About Mandalay

နန်းမူနန်းဟန်နဲ့ မရိုးရအောင်လှတဲ့ ရွှေမန္တလေးမြို့

Read 831 times

မြတ်စွာဘုရားကို မီးပူဇော်တဲ့အနေနဲ့ မီးပုံးလေးတွေမှာ ဖယောင်းတိုင်လေးတွေပူဇော်ကြ၊ သက်ကြီးဝါကြီးတွေကို ပူဇော်ကန်တော့ကြ၊ လူကြီးတွေက မုန့်ဖိုးပြန်ပေးတဲ့အခါ ရတဲ့ မုန့်ဖိုးတွေစုပြီး သီတင်းကျတ်ပွဲဈေးတန်းမှာ မုန့်ဝယ်စားကြနဲ့ ဆင်နွှဲကြတဲ့ သီတင်းကျွတ်ပွဲဟာ အင်မတန်မှ ပျော်စရာကောင်းသလို ချစ်စရာလည်းကောင်းတဲ့ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းပွဲတော်ပါ။

မန္တလေးက အညာဒေသမို့ အညာစာလည်း စုံစုံလင်လင် စားလို့ရနိုင်သလို နာမည်ကျော်ပြီး စားကောင်းတဲ့ မန္တလေးမုန့်တီလည်း စားလို့ရပါတယ်။ မန္တလေးမှာတင် လည်စရာနေရာတွေကလည်း တော်တော်များပါတယ်။

Read More>>> အလှဓာတ်ပုံ ရိုက်ကူးမှုများဖြင့် စည်ကားလျက်ရှိနေသော မန္တလေးကျုံးဘေး

မန္တလေးနန်းတွင်းထဲ ဝင်လေ့လာလိုက်ရင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကျော်ဖြစ်တဲ့ ရတနာပုံခေတ်ရဲ့ ဆင်ယင်ထုံးဖွဲ့မှု၊ ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်၊ အနုပညာတွေ၊ လက်မှုအနုလက်ရာတွေကို အသေးစိတ်မြင်နိုင်သလို မင်းခမ်းမင်းနားနဲ့ ဘယ်လိုဆင်ယင်ထုံးဖွဲ့ပြီး မြန်မာတွေ တခမ်းတနားနေခဲ့တယ်ဆိုတာ လေ့လာတွေ့မြင်နိုင်ပါတယ်။

ကလေးတွေပါတယ်ဆိုရင်လည်း သမိုင်းအချက်အလက်တွေကို လက်တွေ့မြင်တွေ့နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေပြပြီး ရှင်းပြနိုင်တာကြောင့် ကလေးတွေ နားလည်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။

ဒါ့ပြင် မန္တလေးတောင်၊ ရွှေကျောင်း၊ ကုသိုလ်တော်ဘုရား၊ သုဓမ္မာဇရပ်တန်း၊ စန္ဒာမုနိဘုရားတွေ သွားလို့ရသလို မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိုလည်း သွားရောက်ဖူးမျှော်လို့ရပါတယ်။ မန္တလေး နာရီစင်ကြီးကို သွားကြည့်ရင်း ဈေးချိုတော်ထဲက မြန်မာမုန့်တွေဖြစ်တဲ့ သာကူ၊ ဂျုံယို၊ နို့ဟင်းမလိုင်၊ နို့ထမင်း၊ အသုပ်စုံတွေလည်း စိတ်ကြိုက်စားနိုင်သလို ထန်းရည်ကြိုက်သူတွေ မြည်းစမ်းကြည့်ချင်သူတွေအတွက်လည်း လူသိများတဲ့ အိမ်ရှေ့မင်းထန်းတောမှာ ထန်းရည်ချိုမြမြ အရသာကို မြည်းကြည့်လို့ရပါတယ်။

Read More>>> မန္တလေးသို့ အလည်အပတ်သွားမယ်ဆိုရင် လက်လွှတ်မခံသင့်တဲ့ ထင်ရှားတဲ့နေရာ ( ၁၀ ) ခု

မန္တလေးကျောက်ဆစ်တန်းမှာ စကျင်ကျောက်နဲ့ ဘုရားဆင်းတုတော်တွေထုနေတာ၊ ကြေးထည်လုပ်ငန်းနဲ့ စိတ်ဝင်စားစရာ မြန်မာ့မောင်းတွေ၊ လက်ရက်ကန်း စက်ရက်ကန်းနဲ့ မြန်မာ့လွန်းရာကျော် ချိတ်လုံချည်တွေ ဖန်တီးနေတာတွေ လွန်းရက်ကန်းကျောင်းတွေက လက်မှုအနုလက်ရာတွေ စိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စားစရာတွေချည်းပါပဲ။

အမရပူရဘက်ကို ခရီးဆက်လိုက်ရင် တောင်သမန်အင်းကြီးရဲ့အလှကိုခံစားပြီး ညနေခင်း ဦးပိန်တံတားပေါ်လမ်းလျှောက်နိုင်သလို တောင်သမန်အင်းထဲဆင်းပြီးလည်း လှေစီးလို့ရပါသေးတယ်။ ညနေခင်းနေဝင်ချိန်ကို တောင်သမန်အင်းတစ်ဝိုက်က နာမည်ကြီးလှတဲ့ အကြော်စုံစားကာ အုန်းရည်သောက်ရင်းလည်း ခံစားနိုင်ပါသေးတယ်။

မန္တလေးတစ်ခွင် နှစ်ရက်လောက် လည်ပတ်စားသောက်လိုက်ရလို့ ပျင်းပြီဆိုရင် ရင်သပ်ရှုမောလောက်တဲ့ မြန်မာမှုအနုလက်ရာတွေရှိတဲ့ အင်းဝ၊ စစ်ကိုင်းဘက်ကို သွားလေ့လာလို့ရပါတယ်။ စစ်ကိုင်းကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ ဥမင်သုံးဆယ်တွေဆီ သွားနိုင်သလို နာမည်ကျော်လှတဲ့ စစ်ကိုင်းအိုးကို ဘယ်လိုလုပ်တယ်ဆိုတာလည်း သွားလေ့လာလို့ရပါတယ်။

Read More>>> တောင်တက်ခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

နောက် မင်းကွန်းသွားတဲ့လမ်းက ခိုတောင်ရွာရဲ့ နာမည်ကျော် ခိုတောင်မုန့်တီလည်း ဝင်စားကြည့်လို့ရပါတယ်။ စစ်ကိုင်းကနေတစ်ဆင့် သဘာဝဘေးမဲ့တောနဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာတွေကြောင့် နာမည်ကျော်တဲ့ ရှိမ္မကားကိုလည်း သွားလည်လို့ရပါတယ်။

အင်းဝမြို့ဟောင်းဘက်ကို သက်သက်တစ်ရက်သွားလည်မယ်ဆိုရင်တော့ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း၊ ဦးအိုအုတ်လမ်း၊ ဦးအိုအုတ်တံတား၊ လေးထပ်ကြီးဘုရား၊ ဆင်ကျုံးခံတပ်။ နန်းမြို့ရိုးဝင်ပေါက်၊ နန်းမြို့ရိုးမျှော်စင်၊ ဒေါ်ဂျမ်းစုဘုရားစုတွေကလည်း လေ့လာစရာသွားစရာတွေမကုန်နိုင်ပါဘူး။ အဲဒီနေရာတွေရောက်တဲ့အခါ မြင်ရမယ့် မြန်မာ့လက်မှုအနုပညာတွေဆိုတာလည်း ရင်သပ်ရှုမောလို့ကို ကုန်နိုင်မယ်မထင်ပါဘူး။

အညာထမင်းဆိုင်မှာ ဆိတ်သားစစ်စစ်ဟင်း၊ နွားနို့ခဲချက်ဟင်းတွေနဲ့ သူတို့ပိုက်ဆံမယူဘဲ လက်ဆောင်ချပေးတဲ့ အမျိုးအစားစုံလှတဲ့ အရန်ဟင်းတွေနဲ့လည်း အညာနေ့လယ်စာကို အားရပါးရလွေးလို့ရပါတယ်။

မင်းကွန်းဘက်သွားမယ်ဆိုရင်တော့ ဧရာဝတီမြစ်ဆိပ်ကနေ သင်္ဘောဖြစ်ဖြစ် စက်လှေဖြစ်ဖြစ် စီးသွားရင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရဲ့ သဘာဝအလှကို ခံစားနိုင်မှာပါ။

မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်ဘုရားတွေကိုလည်း ဖူးနိုင်သလို မင်းကွန်းမြစ်ကမ်းနဖူးမှာရှိနေတဲ့ ပန်းချီပြခန်းတွေက ပန်းချီလက်ရာတွေကိုလည်းအေးအေးဆေးဆေး ခံစားနိုင်ပါတယ်။

Read More>>> မန္တလေးမှာ ပျော်ပျော်ပါးပါး Night Out ထွက်မယ်ဆိုရင်

အင်းဝစစ်ကိုင်းဘက်သွားလည်ရတာ ပျော်စရာကောင်းပေမဲ့ ရာသီဥတုပူလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဘယ်ရာသီမဆိုနေရတာ သက်သောင့် သက်သာရှိလှတဲ့ မေမြို့ဘက်လည်း သွားလည်လို့ရပါသေးတယ်။

မေမြို့က ရေတံခွန်တွေ၊ ရေပြာအိုင်တွေဆီ သွားလည်လို့ရသလို အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ ဒီဇင်ဘာခြံတို့လည်း သွားလည်ရင်း လတ်ဆတ်တဲ့နွားနို့လေးသောက် မေမြို့ကော်ဖီစစ်စစ်လေးတွေရတဲ့ ကော်ဖီဆိုင်လှလှလေးတွေလည်း ထိုင်နိုင်ပါသေးတယ်။ ညနေစာစားပြီးရင် ဟိုတယ်ထဲမှာ မေမြို့ဝိုင်လေးသောက်၊ မက်မန်းသီးလေး၊ ငှက်သိုက်လေးစားပြီး မိသားစုမောင်နှမတွေနဲ့ စကားလက်ဆုံကျရင်းလည်း ပျော်စရာအမှတ်တရတွေဖန်တီးနိုင်တာပါပဲ။

သီတင်းကျွတ်ပိတ်ရက်မှာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဘယ်သွားရင်ကောင်းမလဲ စဉ်းစားနေသူတွေအတွက် အခုလတ်တလောမှာ စမတ်စီးတီးဖြစ်နေသလို တစ်ချိန်ကလည်း နန်းမူနန်းဟန်နဲ့ မရိုးရအောင်လှနေတဲ့ ရွှေမန္တလေးဘက်ကို သွားရောက်လည်ပတ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

Source: Myanmar Times

Bookmark