About Mandalay

စွန်ရဲအင်း - Day Trip around Mandalay

Read 2682 times

SY02 copy

စွန်ရဲအင်း - Day Trip around Mandalay

အင်းလေး လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ နောက်ထပ် အင်းတစ်ခုကို ပြပါဆိုရင် စွန်ရဲအင်းကို ပြရမှာပါ။ အင်းလေးဟာ East Venice လို့တင်စားခေါ်ဝေါ်ခံရရင် ၊ စွန်ရဲအင်းကိုဘယ်လို တင်စားခေါ်ဝေါ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဓါတ်ပုံဆရာများ နှင့် ပန်းချီဆရာများ၏ ဖန်တီးမှု စွမ်းရည်သည် စွန်ရဲအင်းအား လူသိများစေသည့် အချက်များထဲမှ တစ်ခု ဖြစ်သည်။ စွန်ရဲအင်းအား ရေးဆွဲထားသော ပန်းချီများ နှင့် ဓါတ်ပုံများသည် ပြိုင်ပွဲတွင် ဆုရ ဓါတ်ပုံများ ဟု ဆိုကြသည်။

စွန်ရဲအင်း၏ ပတ်ပတ်လည်တွင် စိမ်းညို့နေသော တောင်တန်းများ ဝန်းရံထားခြင်းသည် စွန်ရဲအင်းအား သီးသန့် ကမ္ဘာ အဖြစ် ဖန်တီးထားသည့်အလား။

ပြာလွင်သော ကောင်းကင် ၊ ပြေးလွားနေသော တိမ်စိုင်များ ၊ ပဒုမ္မာ ကြာပန်း များ နှင့် ကြာရွက်စိမ်းစိမ်းများ သည် လာရောက်လည်ပတ်သူများအား ဆွဲဆောင်လျက်ရှိသည်။ ကြာတောများသည် အင်း၏ တောင်ဘက်အခြမ်း၌ ရှိ၍ ၊ လှေလှော်ပေးသူများမှ ကြာတောများ ရှိရာသို့ ခေါ်ဆောင်သွားပြီး ၊ ကြာပန်းခိုင် လုပ်ပေးခြင်း ၊ ကြာရွက်ခူးပေးခြင်းတို့အား လုပ်ဆောင်ပေးသည်။ ဓါတ်ပုံရိုက်လိုသူများအားလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးလေ့ ရှိသည်။

မန္တလေး တောင်သမန်အင်း နဲ့ အရွယ်အစား သိပ်မကွာတဲ့ စွန်ရဲအင်းဟာ မန္တလေးမြို့ အဆုံး ကျောက်ဆည် အဝင်၊ ဘဲလင်းကျောက်ပြားစက်ရုံ သွားတဲ့ လမ်းမှာ ရှိပါတယ်။ မန္တလေး - ကျောက်ဆည် လမ်းအတိုင်း တည့်တည့် သွားပြီး ၊ ဘဲလင်းမှ ကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်အလွန်၊ ဘဲလင်း ကျောက်ပြားစက်ရုံ ရှိသည့် လမ်း အတိုင်းဆင်းသွားရမှာဖြစ်ပြီး ၊ လမ်းတည့်တည့် အတိုင်း စွန်ရဲရွာ ရောက်သည့် ဆက်သွားရုံပါပဲ။ စွန်ရဲရွာ ရောက်ပြီ ဆိုလျှင် စွန်ရဲအင်းသို့ ဆိုသည့် လမ်းညွှန် ဆိုင်းဘုတ် အတိုင်းလိုက်သွားလျှင် ၊ စာသင်ကျောင်းလေး အဆုံးမှာရှိသည့် စွန်ရဲအင်းသို့ ရောက်ပါပြီ။

စွန်ရဲအင်း ဖွင့်ချိန်မှာ နံနက် ၇ နာရီ မှ ညနေ ၆း ၃၀ နာရီ အထိ ဖြစ်ပါတယ်။ အင်း စဖွင့် ချိန်မှ ပိတ် ချိန်အထိ လာရောက် လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။ လှေ လှော်သော အဖွဲ့ နှစ်ဖွဲ့ ရှိ၍ ၊ လှေလှော်ကြသူများမှာ ရွာခံများဖြစ်ကြသည်။ မည်သည့် အဖွဲ့ လှေကို စီးသည်ဖြစ်စေ သတ်မှတ်ထားသော ဈေးအတိုင်းသာ ဖြစ်သည်။ ယခင် မကြာသေးသော ကာလများတွင် လှေစီးခ အား တစ်ယောက် 1500 ကျပ် သတ်မှတ်ထားသော်ငြား ၊ လာရောက်လည်ပတ် သူများ များပြားလာသည့် အပေါ် လှေစီးခများ တိုးမြှင့် ကောက်ခံခြင်းကြောင့် ယခု အချိန်တွင် သွားရောက်လည်ပတ်ကြသူများ အနေဖြင့် တစ်ယောက်လျှင် 3000 ကျပ် ကျသင့်မည် ဖြစ်သည်။

အင်းဘောင်ပေါ်တွင် အကြော်ဆိုင်များဖွင့်လှစ်ထား၍ ၊ အင်းထွင် အသီးအရွက်များဖြင့် ကြော်ထားသည့် ကန်စွန်းရွက် ၊ ဆူးပုတ်ရွက်အသေး နှင့် မြင်းခွာရွက် အရောအနှော အကြော်မှာ အရသာ ကောင်းမွန်၍ လူကြိုက်များသော စွန်ရဲအင်း စားဖွယ်ဖြစ်သည်။ လက်ဖက်သုပ် ၊ ဂျင်းသုပ် နှင့် အအေးဘူးများလည်း ရရှိသည်။

သဘာဝ တရားရဲ့ အလှ အပများအား ချစ်မြတ်နိုးခံစား ထိတွေ့ချင်သူများအဖို့ နေ့ခြင်းပြန် သွားရောက်လည်ပတ်နိုင်သည့် စွန်ရဲအင်းသို့ အလည်အပတ်သွားမည် ဆိုလျှင် မိုးတွင်း အချိန် ၊ ရေတတ်ချိန်ဖြစ်သည့် ခုနေ အချိန်အခါသည် အကောင်းဆုံးဖြစ်သည်။ စွန်ရဲအင်းမှ ဆက်သွားမည်ဆိုလျှင် ရွှေသိမ်တော်ဘုရားသို့ ရောက်မည် ဖြစ်ပြီး ၊ အပြန်လမ်းတွင် ပေါ်တော်မူ ဘုရား နှင့် စွယ်တော် ဘုရားတို့အားလည်း ဝင်ရောက်ဖူးမြော် နိုင်မည်ဖြစ်သည်။

Bookmark