စီးပွားရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ်အသီးသီး တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ မြန်မာနိုင်ငံကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စားလာကြတာက စီးပွားရေးကဏ္ဍအတွက် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရ (၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ်ရဲ့ တစ်လကျော်ကာလအတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၂၀၉.၆၁၆) သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြု/အတည်ပြုပေးခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း (၁၄)ခုရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန် ဒေါ်လာ (၆၅.၇၈၆) သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၁၉၉.၇၅၆)သန်း ရှိပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေ အရ (၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ်အတွက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၅ နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၉.၈၆၀)သန်း ပမာဏရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံကျော် ရရှိခဲ့ပြီး ယခု (၂၀၂၀ - ၂၀၂၁)ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံ ရရှိရန် မျှော်မှန်းထားတယ်လို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် (၂၀၂၀ - ၂၀၂၁) ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်မှ နိုဝင်ဘာလ (၂၅) ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၇) ခုရှိပြီး အမေရိကန် ဒေါ်လာ (၁၅.၁၂၈)သန်း အပါအဝင် ကျပ် (၆၁,၀၇၅.၈၅၃) သန်းတန်ဖိုး ရှိပါတယ်။ ယခင် ရင်းနှီးမြှုပ်နှံမှုကို ထပ်မံတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၁၈.၄၂၉) သန်း အပါအဝင် ကျပ် (၆၉,၈၆၀.၀၁၉)သန်း ပမာဏရှိပါတယ်။
မြန်မာနိုင်ငံရှိ အာမခံ ကုမ္ပဏီ ၂၄ ခုက မတည်ရင်းနှီးငွေ ပမာဏ အမေရိကန်ဒေါ်လာ (၁၅၂.၁၁၇) သန်း ၊ကျပ် (၆၇.၃၁၇) ဘီလီယံဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေတယ်လို့ စစ်တမ်းများအရ သိရပါတယ်။
By Mandalay Directory