Mandalay Trend Live-Style Travel

ထူးခြားအံ့ဖွယ် သမိုင်းလက်ရာတွေ လွှမ်းခြုံနေတဲ့ မန္တလေးမြို့ရဲ့ ကျောင်း (၁၄)ကျောင်း

Read 3115 times

မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ သမိုင်းကြောင်းစဉ်လာတွေနဲ့ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေ လွှမ်းခြုံနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် ခေတ်အဆက်ဆက် ဘုရင်များ တည်ဆောက် လှူဒါန်းထားတဲ့ ဘုရားကျောင်းကန်တွေ၊ ဗိသုကာလက်ရာတွေ စုစည်းတည်ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ 

သမိုင်းအစဉ်အလာ ကြီးမားခြင်းကို သက်သေပြနေတဲ့ မန္တလာမြေမှာတော့ ရှေးယခင်က ရှင်ဘုရင်တွေ တည်ဆောက်ထားတဲ့ လက်ရာမြောက် ကျောင်းကြီး (၁၄)ကျောင်းလည်း တည်ရှိပါတယ်။ ကျောင်း (၁၄)ကျောင်းရဲ့ သမိုင်း အကျဉ်းချူပ်တွေကိုလည်း ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ 

(၁) ပြည်ကျောင်းတိုက် 

မဟာအတုလွတ် ဘုံစံပြည်ကျောင်းတိုက်လို့ ခေါ်တွင်တဲ့ ပြည်ကျောင်းတိုက်ကြီးက ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရပ်ကွက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၊ တံခွန်တိုင်မီးပွိုင့် အနီးနားမှာ တည်ရှိပြီးတော့ မန္တလေးမြို့ရဲ့ မူလအတိုင်းတည်ရှိနေတဲ့ သစ်သား ကျောင်းဆောင်တွေထဲ အစောဆုံး ဖြစ်ပါတယ်။

ပြည်ကျောင်းတိုက်ကြီးကို သက္ကရာဇ် (၁၂၀၁) ခုနှစ်မှာ သာယာဝတီ (ခေါ်) ရွှေဘိုမင်းနဲ့ အလယ်နန်း မိဖုရားကြီးရဲ့ သားတော် ပြည်မင်းသား (ပြည်မြို့စား)က ရွှေတောင်ဆရာတော်ကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ကျောင်းတိုက်ကြီးကို အမရပူရခေတ်လက်ရာ ပန်းပုအမွန်းများနဲ့ ခြယ်မှုန်းထားပါတယ်။ ကျောင်းရဲ့ တံခါးမကြီးမှာတော့ ပတ်တာအသုံးပြုခြင်းမရှိဘဲ ရှေးမူရှေးဟန်အတိုင်း ပြုလုပ်ထားပါတယ်။ တံခါးပေါက်များမှာ ထူးခြားတဲ့ နတ်ရုပ်၊ သိကြားရုပ်၊ ပန်းပုရုပ် လုံးရုပ်ကြွများကို တွေ့မြင်နိုင်ပါတယ်။ 

ဘုရားဆောင်ခန်းထဲမှာတော့ ရှေးဟောင်းဘုရားဆင်းတုများ၊ စာတိုက်ဗီရိုများ၊ ပေစာထုတ်များ၊ အမရပူရခေတ် မှန်စီရွှေချလက်ရာများ၊ မီးအိမ်၊ မီးဆိုင်း၊ တိုင်ဖုံးပန်းဆွဲများနဲ့ တိုင်ခြေမှာ ဇာတ်တော်ပန်းပုရုပ်များ စတာတွေ တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ 

(၂) ရွှေအင်ပင်ကျောင်း 

ရွှေအင်ပင်ကျောင်းတိုက်ကတော့ မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်း၊ ၃၇ × ၃၈ လမ်းကြားမှာ တည်ရှိတာပါ။ ကျောင်းကို တည်ဆောက်ခဲ့တဲ့ သူတွေကတော့ တော်ဝင်မျိုးနွယ်၊ ပုဂံမင်းမိဖုရားဖြစ်တဲ့ ရမည်းသင်းမိဖုရားရဲ့ တူမအရင်း ဒေါ်ဘွားနဲ့ ခင်ပွန်းတရုတ်သူဌေး ဦးစက်ရွှင်တို့ပဲ ဖြစ်ပါတယ်။

ဒီကျောင်းကြီးကိုတော့ သီပေါမင်းပါတော်မူပြီး (၁၀) နှစ်အကြာ (၁၈၉၅) ခုနှစ်မှာ ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်း (၁၂၀)ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရွှေအင်ပင်ကျောင်းကြီးကိုတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်က စတင်ပြီး ကျောင်းအတွင်း လူတွေဝင်ရောက် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ 

ကျောင်းတိုက်ကြီးကို သရက်ကင်းလှေကား ရှစ်စင်းအပါအဝင် ဘောဂဆောင်၊ စနုဆောင်၊ ဇေတဝန်ဆောင်၊ ပြဿဒ်ဆောင် စတဲ့ အဆောင်တွေနဲ့ တခမ်းတနား ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီကျောင်းကြီးဟာ မန္တလေးရဲ့ စစ်ဘေးဒဏ်လွတ် ကျောင်းတွေထဲမှာ ပါဝင်ခဲ့တာမို့ မူလလက်ရာစစ်စစ်တွေကို လေ့လာရမယ့် ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။

(၃) အက္ကပတ်မြင်းဝန်အုတ်ကျောင်း

ရဲတိုက်ကြီးပုံစံ ဆင်ဆင်တူတဲ့ အက္ကပတ်မြင်းဝန်အုတ်ကျောင်းကိုတော့ မန္တလေးမြို့ (၈၆) လမ်း၊ ၁၈ × ၁၉ လမ်းကြား၊ ညောင်ပင်စျေးအနီး မဟာဒီပဲရင်းတိုက်ထဲမှာ တွေ့မြင်နိုင်ပြီး ရတနာပုံခေတ်ရဲ့ လက်ရာကျောင်းဆောင်ကြီးပဲ ဖြစ်ပါတယ်။ 

ဒီအုတ်ကျောင်းကြီးကို (၁၈၈၃) ခုနှစ်မှာ ပင်လယ်မြို့စား အက္ကပတ်မြင်းဝန်က ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး မဟာဒီပဲရင်းကျောင်းလို့လည်း ခေါ်တွင်ပါသေးတယ်။ ရဲတိုက်ကြီးနဲ့တူတဲ့ အဆောက်အဦက အရှေ့ဘက် မျက်နှာစာဖြစ်ပြီး ထုထည်ကြီးမားတဲ့ နှစ်ထပ်အုတ်တိုက်ကြီး (၃)ခုနဲ့ မြောက်ဘက်၊ အနောက်ဘက်၊ တောင်ဘက်တို့မှာ တွဲလျက် တည်ဆောက်ထားပါတယ်။

ကျောင်းတိုက်ကြီးရဲ့ အရှေ့မျက်နှာစာ ဝင်ပေါက်မှာတော့ ဘုရားခန်းဆောင်တစ်ခုကို တွေ့မြင်နိုင်သလို အနောက်ဘက်ခြမ်းမှာတော့ အမိုးအကာမဲ့နေတဲ့ အုတ်တိုက်ဟောင်းကြီးတွေကို ကြည့်ခြင်းအားဖြင့် အဲဒီခေတ် အဲဒီအခါက သိပ်ကိုကြီးမားလွန်းတဲ့ ရှေးမြန်မာဘုန်းကြီး ကျောင်းတစ်ကျောင်းဖြစ်မှာ အသေအချာပါပဲ။

ကျောင်းတိုက်ကြီးဟာ ဒုတိယကမ္ဘာစစ်မှာ ဗုံးဒဏ်သင့်လို့ ပျက်စီးခဲ့ရပေမယ့် ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းအချို့ကတော့ မန္တလာမြေရဲ့ အဖိုးတန် အဆောက်အဦအဖြစ် သက်သေပြနေဆဲ ဖြစ်ပါတယ်။ 

(၄) ရမည်းသင်းကျောင်း

ဒီကျောင်းကြီးရဲ့ သမိုင်းကြောင်းအရတော့ အမရပူရနန်းတော်ကို ရတနာပုံ နေပြည်တော်ဆီ ပြောင်းရွှေ့တဲ့အခါ နန်းတော်ရဲ့ အစိတ်အပိုင်းအချို့ကို ဘုန်းကြီးကျောင်းအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။ 

ဒါကြောင့် ရမည်းသင်းကျောင်းကြီးမှာ ရှေးဘုရင်တွေရဲ့ ခမ်းနားတဲ့နန်းတော် အငွေ့အသက်တွေကို သာမန်ကျောင်းများထက်ပိုပြီး တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ ဒီကျောင်းကိုတော့ မန္တလေးမြို့ (၆၂) လမ်း၊ ၂၃×၂၄ လမ်းကြား၊ မဟာဝိသုဒ္ဒါရာမ တိုက်ဝန်းထဲမှာ တွေ့မြင်နိုင်ပါတယ်။

ရတနာပုံခေတ်ရာ သစ်သားကျောင်းဆောင်ကြီး ဖြစ်ပြီးတော့ ကျောင်းကြီးရဲ့ အလှူရှင်က မင်းတုန်းမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ ရမည်းသင်းမိဖုရား ဖြစ်ပါတယ်။ ကျောင်းကြီးပေါ်မှာတော့ မှန်စီရွှေပိန်းချထားတဲ့ အမရပူရ နန်းဆောင်အစိတ်အပိုင်းနဲ့ တခြားပန်းပုလက်ရာအချို့ကို တအံ့တဩနဲ့ တွေ့မြင် ခံစားနိုင်မှာပါ။ 

(၅) မိုးကောင်းကျောင်း 

ရမည်းသင်းကျောင်းရဲ့ အရှေ့မျက်စောင်းထိုး မဟာဝိသုဒ္ဒါရာမတိုက်ဝန်း တောင်ဘက်ခြမ်းမှာတည်ရှိတဲ့ မိုးကောင်းကျောင်းဆောင်ကြီးကိုတော့ မင်းတုန်းမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မိုးကောင်းမိဖုရားက တည်ဆောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

အမရပူရနန်းတော် အစိတ်အပိုင်းတချို့ကို အသုံးပြုပြီး ရမည်းသင်းကျောင်းနည်းတူ ဆောက်လုပ် လှူဒါန်းခဲ့တာ ဖြစ်ပြီး ကျောင်းကြီးပေါ်မှာတော့ ရမည်းသင်းကျောင်းလိုမျိုး မှန်စီရွှေပိန်းချထားတဲ့ အမရပူရနန်းဆောင် အစိတ်အပိုင်းတချို့ကို မြင်တွေ့ရမှာပါ။ 

(၆) ကြေးမြင်ကျောင်း 

ကြေးမြင်ကျောင်းကလည်း ရမည်းသင်းကျောင်းနဲ့ မိုးကောင်းကျောင်းတို့ရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ကျောင်းဆောင်ကြီး ဖြစ်ပါတယ်။ ဒီကျောင်းဆောင်ကြီးရဲ့ မူလအလှူရှင်ကတော့ ရန္တပိုရွာစားဖြစ်ပြီး နောက်ပိုင်းမှာ မင်းတုန်းမင်းကြီးရဲ့ ကြေးမြင်မိဖုရားက (၁၂၇၃) ခုနှစ်မှာ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့တာလို့ သိရပါတယ်။

ကျောင်းဆောင်ကြီးပေါ်မှာတော့ ပန်းပုရုပ်ကြွနဲ့ ကနုတ်လက်ရာတွေ၊ ပွတ်လုံးလက်တန်းတွေ၊ ကြေးကုတင်နဲ့ ရှေးမီးအိမ်တွေ၊ စာတိုက်ဗီရိုနဲ့ မှန်ဗီရိုတွေကို တွေ့မြင် လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

(၇)မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း) 

မစိုးရိမ်ကျောင်းတိုက်ကတော့ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၃၆ × ၃၇ လမ်းကြား၊ ၈၇ × ၈၈ လမ်းကြားမှာ တည်ရှိပါတယ်။ ကျောင်းတိုက်ကြီးကို သူဌေးဦးသက်ရှည်နဲ့ သားဖြစ်သူဦးကျော်တို့က မန္တလေးမြို့တော်ဝန် ဦးပေစိပိုင်တဲ့ မစိုးရိမ်ဥယျာဉ်တော်ကို ဝယ်ယူပြီး ကျောင်းဆောက်လုပ် လှူဒါန်းခဲ့တာလို့သိရပါတယ်။ 

ကျောင်းကြီး စဆောက်ခဲ့တာကတော့ (၁၂၆၉) ခုနှစ်ကဖြစ်ပြီး (၁၂၇၁) ခုနှစ်မှာ အလယ်တိုက်ကြီး ပြီးစီးခဲ့ပါတယ်။ မစိုးရိမ်လို့ အမည်တွင်ပုံကလည်း ဆန်းပါတယ်။ မြို့တော်ဝန်ဦးပေစိရဲ့ မြေးလေး ကျောက်ရောဂါဖြစ်တုန်းက ဒီဥယျာဉ်ကြီးထဲမှာ ထားရပါတယ်။

သူဌေးဖြစ်သူက နေ့တိုင်းမြို့တော်ဝန်ကြီးဆီ မြေးလေး မစိုးရိမ်ရပါတော့ဘူး သက်သာပါပြီလို့ အမြဲသတင်းပို့ရပါတယ်။ မြေးလေး နေကောင်းသွားတဲ့အခါ မစိုးရိမ်ဆိုတဲ့ နာမည်ဟာ အတိတ်ကောင်း နမိတ်ကောင်းဖြစ်တယ်ဆိုပြီး မစိုးရိမ်လို့ ဆက်ခေါ်တွင်ခဲ့တာပါတဲ့။ 

ကျောင်းတိုက်ကြီးက နှစ်ထပ်ကျောင်းတိုက်ကြီးဖြစ်ပြီး သရက်ကင်းလှေကား လေးစင်းပါဝင်သလို ဘေးမှာလည်း နာရီစင်ကြီးတခုကို တွေ့ရပါသေးတယ်။ အပေါ်ထပ်မှာတော့ ဘုရားခန်းအပါအဝင် မျက်နှာကျက်နဲ့ တိုင်လုံးတွေ အကုန်လုံး ရွှေအစစ်တွေချထားတာကို တွေ့ရမှာပါ။ 

လက်ရှိမှာတော့ မန္တလေးမြို့ရဲ့ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးအဖြစ် တည်ရှိနေတာမို့ မဟာအောင်မြေကို ရောက်ခဲ့ရင် မဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ ကျောင်းတိုက်ကြီးပဲ ဖြစ်ပါတယ်။

(၈) သာကဝန်ကျောင်း 

သာကဝန်ကျောင်းကတော့ မဟာအောင်မြေမြို့နယ်၊ ကုက္ကိုစုရပ်ကွက်၊ (၈၆) လမ်းနဲ့ (၃၈) လမ်းထောင့်က ကင်းဝန်းမင်းကြီး တိုက်ထဲမှာ တည်ရှိတာပါ။ ကျောင်းအလှူရှင်ကတော့ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ "သတိုးမင်းကြီး မဟာမင်းလှစည်သူ" ဘွဲ့ခံ ကင်းဝန်မင်းကြီးပဲ ဖြစ်ပါတယ်။

သာကဝန်ကျောင်းကိုတော့ ဥရောပဟန်ကို မြန်မာမှုနဲ့ ပေါင်းစပ်ပြီး ငွေကျပ် (၅၀,၀၀၀) ကျော် အကုန်အကျခံကာ ဖန်တီးတည်ဆောက်ထားတယ်လို့ သိရပါတယ်။ ရှေးအနုပညာလက်ရာတွေနဲ့ အနောက်တိုင်းဟန် ပေါင်းစပ်ထားတဲ့ သာကဝန်ကျောင်းကြီးကလည်း အနုသုခုမ လက်ရာ ကြိုက်နှစ်သက်သူတွေအဖို့ စိတ်ဝင်စားစရာ ဖြစ်မှာ အမှန်ပါပဲ။ 

(၉) သင်္ဂဇာကျောင်း 

သင်္ဂဇာကျောင်းကတော့ ချမ်းအေးသာစံမြို့နယ်၊ အနောက်ဒေးဝန်းရပ်ကွက်၊ လမ်း (၉၀)၊ ၃၂ × ၃၄ လမ်းကြား၊ အကွက် (၃၂၅) မှာ တည်ရှိတဲ့ သစ်သားကျောင်းဆောင်ကြီး ဖြစ်ပါတယ်။ သင်္ဂဇာဆရာတော်ကြီး သီတင်းသုံးဖို့အတွက် မင်းတုန်းမင်းကြီးက (၁၂၈၁) ခုနှစ်မှာ ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။

ကျောင်းတိုက်ကြီးမှာတော့ ကျောင်းဦးပြဿဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင်တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားသလို သရက်ကင်းလှေကားတွေ ပန်းပုလက်ရာတွေကလည်း လက်ရာမြောက်လှပါတယ်။ နှစ် (၁၀၀) ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ သင်္ဂဇာကျောင်းကြီးဟာ ကာလရွေ့လျားမှုကြောင်း ပျက်ဆီးယိုယွင်းမှုတွေ များနေပေမယ့် လေ့လာသူတွေအတွက်တော့ တစ်ကယ့်ကို စိတ်ဝင်စားစရာပါပဲ။ 

(၁၀) ယောမင်းကြီးအုတ်ကျောင်း 

ဒီကျောင်းဆောင်ကြီးကတော့ မန္တလေးတောင်ရဲ့ အနောက်ဘက်၊ ဥပုတ်တော်ရပ်ကွက်၊ ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင် မန္တလေး-မတ္တရာလမ်းရဲ့ လက်ဝဲဘက်ခြမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ကျောင်းတိုက်ကြီးကိုတော့ မြန်မာသက္ကရာဇ် (၁၂၂၈) ခုနှစ်မှာ ယောမင်းကြီးဦးဖိုးလှိုင်က ငွေကျပ်ကိုးသောင်း အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။

မန္တလေးမှာရှိတဲ့ တခြားအုတ်ကျောင်းတွေနဲ့ မတူဘဲ အနောက်တိုင်းဗိသုကာကို မြန်မာမှုလက်ရာတွေနဲ့ ရောယှက်တည်ဆောက်ထားတဲ့ ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းကြီးရဲ့ အမိုးတွေကိုတော့ အင်ကြင်းသားရက်မနဲ့ မြားတန်းတော်မှာ အုတ်ချပ်တွေခင်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ကျောင်းမှာသုံးထားတဲ့ အုတ်တိုင်ကြီးတွေကလည်း အာသောကခေတ်က တိုင်လုံးတွေကို ပုံစံယူပြီး တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ကျောင်းတော်ကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်သင့်ပြီး အချို့အစိတ်အပိုင်းတွေ ပျက်စီးခဲ့ရပေမယ့် ယနေ့ခေတ်အထိတောင် ခမ်းနားထည်ဝါနေဆဲပဲ ဖြစ်ပါတယ်။ 

(၁၁) ရွှေကျင်​ကျောင်း​တော်ကြီး 

မန္တလေးတောင်ခြေ ​မြောက်ဘက်​စောင်းတန်းနဲ့ သိပ်မလှမ်းတဲ့ အကွာအ​ဝေးမှာ ဘုံပြသာဒ်အဆင့်​တွေ၊ စုလစ်မွန်းချွန်တွေနဲ့ ခမ်းနားလှပတဲ့ သစ်သားကျောင်းတော်ကြီးကို တွေ့မြင်ရပြီဆိုရင်တော့ သေချာပါတယ်၊ ရွှေကျင် ကျောင်းတော်ကြီးပါပဲ။ 

ကျောင်းကြီးမှာတော့ ကျောင်းဦးပြသာဒ်​ဆောင်၊ စနု​ဆောင်၊ ​ဇေတဝန်​ဆောင်၊ ​ဘောဂ​ဆောင်​တွေနဲ့ ဖွဲ့စည်းထားကို​ မြင်ရတာနဲ့တင် အလှူရှင်မင်းတရားကြီးက ဘယ်​လောက်ထိ တခမ်းတနား တည်​ဆောက်လှူဒါန်းခဲ့တယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ 

အကယ်၍ မန္တ​လေးတောင်​ခြေဘက်ဆီ ရောက်ဖြစ်ခဲ့မယ်ဆိုရင် "မဟာဓမ္မိကာရာမ ​ရွှေကျင်​တိုက်" ဆီ သွား​ရောက်​လေ့လာဖို့ကိုလည်း တိုက်တွန်းလိုက်ချင်ပါတယ်။ 

(၁၂) မြင်းဝန်မင်းကြီးကျောင်း 

ဒီကျောင်းကတော့ မန္တလေးမြို့ ဘုရားကြီးမြောက်ဘက်ခြမ်း ၄၂×၄၅ လမ်းကြား၊ ၈၄×၈၂ လမ်းကြားမှာ တည်ရှိတဲ့ ကျောင်းတိုက်ကြီး ဖြစ်ပါတယ်။ ကျောင်းတိုက်ကြီးကို အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် (၁၁၄၇) ခုနှစ်မှာ မြင်းဝန်မင်းကြီး ဦးမြတ်ထင်က ဆောက်လုပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

မင်းတုန်းမင်းလက်ထက် သက္ကရာဇ် (၁၂၃၁) ခုနှစ်မှာတော့ ကျောင်းကြီး မီးလောင်ပျက်စီးခဲ့တာမို့ ကိုလိုနီခေတ်ရောက်မှ ပြန်လည်တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ကျောင်းတိုက်ကြီးထဲမှာတော့ တစ်ထပ်ဝရံတာခံပြီး ဘေးပတ်ပတ်လည်မှာ ရွှေရောင် သစ်ထွင်း ကနုတ်လက်ရာတွေကို လေ့လာရမှာပါ။ 

အပေါ်ထပ် ခေါင်းရင်းဘက်မှာတော့ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ဖူးမြင်ရအုံးမယ့်အပြင် ကျောင်ဆောင် တစ်ခုလုံးကို ကိုလိုနီခေတ်လက်ရာတွေနဲ့ အမြင်ဆန်းပြီး ထူးခြားစွာ တည်ဆောက်ထားတာမို့ သွားရောက်လေ့လာသင့်တဲ့ ကျောင်းဆောင်ကြီးပါပဲ။ 

(၁၃) မဟာမင်းထင်ကျောင်း 

မန္တလေးမြို့ ဘုရားကြီးအရှေ့ဘက်နား (၇၈) လမ်းနဲ့ သိပ္ပံလမ်းထောင့် မဟာမင်းထင်တိုက် အတွင်းမှာရှိတဲ့ မဟာမင်းထင်ကျောင်းကြီးကတော့ မန္တလေးမြို့ထက် ရှေးကျတဲ့ သစ်သားကျောင်းကြီး တစ်ကျောင်းလို့ ဆိုရမှာပါ။ 

ကျောင်းတိုက်ကြီးရဲ့ မူလတည်ဆောက်ခဲ့ရာ နေရာကတော့ အင်းဝမှာဖြစ်ပြီး (၁၂၁၄) ခုနှစ်မှာ အမရပူရ၊ အမရပူရကနေ ယခုတည်ရှိရာနေရာကို အဆင့်ဆင့်ပြောင်းရွှေ့ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ကျောင်းကြီးရဲ့ဒါယကာကတော့ မူလအလှူရှင်ရဲ့သားဖြစ်သူ ဓနက်ပလာဆင်ဝန် ဦးမင်းထင်ပဲ ဖြစ်ပါတယ်။ 

ရေနံချေးဝနေတဲ့ကျောင်းကြီးကို ရုတ်တရက်ကြည့်လိုက်ရင် အင်းဝက ဗားကရာကျောင်းနဲ့ တော်တော်လေးဆင်ပါတယ်။ ယ​နေ့လက်ရှိမှာ​တော့ ယိုယွင်းပျက်စီး​လာပြီဖြစ်တဲ့ မဟာမင်းထင်​ကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းမှု​တွေ ကြိုးစားလုပ်​ဆောင်​နေတယ်လို့ ဆိုပါတယ်။ 

(၁၄) ခေမာသီဝံကျောင်း 

နှစ်ပေါင်း (၁၀၀) နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ဒီကျောင်းကြီးကို မန္တလေးမြို့ (၈၇) လမ်း၊ ၂၀×၂၁ လမ်းကြားမှာ တွေ့မြင်နိုင်ပြီးတော့ သီပေါမင်းလက်ထက်က ဆောက်လုပ်ခဲ့တဲ့ ကျောင်းအမည်ကို အစွဲပြုပြီး ခေမာသီဝံကျောင်းလို့ခေါ်သလို "သာသနဇောတိက" အုတ်ကျောင်းလို့လည်း ခေါ်ပါသေးတယ်။ 

သာသန​ဇောတိက အုတ်ကျောင်းကြီးကို မန္တ​လေးမြို့ ပြည်​ကြီးကျက်​သ​ရေရပ်​​နေ ဇရပ်​အစ်​မကြီးရဲ့သမီး မမဇင်​က (၁၉၁၉) ခုနှစ်​မှာ​ ဆောက်လုပ်​လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ​အရင်ကတော့ ကျောင်းတိုက်ကြီးဟာ သံဃာအပါး ၂၀၀ ကျော်​လောက် သီတင်းသုံးနိုင်​​လောက်​​အောင်​ ကျယ်ဝန်းခဲ့တာလို့ ဆိုပါတယ်။ 

စိတ်မကောင်းစရာကတော့ ဒုတိယကမ္ဘာစစ်မှာ ဗုံးဒါဏ်သင့်ခဲ့တာကြောင့် ရှေ့မျက်နှာစာနဲ့ လှေကားလောက်ပဲ ကျန်ရှိပါတော့တာပါ။ ဒါပေမယ့်လည်း ကျောင်းကြီးရဲ့ အရင်ခေတ်အခါတုန်းက ခံ့ညားထည်ဝါခဲ့မှုကို ယနေ့အချိန်ထိတောင် ပြန်မြင်နေရဆဲ ဖြစ်ပါတယ်။ 

Bookmark