မန္တလေးသူ/သားတွေ အပြင် နိုင်ငံခြားသားခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်မယ့် ဦးပိန်တံတားနားက နောက်ထပ်လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ "စက္ကူပန်းနန်းတော်" ကို စက္ကူပန်း မျိုးစိတ် (၇၀) ကျော်၊ အရောင် (၃၀) ကျော် နဲ့ ပန်းပင်ပေါင်း (၁) သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် ဖန်တီးပုံဖော်ထားပါတယ်။
စက္ကူပန်းနန်းတော်က အမရပူရမြို့၊ တောင်သမန်အင်းဘေး၊ ဦးပိန်တံတားနား၊ ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ တည်ရှိပြီး စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာ အသေချာပါပဲ။
"စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း အဲ့ဒီခံစားချက်ကို ရရှိအောင် အဲ့ဒီရည်ရွယ်ချက်နဲ့ ဒီပန်းခြံကို လုပ်တာပါ" လို့ စက္ကူပန်းနန်းတော် ပန်းခြံ မန်နေဂျာ ဦးစိုးဝင်းအောင်ရဲ့ ပြောကြားချက် အရသိရပါတယ်။
ဒီစက္ကူပန်းနန်းတော်ကို (၂၀၂၀) သင်္ကြန်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမယ့် မတ်လအကုန်ပိုင်းလောက်မှာ ကိုဗစ်ရောဂါစတင်ဝင်ရောက်လာတဲ့အတွက် အသွားအလာတွေကန့်သတ်ထားတာကြောင့် မဖွင့်လှစ်ရသေးတာဖြစ်ပါတယ်။
"နောက်ပိုင်း ကိုဗစ်ကာလအပြီးမှာ ခရီးသွားလုပ်ငန်းတွေပြန်ဖွင့်ခွင့်ရပြီး အသွားအလာနဲ့ အနားယူတဲ့ နေရာတွေကို လည်ပတ်ခွင့်ပြုပြီဆိုရင်တော့ အစိုးရထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်သွားမှာပါ" လို့ ဦးစိုးဝင်းအောင်က ပြောကြားခဲ့ပါတယ်။
ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် အဓိကအချက်တွေအနေနဲ့ စက္ကူပန်းနန်းတော်ကနေ ဦးပိန်တံတားအလှကို ကြည့်ရှုခံစားနိုင်ခြင်း၊ စစ်ကိုင်းတောင် အလှနဲ့ တောင်သမန်ရဲ့ အလှတွေ ၊ ပတ်ဝန်းကျင်က စေတီပုထိုးတွေနဲ့ ရှုခင်းတွေနဲ့ အရောင်အသွေးစုံတဲ့ စက္ကူပန်းအလှတွေ၊ ပန်းပင်မျိုးစုံရဲ့ အလှကို ခံစားရခြင်း စတာတွေကို သေချာကြည့်ရှု ခံစားမြင်တွေ့ရမှာ ဖြစ်ပါတယ်။