ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ စိုက်ပျိုးသီးနှံ ထုတ်လုပ်ရေးကဏ္ဍက အဓိက အရေးပါလျက်ရှိပြီး နေ့စဉ်စားသုံးမှုအတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး ကောင်းမွန်ပြီး အာဟာရ တန်ဖိုးမြင့်မားရေး၊ ပြည်တွင်းဖူလုံစွာ စားသုံးနိုင်ရေးနှင့် နိုင်ငံခြား စျေးကွက်သို့ အဆင့်အတန်းမီ တင်ပို့နိုင်ရေးတို့အတွက် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို စတင်တည်ဆောက်နေပြီလို့ သိရပါတယ်။
ဇန်နဝါရီလ (၂၀)ရက်နေ့က စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦးပန္နက်တင် အခမ်းအနားကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညစျေးအနီးရှိ သတ်မှတ်မြေနေရာမှာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားအ ပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
နေ့စဉ်စားသုံးမှုအတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး ကောင်းမွန်ပြီး အာဟာရ တန်ဖိုးမြင့်မားရေး၊ ပြည်တွင်းဖူလုံစွာ စားသုံးနိုင်ရေးနှင့် နိုင်ငံခြား စျေးကွက်သို့ အဆင့်အတန်းမီ တင်ပို့နိုင်ရေးတို့အတွက် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနက အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန တည်ဆောက်ခြင်း စီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံရဲ့ အကူအညီဖြင့် အမေရိကန် ဒေါ်လာ (၈.၃၇) သန်းအသုံးပြုကာ (၂၀၁၈) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို စိုက်ပျိုး ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို တည်ဆောက်မှာ ဖြစ်ပြီး ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နယ်တို့မှာလည်း စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေးဌာန ကိုတည်ဆောက်သွားဖို့ စီမံကိန်းများ ရှိနေပါတယ်။
စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန စီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများအတွက် စိုက်ပျိုးထွက်ကုန်တွေရဲ့ ဈေးကွက် သတင်းအချက်အလက်တွေကို ရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ထုတ်ကုန် စံချိန်စံညွှန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်မှာဖြစ်ပြီး စားသုံးသူများအနေဖြင့် အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေး ထွက်ကုန်များကို လက်လမ်းမီ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဈေးကွက်ဌာနများမှတစ်ဆင့် ဈေးကွက်သတင်း အချက်အလက်ပံ့ပိုးခြင်း၊ ထုတ်လုပ်သူ တောင်သူ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေခြင်း၊ ထုတ်ကုန်များ စံချိန်စံညွှန်းနှင့် ပြည့်မီလာစေခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ခြင်းတို့အပြင် အအေးခန်း သိုလှောင်နိုင်ခြင်းကဲ့သို့ အခြေခံအဆောက်အဦးဆိုင်ရာ လုပ်ငန်းများ ပိုမိုအားဖြည့်ပေး နိုင်ခြင်း တို့ကြောင့် ပိုမိုယုံကြည်စိတ်ချရသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စနစ်များ ဖွံ့ဖြိုးလာစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ရဲ့ မျှော်မှန်းရလဒ်များ ရရှိနိုင်ရန်အတွက် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။