TGIFတိုင်းကို အိမ်မှာပဲ ဖြတ်သန်းနေရလို့ ပျင်းနေတဲ့ ဘော်ဒါတွေအတွက် ဗဟုသုတလည်း ရ၊ အိမ်မှာနေရင်းလည်း မိမိဘာသာမိမိ အလွယ်တကူ ပြုလုပ်လို့ ရမယ့် ကမ္ဘာ့နာမည်အကြီးဆုံး Cocktail တွေနဲ့ ပြုလုပ်နည်းတွေကို ဒီကနေ့မှာ ပြောပြပေးချင်ပါတယ်။
၁။ JUNGLE BIRD
ဒီကော့တေးက ဥရောပရဲ့ Fine Dining Menu တွေမှာ နာမည်ကြီးတဲ့ ကော့တေးတစ်မျိုး ဖြစ်ပါတယ်။ ကော့တေးခွက်ကလေးရဲ့ အပေါ်မှာ ငှက်ပုံသဏ္ဍာန် ပုံဖော်ထားပြီး ခွက်ကို ငှက်လှောင်အိမ်ထဲ ထည့်ပြီး တည်ခင်းပေးတာမျိုးပါ။
ဒီကော့တေးကို မိမိအိမ်မှာ အလွယ်တကူ ပြုလုပ်ချင်တယ်ဆိုရင်တော့ Rum (၁)ဆခွဲခန့်၊ Campari လို့ခေါ်တဲ့ အရက်နီတစ်မျိုးကို (၄)ပုံ(၃)ပုံခန့်၊ သံပုရာရည် (၂)ပုံ(၁)ပုံ၊ ရေ(၂)ပုံ(၁)ပုံ၊ နာနတ်သီးဖျော်ရည် (၁)ဆခွဲခန့်ကို ရောမွှေပြီး သောက်သုံးနိုင်ပါတယ်။
ခွက်ရဲ့ အပေါ်မှာ အလှဆင်ထားတဲ့ ငှက်ပုံသဏ္ဍာန်လေးကိုတော့ နာနတ်သီးရဲ့ အခွံအပိုင်းအစကို ငှက်ပုံစံဖြစ်အောင် ပိုင်းဖြတ်ပြီး ကြိုးအလှလေးနဲ့ ခွက်ရဲ့ဘေးမှာ စည်းထားလိုက်ရုံပါပဲ။
၂။ COSMOPOLITAN
ဒီကော့တေးလေးက ရုတ်တရက်မြင်ရင်တော့ သာမန်ကော့တေးတစ်ခုလို့ ထင်ကောင်းထင်နိုင်ပေမယ့် တစ်ကယ်တော့ သာမန်သောက်နေကြ ကော့တေးတွေထက် ပိုထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့ ကော့တေးတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကော့တေးဟာ (၁၉၈၀)ခုနှစ်နှောင်းပိုင်းကတည်းက ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များခဲ့တဲ့ ကော့တေးတစ်မျိုး ဖြစ်ပါတယ်။
ဒီကော့တေးလေးကို အိမ်မှာ အလွယ်တကူ ပြုလုပ်မယ်ဆိုရင်တော့ Vodka (၁)ဆခွဲ၊ ဘယ်ရီသီးဖျော်ရည် (၂)ပုံ(၁)ပုံ၊ သံပုရာရည် (၄)ပုံ(၃)ပုံနဲ့Triple Sec အရက် (၄)ပုံ(၃)ပုံကို ရောမွှေပြီး သောက်သုံးနိုင်ပါတယ်။
၃။ TOM COLLINS
ဒီကော့တေးကလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လူကြိုက်များလို့ Best Cocktail စာရင်းဝင်ခဲ့တဲ့ ကော့တေးတစ်မျိုး ဖြစ်ပါတယ်။ ဒီကော့တေးကိုတော့ Gin (၂)ဆ၊ Lemon (၁)ဆ၊ ရေ(၁)ဆနဲ့ ဆိုဒါအနည်းငယ် ထည့်မွှေပြီး သောက်သုံးနိုင်ပါတယ်။
၄။ OLD FASHIONED
ဒီကော့တေးလေးက သာမန်အိမ်မှာ အရက်သောက်တဲ့အခါ ပြင်ဆင်နေကြ ပုံစံလိုမျိုး ဝီစကီခွက်နဲ့ ဖျော်စပ်ထားတာ ဖြစ်ပါတယ်။ Old Fashioned ဆိုတဲ့အတိုင်း (၁၉)ရာစုနှစ်ရဲ့ မူလပုံစံ အရက်ခွက်ကိုမှ ထူးခြားတဲ့ အရသာနဲ့ ဖျော်စပ်သောက်သုံးနိုင်တာမျိုးပါ။
ဒီကော့တေးလေးကို ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်သောက်သုံး ချင်တယ်ဆိုရင်တော့ Bourbon အရက် (သို့မဟုတ်) ဝီစကီအရောင်ရှိတဲ့ အရက်တစ်မျိုးမျိုး (၂)ဆခွဲ၊ ရေ (၂)ပုံ(၁)ပုံ၊ Angostura bitters (၃)ဆကို အချိုးကျ ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။
၅။ MARGARITA
Margarita ဟာလည်း တွေ့နေကျ၊ သောက်နေကျ ကော့တေးအမျိုးအစား တစ်မျိုးပါပဲ။ ယခင်ကတည်းက လူကြိုက်များခဲ့ပြီး ယခု (၂၀၂၁)ခုနှစ် ရောက်သည့်တိုင်အောင် လူကြိုက်များနေဆဲ ကော့တေးတစ်မျိုးပဲ ဖြစ်ပါတယ်။
Margarita Cocktail ကိုမှ သောက်နေကျ အရသာထက် ထူးခြားတဲ့ အရသာမျိုးကို ရှာဖွေချင်တယ်ဆိုရင်တော့ mezcal (၂)ဆ၊ Aperol (၂)ပုံ(၁)ပုံ၊ သံပုရာရည် (၂)ပုံ(၁)ပုံ၊ သံပုယိုရည် (၂)ပုံ(၁)ပုံ၊ Strawberry-Rhubarb ဖျော်ရည် (၄)ပုံ(၃)ပုံကို ရောစပ်သောက်သုံးနိုင်ပါတယ်။
၆။ MOJITO
ကော့တေးလို့ ဆိုလိုက်ရင် Mojito ကလည်း မပါမဖြစ်ပါပဲ။ ပူစီနံရဲ့ လန်းဆန်းစေတဲ့ အစွမ်းနဲ့ Rum ရဲ့ တက်ကြွမှုကို အပြည့်အဝ ခံစားနိုင်တဲ့ ကော့တေးတစ်မျိုး ဆိုရင်လည်း မမှားပါဘူးနော်။ Mojito ကို အိမ်မှာ ဖျော်စပ်သောက်သုံးချင်တယ် ဆိုရင်တော့ White Rum (၂)ဆ၊ ရေ (၄)ပုံ(၃)ပုံ၊ ပူစီနံရွက် (၁၀)ရွက် နဲ့ သံပုရည်တို့ကို အချိုးကျ ရောစပ် သောက်သုံးနိုင်ပါတယ်။
၇။ AMERICANO
ဒီကော့တေးက (၁၉၆၀)မတိုင်မီကတည်းက နာမည်ကြီးခဲ့တဲ့ ကော့တေးတစ်မျိုးပါ။ နာမည်ကြားလိုက်ရင်တော့ ကော်ဖီထဲ အရက်ထည့်သောက်တာမျိုးလားလို့ ထင်မှားနိုင်တဲ့ ကော့တေးပါပဲ။ ဒီကော့တေးကို အိမ်မှာ ဖျော်စပ်သောက်သုံးချင်တယ် ဆိုရင်တော့ Campari (၁)ဆ၊ Sweet vermouth (၁)ဆ၊ ဆိုဒါ(၂)ဆကို ရောစပ် သောက်သုံးနိုင်ပါတယ်။