ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြည်တွင်း လေကြောင်းလိုင်းများအား လာမည့် (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ စတင်ကာ စံသတ်မှတ်ချက်များအတိုင်း ပြန်လည်ပြေးဆွဲခွင့် ပြုမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း ကူးစက်မှုအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အများတွင် ကူးဆက်ခံရမှု များပြားလာခြင်းကြောင့် ပြည်တွင်း ပုံမှန်လေကြောင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ ဆက်လက် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးဆွဲလျက်ရှိသည့် ပြည်တွင်း ပုံမှန် လေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲမှုကို ဒီဇင်ဘာလ၊ (၁၆)ရက်နေ့မှ စတင်ကာ စံလုပ်ထုံး လုပ်နည်း (SOP) နှင့်အညီ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်း လေကြောင်းလိုင်းများနှင့် လေဆိပ်များ အနေဖြင့် လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားကြရန် ကြေညာထားပေသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စည်းကမ်းချက်များ၊ စံသတ်မှတ်ချက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပြီး စည်းကမ်းချက်အတိုင်း လိုက်နာမှု မရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။