Business Live-Style

NEP စီမံကိန်းအရ လာမည့် (၂၀၃၀) ခုနှစ်တွင် ရန်ကုန်၊မန္တလေးအပြင် အိမ်ထောင်စု (၇)သန်း လျှပ်စစ်မီး ရမည်

Read 284 times

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) အရ လာမည့် (၂၀၃၀) တွင် အိမ်ထောင်စု (၇) သန်း နှင့် လူဦးရေ (၃၆) သန်း လျှပ်စစ်မီး ရရှိမည် ဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူ လူဦးရေ၏ ၄၅ % ခန့်သာ ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ပြီး ကျေးလက်နေ အိမ်ထောင်စုများ၏ ၅၀ % မှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိသေးပေ။ လျှပ်စစ်စွမ်းအား မရရှိခြင်းသည် ကျေးလက်နေ ပြည်သူများ၏

  • ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု၊
  • ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၊
  • စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊
  • ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်
  • ကြီးမား ကျယ်ပြန့်သော အလုပ်အကိုင်ဖန်တီး နိုင်မှု

စသည်တို့ကို နှောင့်နှေး ကြံ့ကြာစေသော အဓိက အကြောင်းအရင်းများ ဖြစ်ပါသည်။

တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားကို ပေးနေသော အဓိက စက်ရုံကြီးများ ဖြစ်ကြသည့် ရဲနွယ်၊ ကင်းတား၊ မုန်းချောင်း၊ သဖန်းဆိပ်နှင့် ဇောင်းတူစက်ရုံတို့၏ စက်လည်ပတ် မောင်းနှင်မှု သက်တမ်းသည် အနည်းဆုံး (၁၃) နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သောကြောင့် စက်အရည်အသွေးမှာ ကျဆင်းပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပေသည်။

ထို့ကြောင့် ထိုစက်ရုံ (၅) ရုံအား AFD ချေးငွေဖြင့် အလုံးစုံ ပြုပြင်မွမ်းမံခြင်း၊ အကြီးစား ပြုပြင်မွမ်းမံခြင်း ပြုလုပ်ရခြင်း ဖြစ်ပြီး ထိုစီမံကိန်း ပြီးစီးသည့် အခါတွင် ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်သည့် ကီလိုဝပ် နာရီသန်းပေါင်းကို အပြည့်အဝ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

စက်ရုံ (၅) ရုံ၏ တည်နေရာများမှာ

ကျောက်တံခါး, ပဲခူးတိုင်းဒေသကြီး
မြစ်သား, မန္တလေးတိုင်းဒေသကြီး
ကျွန်းလှ, စစ်ကိုင်းတိုင်းဒေသကြီး
ပဲခူး, ပဲခူးတိုင်းဒေသကြီး
စေတုတ္တရာ, မကွေးတိုင်းဒေသကြီး
စသည်တို့ ဖြစ်ပြီး စက်ရုံများ ပြင်ဆင်ပြီးစီးပါက ရန်ကုန်နှင့် မန္တလေး အပါအဝင် တစ်နိုင်ငံလုံး၏ (၁၀)% လျှပ်စစ်မီး ထပ်မံ ရှိနိုင်မည် ဖြစ်သည်။

ဤစီမံကိန်းအပြီးတွင် နိုင်ငံတော်၏ ဓာတ်အား စနစ်အတွင်းသို့ စဉ်ဆက်မပြတ် သက်တမ်းရှည်ကြာစွာ ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဒေသအသီးသီးရှိ စီးပွားရေး လုပ်ငန်းအမျိုးမျိုး ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ အခွင့်အလမ်းများ တိုးတက်ရရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာနိုင်မှုကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ 

Bookmark