင် ဗမာလူမျိုးများ ပြောင်းရွေ့ နေထိုင်လာကြပြီး၊ ၁၁ ရာစုအလယ် အနော်ရထာမင်း အုပ်စိုးစဉ် စစ်ကိုင်းဒေသသည် ပုဂံအင်ပါယာအတွင်း ကျရောက်ခဲ့သည်။
စစ်ကိုင်းတွင် ချောင်များ၊ မြောင်များ၊ သီလရှင်ကျောင်းများ ၊ ဘုန်းတော်ကြီးစာသင်ကျောင်းများ ၊ ကမ္မဌာန်းကျောင်းများနှင့် ဘုရားစေတီ ၊ ပုထိုးများ လက်ညှိုးထိုး မလွှဲနိုင်အောင်ရှိသည်။ ရဟန်းသံဃာ ၁၀၀၀၀ ကျော်နှင့် သီလရှင်ပေါင်း ၆၀၀ ကျော် တရားရှာမှီးရာ မြို့တစ်မြို့ဖြစ်သည်။ စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာအကွာ ( ၁၂မိုင် ) အကွာတွင်ရှိ၍ ကုန်းလမ်းမှလည်းကောင်း ၊ ဧရာဝတီမြစ်ကို ဖြတ်၍ ရေလမ်းမှလည်းကောင်း သွားရောက်လည်ပတ်နိုင်သည်။ စစ်ကိုင်းတောင်ကို အစွဲပြု၍ စစ်ကိုင်းဟုခေါ်ဆိုခြင်းဖြစ်သည်။
စစ်ကိုင်းတောင်
စစ်ကိုင်းတောင်သည် (၂၄၀ မီတာ/၇၈၇ ပေ ) အမြင့်ရှိပြီး ၊ အဆင့်ပေါင်း ၃၇ ဆင့် ရှိသောတောင် ဖြစ်သည်။ တောင်တန်းများပေါ်တွင် ၊ တောင်တက်လမ်းတစ်လျှောက်တွင် ဘုရားများ ၊ ဘုန်းကြီးကျောင်းများ နှင့် ရွာများအားတွေ့နိုင်သည်။ တောင်ခြေတွင် ဈေးဆိုင်များ၊ ဘုန်းကြီးကျောင်းများနှင့် တက္ကသိုလ်များရှိသည်။
ဆွမ်းဦးပုညရှင်
ဆွမ်းဦးပုညရှင် ဘုရားအား စစ်ကိုင်းတောင်ရိုးရှိ တောင်ဘက်ဆုံးအပိုင်းရှိ တောင်စွန်းတစ်ခုဖြစ်သော ငဖားတောင်ပေါ်တွင် တည်ထားသည်။ ၁၃၀၀ ခုနှစ်အစောပိုင်း ကာလတွင် ပုညရှင်ဝန်မင်း တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်း ဘုရားတစ်ဆူဖြစ်ပါသည်။ တောင်တက်သွားလာလိုသူများအနေဖြင့် ပုံမှန်လမ်းမှ ၂ နာရီကြာနှင့် ဖြတ်လမ်းမှ (၁)နာရီကြာဖြင့် တက်ရောက်နိုင်သည်။ ဧရာဝတီမြစ်၏ အလှအပများ၊ တောင်အောက်ရှူ့ခင်းများ၊ မန္တလေးမြို့၏ မြင်ကွင်းများအားတောင်ပေါ်မှ လှပစွာ မြင်တွေ့နိုင်သည်။ ဆွမ်းဦးပုညရှင် ဘုရားသည် ဘုရားဖူးလာသူများ၊ ဈေးသည်များ ဖြင့် အမြဲမပြတ် စည်ကားလျက်ရှိသည်။
ဥမင်သုံးဆယ်
ဥမင်သုံးဆယ်အား ဘုရားသုံးဆူဟုလည်း သိရှိကြသည်။ တရားထိုင်နိုင်သော နေရာပေါင်းသုံးဆယ်ရှိ၍၊ ရွှေချထားသော ဘုရားရုပ်ပွားတော် ၄၅ ဆူအားတွေ့မြင်နိုင်သည်။ သက္ကရာဇ် ၆၅၀ မှ ၁၀၀၀ အတွင်း ထုလုပ်ခဲ့သော ရှေးဟောင်း ရုပ်ပွားတော်များ ဖြစ်သည်။ ဥမင်တစ်လျှောက် ဗုဒ္ဓဝင် နံရံဆေးရေးပန်းချီများအားတွေ့နိုင်သည်။
သီတဂူ
ကောင်းမှုတော် ဘုရား
ထူးခြားသော သားမြတ်ပုံသဏ္ဍန်ရှိသည့် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို ၁၆၃၆ ခုနှစ်တွင် သာလွန်မင်းတရားကြီးမှ တည်ထားခဲ့သည်။ ဘုရားကြီးမှာ ၄၆ မီတာအမြင့် ၊ ၂၇၄ မီတာလုံးပတ်ရှိသည်။ ဥာဏ်တော် ၂၄ ပေမြင့်သော စကျင်ကျောက်ဖြူ ဗုဒ္ဓရုပ်ပွားတော်ကြီး စံတော်မူရာဘုရားကြီးဖြစ်သည်။ ကောင်းမှုတော် ဘုရားရင်ပြင်တွင် သနပ်ခါးအရောင်းဆိုင်များ၊ ရိုးရာထည် အရောင်းဆိုင်များနှင့် မုန့်ဈေးတန်းများရှိသည်။
သပြေတန်းခံတပ်သည် အင်ဝတံတားအနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိ၍ ကုန်းဘောင်ခေတ်တွင် မင်းတုန်းမင်းတရားကြီးမှ ဆောက်လုပ်ခဲ့သည်။ ကင်းဝန်မင်းတရားကြီးအား ကြီးမှုး၍ ဆောက်လုပ်စေခဲ့သည်။ စက်ဝိုင်းခြမ်းပုံ သဏ္ဍန်ရှိ၍ တောင် မြောက် ၂၄၀ မိုင် ၊ အရှေ့အနောက် ၃၂၀ မိုင် ကျယ်ဝန်းသည်။ ဝင်ပေါက်များအားအနောက်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းတို့တွင် တွေ့နိုင်သည်။