About Mandalay

မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခုက ဘယ်လို ဖြစ်တည်လာသလဲ

Read 2400 times

၁။ မန္တလေးတောင် ( Mandalay Hill )


မန္တလေးတောင်ဟာ မန္တလေးမြို့ရဲ့ အရှေ့မြောက်ထောင့်မှာ တည်ရှိပြီး တောင်ခြေမှာ ဘုရားစေတီပုထိုး များစွာရှိတာကြောင့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားဖွယ်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ အမြင့် ၇၇၆ပေ ရှိပြီး လာရောက်ဖူးမျှော်သူတွေအနေနဲ့ မြို့ရဲ့အလှကို အထက်စီးမှ လှမ်းမျှော် ကြည့်ရှုနိုင်ပါတယ်။ တောင်ပေါ်ကို ခြေလျင်ဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း တက်နိုင်ပြီး တောင်ထိပ်ထိ တက်နိုင်ဖို့အတွက် ဓာတ်လှေကား၊ စက်လှေကားတွေလည်း တပ်ဆင်ပေးထားပါတယ်။

place_01.jpg


၂။ မြနန်းစံကျော် ရွှေနန်းတော် ( Mandalay Palace )


မင်းတုန်းမင်းကြီးက ၁၈၅၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြို့သစ်နဲ့အတူ နန်းတော်ကိုပါ တပါတည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နန်းတော်ကို မြို့ရိုးနဲ့ ကျုံးတို့က ဝန်းရံထားပါတယ်။ မြနန်းစံကျော် ရွှေနန်းတော်မှာ အဆောင်ပေါင်း ( ၁၁၄ ) ဆောင်ရှိပြီး အထင်းရှားဆုံးကတော့ မှန်နန်းဆောင် ( ဗဟိုနန်းဆောင် ) ဖြစ်ပါတယ်။

place_02.jpg

၃။ ဦးပိန်တံတား ( U Bein Bridge )


ဦးပိန်တံတားဟာ ၁.၂ ကီလိုမီတာ ရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး ကျွန်းသားတံတား ဖြစ်ပါတယ်။ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဦးပိန်တံတား ခေါ် တောင်သမန် တံတားကို ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ဝန် ဦးဘိုင်ဆပ်နဲ့ မြို့စာရေးမောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ်။

place_03.jpg

၎။ မဟာမြတ်မုနိဘုရား ( Mahar Myat Muni Pagoda )


မန္တလေးမဟာမုနိဘုရားကို မဟာမြတ်မုနိ၊ ဘုရားကြီး၊ ရခိုင်ဘုရားကြီး ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ မဟာမုနိရုပ်ရှင်တော်ကြီးရဲ့ ဘွဲ့အမည်မှာ မဟာမုနိဖြစ်ပြီး မဟာမြတ်မုနိ မဟုတ်ပါ။ အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက်၊ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ ဦးပေါ်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆာင်မုန်းလမှာ ရခိုင်ပြည်ကို ချီစေပြီးနောက် လုပ်ကြံသိမ်းပိုက်ရာမှ အမရပူရ ရွှေမြို့တော်ကို ပင့်ဆောင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

Maha-Myat-Muni-Pagoda-Mandalay-Myanmar.jpg

၅။ မင်းကွန်းပုထိုးတော်ကြီး ( Mingun Pahtodawgyi )


ဘိုးတော်ဘုရား နန်းတက်ပြီး ၉ နှစ်အကြာ ခရစ်နှစ် ၁၇၉၀ ခုနှစ်မှာ မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်မှာ ဘိုးတော်ဘုရား နတ်ရွာစံခဲ့တာကြောင့် ဘုရားကြီးမှာ အပြီးမသတ်နိုင် ဖြစ်ခဲ့ရပါတယ်။ အကယ်၍ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့မယ် ဆိုပါက မင်းကွန်းပုထိုးတော်ကြီးဟာ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်နေမှာပါ။

mingun-mandalay.jpg


၆။ စန္ဒမုနိဘုရား ( Sandamuni )


မြန်မာသက္ကရာဇ် ၁၁၆၄ ခုနှစ်မှာ ဘိုးတော်ဘုရားက မင်းကွန်းစေတီတော် တည်နေချိန် မင်းကွန်းအလယ်ကျွန်းမှာ သွန်းလုပ်ခဲ့ပါတယ်။ သံချိန် ( ၁၁၃၆၈ ) ပိဿာ ရှိပါတယ်။ လဝန်းကဲ့သို့ အသရေတော်ရှိတာကြောင့် စန္ဒာမုနိလို့ အမည်တွင်စေခဲ့ပါတယ်။

sanda_muni.jpg

၇။ ကုသိုလ်တော်ဘုရား ( Kuthodaw Pagoda )


ကုသိုလ်တော်ဘုရားကို မြန်မာသက္ကရာဇ် ၁၂၂၄ ဝါဆိုလမှာ မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့ပြီး ဘွဲ့အမည်မှာ မဟာလောက မာရဇိန် ဖြစ်ပါတယ်။
မန္တလေးတောင်ရဲ့ အရှေ့တောင်ဖက်မှာ တည်ရှိပါတယ်။ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိနေပြီ ဖြစ်ပြီး ကုသိုလ်တော်ဘုရားဝင်းအတွင်းက ကျောက်စာတွေဟာ ကုလသမဂ္ဂယူနက်စကိုအဖွဲ့က အသိအမှတ် ပြုတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့ပါတယ်။

 

kuthodaw-pagoda-46.jpg

 

၈။ ကျောက်တော်ကြီးဘုရား ( Kyaut Taw Gyi Pagoda )


မင်းတုန်းမင်းက မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်မှာ မတ္တရာမြို့၊ စကျင်တောင်က ရရှိတဲ့ တစ်လုံးတည်းသော စကျင်ကျောက်ကြီးနဲ့ ထုဆစ်ခဲ့တာ ဖြစ်ပါတယ်။
ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးကို သယ်ဆောင်ကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ ရေးဆွဲပြီး မဟာသကျ မာရဇိန်လို့ ကမ္ပည်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဉာဏ်တော်အမြင့် ၂၆ ပေ ၆ လက်မ ရှိပါတယ်။

kyauk.jpg

၉။ အတုမရှိကျောင်းတော် ( Atumashi Kyaung )


မင်းတုန်းမင်းကြီးက နေပြည်တော်ကို မန္တလေးမြို့ကို့ ရွေ့ပြီး နှစ်နှစ်အကြာ ၁၈၅၇ ခုနှစ်မှာ ရူပီးငွေ ၅ သိန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ မဟာအတုလဝေယန် ကျောင်းတော်ကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။ ၁၈၉၀ ခုနှစ် မန္တလေးမြို့ မီးလောင်စဉ်က ကျောင်းဆောင်တစ်ခုလုံး မီးခခဲ့ရပြီး ဉာဏ်တ်ာအမြင့် ၃၀ ပေရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီးလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနကနေ အကျဉ်းသားလုပ်သားတွေနဲ့ မူလအတိုင်း ပြန်လည် ဆောက်လုပ်ခဲ့ကြပါတယ်။ 

Atumashi_Mandalay_5865.jpg


၁၀။ ရွှေကျောင်း ( Golden Palace Monastery )


ရွှေကျောင်းလို့ လူသိများတဲ့ ရွှေနန်းတော်ကျောင်းဟာ နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီး ကုန်းဘောင်ခေတ် ၁၉ ရာစု မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီး ဖြစ်ပါတယ်။
၁၈၇၈ ခုနှစ်မှာ မင်းတုန်းမင်း နတ်ရွာစံပြီး သားတော်သီပေါမင်းက ဖခင်မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်နဲ့ စနုဆောင်ကို ဖြုတ်သိမ်းကာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့ပါတယ်။

shwe.jpg

ဝင်ကြေးကောက်ခံပြီးနောက် မဟာမုနိဘုရားကြီးသို့ နိုင်ငံခြားသား ဘယ်လောက်များများဝင်ရောက်နေလဲ

 

Bookmark