မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ယခုဘဏ္ဍာရေးနှစ်၌ ကျပ် သန်း (၁၈၀၀) ကျော် အသုံးပြုကာ ကျေးလက်ကုန်ထုတ်လမ်းပေါင်း (၂၅) လမ်းအား ဖောက်လုပ်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် (၂၂) မြို့နယ်တွင်ရှိသော အဆိုပါ လမ်းပေါင်း(၂၅)လမ်းအား လာမည့် ဒီဇင်ဘာလအတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ (၂၂) မြို့နယ်တွင် ပါ၀င်သည့် မြို့နယ်များမှာ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျော်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ်တို့ ဖြစ်သည်။
“ခုလိုမျိုး ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာက စိုက်ပျိုးရေးတောင်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ အရင်တုန်းက ကုန်ထုတ်လမ်းတွေ မရှိတဲ့အချိန်တုန်းကဆိုရင် စိုက်ပျိုးတဲ့ သီးနှံတွေက မိုးဒဏ်၊ လေဒဏ်တွေကြောင့် လေလွင့်မှုတွေ၊ပျက်စီးမှုတွေ ဖြစ်ပေါ်ကြပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာပါ။” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ထပ်မံ ပြောကြားထားသည်။
ယင်းကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက တောင်သူများစိုက်ပျိုးထားသည့် သီးနှံများကို ရာသီမရွေး ထုတ်လုပ်သယ်ပိုးကာ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း ၄င်းမှ ထပ်မံ ပြောကြား ထားသည်။
Ref:mdy.gov,mdn