တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲပြီးရင် အစည်ကားဆုံးလို့ဆိုနိုင်တဲ့ ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ဒီနှစ်မှာ (၁၅) ကြိမ်မြောက်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မီးပုံးပျံပွဲတော်မှာ ပြိုင်ပွဲအမျိုးအစားတွေ ထပ်တိုးထားတာမို့ မနှစ်ကထက် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးရေ ပိုမိုများပြားကာ ပွဲတော်ပိုစည်ကားနိုင်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးကျော်ဌေးကိုက ပြောပါတယ်။
Read More>>> နန်းမူနန်းဟန်နဲ့ မရိုးရအောင်လှတဲ့ ရွှေမန္တလေးမြို့
"အဓိက ပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ ညမီးကျည်ပြိုင်ပွဲမှာ အကြီးတန်းနဲ့ အငယ်တန်းဆိုပြီး နှစ်တန်းခွဲခြား ယှဉ်ပြိုင်စေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကထက် မီးပုံးပျံအလုံးရေ ပိုများနိုင်ပါတယ်။ လက်ရှိမှာ ညမီးကျည် မီးပုံးပျံအလုံးရေ ၁၅ လုံးပြိုင်ဖို့ စာရင်းပေးထားတယ်။ နိုဝင်ဘာ ၁ ရက်အထိ စာရင်းလက်ခံသွားမှာပါ။ မနှစ်က ညမီးကျည်ပြိုင်ပွဲတစ်မျိုးတည်းမှာ အလုံးရေ ၁၀ လုံးလောက်ပဲ ပြိုင်ခဲ့ပါတယ်"လို့ ဦးကျော်ဌေးကိုက ပြောပါတယ်။
ညမီးကျည် မီးပုံးပျံအငယ်တန်းပြိုင်ပွဲအတွက် ယမ်းပိဿာချိန် အများဆုံး ၂၀ အထိ၊ အကြီးတန်း ပြိုင်ပွဲအတွက် ယမ်းပိဿာချိန် အများဆုံး ၄၀ အထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒီလို နှစ်တန်းခွဲလိုက်တဲ့အတွက် အရင်က ယမ်းပိဿာချိန်များများနဲ့ မလုပ်နိုင်ခဲ့သူတွေက ဒီနှစ်မှာ အငယ်တန်းမှာ ဝင်ပြိုင်လာနိုင်တာကြောင့် ပြိုင်ပွဲဝင် ပိုများပြီး ပွဲက ပိုကြည့်ကောင်းနိုင်တယ်လို့ ပြိုင်ပွဲဝင်မယ့်သူတွေက သုံးသပ်ကြပါတယ်။
Read More>>> မန္တလေးသို့ အလည်အပတ်သွားမယ်ဆိုရင် လက်လွှတ်မခံသင့်တဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခု
"ဒီပြိုင်ပွဲအတွက် သြဂုတ်လကတည်းက ပြင်ဆင်နေတာပါ။ အခုပြိုင်ဖို့ အဆင်သင့်လောက်ဖြစ်နေပါပြီ။ ညမီးကျည်တစ်လုံး၊ စိန်နားပန်တစ်လုံး ဝင်ပြိုင်မယ်။ ဒီနှစ်ပွဲက စည်ကားနိုင်တယ်ဗျ။ ကျွန်တော်သိရသလောက် စိန်နားပန် မီးပုံးပျံပြိုင်ပွဲဝင်မယ့် မီးပုံးပျံအလုံးရေကလည်း ၁၂ လုံးလောက် ရှိနေပြီ။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကဆိုရင် မြို့ထဲမှာ ယာဉ်ကြောတွေ တော်တော်ပိတ်သွားတာ။ မီးပုံးပျံ ပွဲတော်ကိုဧည့်သည်တွေ လာလည်စေချင်ပါတယ်"လို့ မနှစ်က စိန်နားပန်မီးပုံးပျံပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့ ပြင်ဦးလွင်မြို့ခံ ကိုသူရက ပြောပါတယ်။
ပွဲတော်မှာ ညမီးကျည်၊ စိန်နားပန်၊ နေ့အရုပ်အလှ မီးပုံးပျံပြိုင်ပွဲတွေ ပါဝင်ပြီး မနှစ်က အလုံးရေပေါင်း ၉၀ လောက်ပါခဲ့ပေမဲ့ ဒီနှစ်မှာ စာရင်းအတိအကျ မပြောနိုင်သေးပါဘူး။ မီးပုံးပျံပြုလုပ်ရာမှာ ကုန်ကျစရိတ် အများဆုံးဖြစ်ပြီး ကြည့်ရှုသူတွေ မျက်စိပသာဒ အကောင်းဆုံးဖြစ်ကြရတဲ့ ညမီးကျည် မီးပုံးပျံတစ်လုံးအတွက် ကုန်ကျစရိတ်ဟာ ကျပ် ၂၅ သိန်းကနေ ကျပ်သိန်း ၆၀ လောက်အထိရှိကာ ဖျော်ဖြေရေးအတွက်ပါ ထည့်တွက်ရင် ကျပ်သိန်း ၁၀ဝ လောက်အထိ ကုန်ကျတဲ့ ပြိုင်ပွဲဝင်အဖွဲ့တွေလည်း ရှိပါတယ်။
Read More>>> မန္တလေးရောက်ရင် မဖြစ်မနေဝင်စားသင့်တဲ့ မြန်မာထမင်းဆိုင် (၁၁) ဆိုင်
ပြိုင်ပွဲဝင်တွေအတွက် ဆုကြေးကိုလည်း မနှစ်ကထက် မနည်းတဲ့နှုန်းထား ပေးသွားမယ်လို့ ဆိုပါတယ်။ ငွေကြေးအများဆုံး အသုံးပြု ယှဉ်ပြိုင်ရတဲ့ ညမီးကျည်မီးပုံးပျံပြိုင်ပွဲမှာ မနှစ်က ဆုကြေးအဖြစ် ပထမ ကျပ် ၅၅ သိန်း၊ ဒုတိယ ကျပ်သိန်း ၄၀၊ တတိယ ကျပ်သိန်း ၃၀ ပေးခဲ့ပြီး စိန်နားပန်ပြိုင်ပွဲမှာ ပထမ ကျပ်သိန်း၂၀၊ ဒုတိယ ကျပ် ၁၅ သိန်း၊ တတိယ ကျပ် ၁၀ သိန်းပေးခဲ့ပါတယ်။
Nilar Myot Win