Mandalay Trend

ခုနှစ်ရက်သားသမီးများအတွက် (၁)ပတ်စာ ဗေဒင်ဟောစတမ်း

Read 1981 times

ဆရာငြိမ်းအေးလူရဲ့ (၁၄.၁.၂၀၂၁) ရက်ကနေ (၂၀.၁.၂၀၂၁) ရက်အတွင်း (၁)ပတ်စာ ဗေဒင်ဟောစတမ်းကို နေ့နာမ်အလိုက် ဖော်ပြပေးလိုက်ပါတယ်။ 

တနင်္ဂနွေ

ယခုကာလအတွင်း လုပ်ငန်းစီးပွားရေး တိုးတတ်လာဖွယ် ရှိနေပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးကိစ္စများ အဆင်ပြေ ချောမွေ့နေပါမယ်။ အလုပ်တွေ များပြားနေတဲ့ ကြားမှ တိုးတက် အောင်မြင်ပါမယ်။ ယခင်ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်ပါမယ်။ 

စာရွက်စာတမ်းကိစ္စ၊ စာချုပ်ကိစ္စ၊ အလုပ်အော်ဒါ လက်ခံခြင်း ကိစ္စများ အောင်မြင်စွာ ဖြေရှင်းနိုင်ပါမယ်။ အလုပ်လျှောက်ထားသူများ၊ အင်တာဗျူး ဖြေထားသူများ အလုပ်ရ လာတတ်ပါတယ်။ 

တစ်ပါးသူလက်သို့ ရောက်ရှိနေတဲ့ မိမိပိုင်ပစ္စည်းများ၊ မိသားစုပိုင် ပစ္စည်းများ လက်ဝယ်သို့ ပြန်လည်ရောက်ရှိ လာနိုင်ပါတယ်။ မိမိကို ဒုက္ခပေးနေသူများ သူ့အကုသိုလ်နဲ့သူ ဒုက္ခရောက်သွားပါလိမ့်မယ်။ အမှုအခင်း ဖြစ်လုဆဲဆဲ ကိစ္စတွေ ရှိနေရင်တော့ ပပျောက်သွားအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ 

သူများတွေရဲ့ အလုပ်အကိုင် အဆင်မပြေမှုများ တတ်နိုင်သ၍ ကူညီခွင့်တွေ ရလာတတ်ပါတယ်။ အမိအဖတွေကို ဒီကာလအတွင်း ငွေကြေးထောက်ပံ့ လာနိုင်ပါလိမ့်မယ်။ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ ထူးခြားတိုးတတ်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။

အချစ်ရေးမှာတော့ ချစ်သူကို စကားပြော ရင့်သီးသွားတာမျိုး၊ ဆဲဆိုပြောမိ သွားတာမျိုးတွေကြောင့် ချစ်သူက မိမိကို စိတ်ပျက်သွားတတ်ပါတယ်။ အိမ်ထောင်သည်များ အယူအဆမတူ ညှိနှိုင်းရ ခက်ခဲနေတတ်ပါတယ်။ ပညာရေးမှာတော့ မိမိကြိုးစားထားသမျှလက်တွေ့ဖြစ်မြောက်ပါလိမ့်မယ်။

  • အကျိုးပေးဂဏန်း…၅၊ ၇၊ ၀
  • အထူးဟော….လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။
  • ယတြာ….ပြောင်းဖူးလက်ဖက်သုပ်လေး ဘုရားကပ်လှူပါ။

တနင်္လာ

ယခုကာလများအတွင်း မိသားစုအရေး ကိစ္စတွေမှာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ မိမိလိုချင်နေတဲ့ ပန်းတိုင်ကို ရောက်ဖို့ ခက်ခဲနေဆဲ ကာလပါ။  ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်သင့်သေးပါ။ လုပ်ငန်းသစ်၊ စီးပွားသစ်၊ အကြံအစည်သစ်များ စတင်ရန် အချိန်အခါကောင်း မဖြစ်နိုင်သေးပါ။

ငွေကြေး အပေးအယူ ကိစ္စတွေမှာလည်း မျက်မြင်သက်သေများ ရှေ့မှောက်မှာ ဆောင်ရွက်ပါ။ အငြင်းပွားရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အရေးကြီးတဲ့ ကိစ္စများ မိမိက ဦးဆောင်တာဝန်ယူ လုပ်ကိုင်နေရတတ်ပါတယ်။ 

လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဖက်များ အချင်းချင်း အပေးအယူ မတည့်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ပြဿနာများ မိမိအပေါ် ပုံချခြင်း ပြုပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ ရောင်းမစွံတဲ့ ပစ္စည်းတွေ လှောင်နေမိ တတ်ပါတယ်။ 

ဈေးဖျက်၍ ယှဉ်ပြိုင် နှောက်ယှက်သူများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကံကောင်းတာက မိမိအနေနဲ့ အရာရာကို လက်ရှိအနေအထားကနေ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ မှေးနေရင် ဘာမှမညံ့ပါဘူး။ ဘာကိစ္စမဆို နောက်လိုက်ပုံစံနေပါ။ ဆရာကြီး မလုပ်မိပါစေနဲ့။ 

ကျန်းမာရေးကတော့ အညံ့အဆိုး သိပ်မတွေ့ရပါဘူး။ အချစ်ရေးမှာ လူချင်းဝေးနေရင်တောင် စိတ်ချင်းနီး နေတတ်ပါတယ်။ အိမ်ထောင်ရေးလည်း သာယာစိတ်ချမ်းမြေ့ ရပါလိမ့်မယ်။ ပညာရေးအပေါ် စိတ်မပါသလို ဖြစ်နေပါမယ်။ 

  • အကျိုးပေးဂဏန်း….၁၊ ၆၊ ၉
  • အထူးဟော …အသစ်တစ်ခုခု မစတင်သင့်ပါ။
  • ယတြာ….ကလေးတွေကို သကြားလုံး ဝေကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလမှာ စိတ်ပင်ပန်းရတာတွေ၊ အလုပ် မနိုင်မနင်း ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အချိန်ဖြုန်း မယ့် ကိစ္စတွေအကုန်လုံးကို လျော့ချနိုင်ဖို့ လိုအပ်ပါတယ်။ အပျော်အပါးတွေကို အလွယ်တကူ ကြုံတွေ့ရမယ်။ အပျော်အပါး လွန်၍ အန္တရာယ် ဖြစ်တတ်ပါတယ်။

နာမည်ဂုဏ်သိက္ခာ ထိခိုက်တတ်ပါတယ်။ အနီးကပ်လူယုံများ သစ္စာဖေါက်၍ အနှောက်အယှက် ပြဿနာများ ဖြစ်ပေါ်လာရတတ်တယ်။ စန်းပွင့်မှု လွန်ကဲပြီး လူမှုရေး၊ မေတ္တာရေး အရှုပ်အထွေး များနဲ့ ကြုံနေရတာမျိုး ဖြစ်တတ်တယ်။ ဒုက္ခပေးသော မိတ်ဆွေကောင်းများနဲ့ ပြန်လည်ဆုံစည်းရမယ်။

အသင်းအဖွဲ့ကိစ္စများ ပါဝင် ဆောင်ရွက်လုပ်ကိုင်ရင်း ကိုယ်ကျိုး စီးပွားလုပ်ငန်းများ ဆုံးရှုံးနစ်နာရမှုများ ကြုံလာရကာ မိသားစုရဲ့ ငြိုငြင်ခြင်းကို ခံရတတ်ပါတယ်။ ကျန်းမာရေး အညံ့ပိုင်းနဲ့ ကြုံရပါမယ်။ အနေအထိုင် ဂရုမစိုက်မှုကြောင့် ရောဂါ ဝေဒနာဟောင်းများ ပြန်လည် ဖြစ်ပေါ်ကာ ဆေးရုံ၊ ဆေးခန်းရောက်ကိန်းများ ကြုံရပါလိမ့်မယ်။

ငွေမချေးရ။ ငွေချေးက ဆုံးရှုံးရတတ်ပါတယ်။ ယခုအချိန်ဟာ အကောင်းထက် အဆိုးကသာ အားသာနေတာကြောင့် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် မှန်သမျှ အထူးဂရုစိုက်သင့်ချိန် ဖြစ်ပါတယ်။ အိမ်ထောင်ရေး ကံကောင်းမယ့်စန်း အားကောင်းနေတာမို့ အနေအထိုင် ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ ပညာရှာ​နေသူများ အလုပ်တွေ မအားလပ်တာမို့ ပညာရေးအပေါ် စိတ်မနှစ်နိုင် ဖြစ်ရတတ်ပါတယ်။

  • အကျိုးပေးဂဏန်း… ၂၊ ၀၊ ၇
  • အထူးဟော ….ကျန်းမာရေး သတိပြုပါ။
  • ယတြာ….မှိုကန်စွန်းရွက်ကြော် ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး / ရာဟု

ယခုကာလများအတွင်း သင်ဟာ အရပ်ဝေးမှ ကောင်းသော သတင်းစကားများ ကြုံတွေ့ရတတ်ပါတယ်။ အွန်လိုင်း အလုပ်အကိုင်စီးပွားများ အထူးအောင်မြင်မယ်။ မိတ်ဆွေ၊ ဆရာသမား၊ ကြီးကဲသူများရဲ့ အကူအညီနဲ့ ဘဝတိုးတတ်မှု ကံများလည်း ပွင့်လာပါမယ်။ မရည်ရွယ်ဘဲ အလှူအတန်းပြုရပါမယ်။ 

ထူးခြားသော လူပုဂ္ဂိုလ်များ၊ သူတော်စင် ပုဂ္ဂိုလ်များနဲ့ ဆုံတွေ့ရလိမ့်မယ်။ အပြောင်းအရွှေ့ စီစဉ်နေသူများ နေရာကောင်းကို ပြောင်းရွှေ့ တိုးတတ်ကိန်း ရှိနေမယ်။ မိသားစု စုစည်းမှုများ အဆင်ပြေလာမယ်။ 

သို့သော် ကျန်းမာရေး အညံ့အချို့ ကြုံတွေ့လာနိုင်တာကြောင့် အထူးသတိပြုပါ။ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်ပါတယ်။ အနာပေါက်ခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ခူနာရောဂါမျိုးများ ဖြစ်ပေါ်ခံစား ရတတ်ပါတယ်။ 

ထင်မှတ်မထားတဲ့ နေရာကနေ ငွေဝင်လာတတ်ပါတယ်။ လူပျို၊ လူလွတ်များ မေတ္တာရေး ကံကောင်းနေ၍ စန်းအလွန် ပွင့်နေပါမယ်။ လူငယ်များ မမျှော်လင့်ဘဲ ချစ်သူနဲ့ ခိုးပြေးဖြစ်တတ်ပါတယ်။ ချစ်သူနဲ့ အချိန်လွန်အောင် လည်ပတ်တာမျိုး မလုပ်ပါနဲ့။

သားသမီးလိုချင်သော အိမ်ထောင်ရှင်များလည်း သားသမီးရတနာများ ထွန်းကား၍ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရေးသုခများ ခံစားရနိုင်ပါတယ်။ အတတ်ပညာ သင်တန်းနဲ့ ပတ်သက်တဲ့ ကိစ္စများ အထူးအောင်မြင်နိုင်ပါတယ်။ 

  • အကျိုးပေးဂဏန်း…၁၊၄၊၈
  • အထူးဟော…ကံမြင့်မားနေမည်။
  • ယတြာ….အာလူးကြော် မိတ်ဆွေတစ်ခုကို ဝယ်ကျွေးလိုက်ပါ။

ကြာသပတေး

ယခုကာလအတွင်း စိတ်ထဲရှိနေတဲ့ အတွေးတွေကို လက်တွေ့ အကောင်အထည် ဖော်သင့်ပါတယ်။ ဝန်ထမ်း လခစားများ နေရာကောင်းရခြင်း၊ ပညာအသစ်တွေ သင်ရခြင်းမျိုးတွေ ကြုံရလိမ့်မယ်။ လူလိမ်၊ လူကောက်များကို ဖေါ်ထုတ် ဖြရှင်းနိုင်ပါမယ်။ 

ပိုင်ဆိုင်မှုကိစ္စအတွက် စကားပြောဆိုမှုများ အဆင်ပြေမယ်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများ တာဝန်ယူ ဆောင်ရွက်ရခြင်းများ ရှိနေမယ်။ ကာလရှည်ကြာ ဝေးကွာနေတဲ့ မိတ်ဆွေများနဲ့ ပြန်လည် ဆုံစည်းရမယ်။ ကုန်ထားတဲ့ငွေ ရစရာရှိတဲ့ငွေ ပြန်ဝင်လာ တတ်ပါတယ်။ 

ကားဝယ်ခြင်း၊ ကားရောင်းခြင်း၊ အလဲအထပ် လုပ်ခြင်းတွေ ဒီလိုနေ့တွေမှာ ဆောင်ရွက်လို့ ကောင်းပါတယ်။ ၂/၄/၈ ဂဏန်းများများပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ သူတစ်ပါးက ငွေ၊ ပစ္စည်း၊ လက်ဝတ်ရတနာတွေ လာအပ်ရင် လက်မခံပါနဲ့။ မိမိလာဘ် ပိတ်သွားတတ်ပါတယ်။

မိသားစု ပြဿနာများ မောင်နှမသားချင်းရေးရာ ပြဿနာများ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဆိုင်သော ပြဿနာများ မိမိက ဦးဆောင်ပါဝင်၍ ဖြေရှင်းပေး ရပေလိမ့်မယ်။ ကျန်းမာရေးနဲ့ ပက်သက်ပြီး အားရစရာ ကောင်းပါတယ်။ 

ပညာအသစ်တွေ သင်ယူလို့ အထူးကောင်းပါတယ်။ စိတ်အပန်းပြေစေမယ့် ကိစ္စတွေကိုလည်း ကြုံရပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူက မိမိအပေါ် နားလည်ပေးဖို့ မလွယ်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာ ပျော်ရွှင်ရတတ်ပါတယ်။ 

  • အကျိုးပေးဂဏန်း…၂၊ ၄၊ ၅
  • အထူးဟော…..ငွေကံကောင်းနေတတ်သည်။
  • ယတြာ…၂၄ပစ္စည်း သက်စေ့ရွတ်ပွားပါ။

သောကြာ

ယခုကာလအတွင်း လူမျိုးခြား၊ ဘာသာခြား၊ မင်းစိုးရာဇာတို့နဲ့ ဆက်နွယ်တဲ့ အလုပ်များ လုပ်ကိုင်ရ တတ်ပါတယ်။ ရှယ်ယာအလုပ်များ အဆင်ပြေတတ်ပါတယ်။ လုပ်ငန်းရှင်များ မေတ္တာစိတ်နဲ့ သဘောထားကြီးကြီး ဆောင်ရွက်လုပ်ကိုင်ပါ။ 

ခရီးကိစ္စတွေ ရှိရင်တော့ ကောင်းသောခရီးပါပဲ။ ပစ္စည်းများ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်တယ်။ ဆုံးရှုံးမှုများ ကြီးမားလာရတတ်တယ်။ အိုး၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ကိစ္စများ သတိနဲ့ ဆောင်ရွက် ရမယ်။ စာရွက်စာတမ်းများ၊ အတုအယောင်များ၊ အမွေဆက်ခံမှု အရှုပ်အထွေးများ ဖြစ်တတ်တယ်။

ရုံးရောက်၊ ဂါတ်ရောက် အမှုအခင်း ဖြစ်သူများအား လိုက်လံအာမခံ၍ ကူညီဆောင်ရွက် ဖြေရှင်းပေးရမယ်။ နေအိမ်မှာ အလိုက်မသိတဲ့ ညအိပ်၊ညနေ ဧည့်သည်များ ရောက်ရှိလာတတ်တယ်။ လုပ်လက်စ အလုပ်တွေအပြင် ထပ်ချဲ့တာမျိုးတွေက အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ 

မည်သည့်ကိစ္စမဆို တစ်ယူသန်၊ တစ်ဇွတ်ထိုး မလုပ်ဘဲ မိဘဆရာတွေနဲ့ တိုင်ပင်ပြုလုပ်တာက စိတ်ချမ်းသာရလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူ၊ ခင်သူ၊ သံယောဇဉ်ရှိသူများနဲ့ စကားများရမယ်။ ပဋိပက္ခဖြစ်တတ်တယ်။ လူမှုရေး အရှုပ်အထွေးများ ကြုံပါမယ်။ အိမ်ထောင်ရေးမှာ သတိကြီးစွာထားပြီး ပြောဆို လုပ်ကိုင်ပါမှ အစစအရာရာ အဆင်ပြေပေပါလိမ့်မယ်။ 

  • အကျိုးပေးဂဏန်း…၃၊ ၅၊ ၈
  • အထူးဟော…ကံအညံ့လေးတွေ ရောပါနေတတ်ပါတယ်။
  • ယတြာ….ဂုဏ်တော်ကွန်ချာကို ရသလောက် နေ့စဉ်ရွတ်ပွားပါ။

စနေ

ယခုကာလများအတွင်း သင်ဟာ ကျန်းမာရေးအညံ့များ ကြုံပါမယ်။ သူတစ်ပါးအပေါ်၊ အားနာမှု၊ စာနာ သနားမှု၊ ယုံစားလွယ်မှုတို့အပေါ် အခွင့်ကောင်းယူတဲ့ သူများနဲ့ ဆုံတွေ့နေရပါမယ်။ မောင်နှမသားချင်း ပြဿနာများကို လိုက်လံဖြေရှင်း ဆောင်ရွက်ပေးရလိမ့်မယ်။ 

တစ်ဦးထက်မကတဲ့ အချစ်ရေးကိစ္စများ၊ အရှုပ်အထွေး ကိစ္စများကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကိန်းများ ကြုံပါမယ်။ သံယောဇဉ် မထားသင့်သူကို ထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ်ချက် မှားခြင်းများ ကြုံတွေ့ရနိုင်ပါတယ်။

ဆီးနဲ့ဆိုင်သော ဝေဒနာများ ခံစားရတတ်ပါတယ်။ မိမိစိတ်တိုင်းကျ လုပ်ပိုင်ခွင့် ရရှိခြင်းများကြောင့် မိမိအရည်အချင်းကို ပြသခွင့်များ အပြည့်အဝ ရရှိလာပါလိမ့်မယ်။ အရာရာတိုင်းအပေါ်မှာ အားရကျေနပ်မှုများ ရှိနေမယ်။

လျှပ်စစ်နှင့် လုပ်ကိုင်ရသော စက်မှုလုပ်ငန်းများမှ မတော်တဆ ထိခိုက်မှု၊ ဝါယာရှော(ခ်) ဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ သတိထားသင့်ပါတယ်။ ရရန်ရှိတဲ့ အကြွေးဟောင်းများ ပြန်လည် ရရှိတတ်ပါတယ်။ သိနေတဲ့ ကိစ္စတို့ကို မသိချင်ဟန်ဆောင်ပါ။ ပြောလိုသော စကားအချို့ကို မျိုသိပ်ခြင်းပြုပါ။ ဘာသာရေး၊ ပညာရေး ရည်ရွယ်ထားတဲ့ ကိစ္စများ အောင်မြင်ပါမယ်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး သာယာ အဆင်ပြေ ပါလိမ့်မယ်။ သားသမီးအတွက် စိတ်ချမ်းသာ ပျော်ရွှင်ရတတ်ပါတယ်။

  • အကျိုးပေးဂဏန်း…၄၊ ၆၊ ၀
  • အထူးဟော….ကံသင့်ပါတယ်။
  • ယတြာ…သံပုရာရည် ဘုရားကပ်လှူပူဇော်ပါ။

Source From ငြိမ်းအေးလူ (လက်ဆန်းဗေဒင် သုတေသန) 

Bookmark