မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာ များမှထွက်ရှိသည့် ဩဇာသီးများ ပခုက္ကူ၊ ညောင်ဦး ဈေးကွက်ကိုသာ မှီခိုရောင်းချနေရကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ လွန်အိုင်၊ ဘိုတဲ၊ ဆင်ဆင်း၊ ဆုံကုန်း၊ ဆည်ပေါက်၊ ပုပ္ပား၊ ပုပ္ပားလွင်ကျေးရွာများသည် ဩဇာသီးအမြောက်အမြားထွက်သည့် ကျေးရွာများ ဖြစ်ကြပါသည်။
သို့ရာတွင် ယခု (၂၀၂၀) ခုနှစ်အတွက် ဩဇာသီးထွက်ရှိချိန်တွင် ရန်ကုန် နှင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိသောကြောင့် အနီးအနားမြို့များသို့ ကိုယ်တိုင် သွားရောက်ရောင်းချနေရသလို ဩဇာသီးပွဲစားများ လာရောက်ဝယ်ယူချိန် ရောင်းချနေရကြသည်။
(၂၀၁၉) ခုနှစ်က ဈေးကွက်အားဖြင့် ဩဇာသီး (၃၀) ပါ သေတ္တာတစ်လုံး ကျပ် (၁,၅၀၀) ဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ ခဲ့ရကြောင်း၊ ယခု (၂၀၂၀) ခုနှစ်တွင်မူ COVID-19 ကူးစက်ရောဂါ ကြောင့် လာရောက်ဝယ်ယူမည့်ပွဲစားများမရှိ၍ ဩဇာသီးဈေးကွက်ပျက်ကာ ဩဇာသီးခြင်းကျားတောင်းတစ်လုံးလျှင် ကျပ် (၁၆,၀၀၀) ဖြင့် တောင်းပြတ် ရောင်းချနေရသည်။
၎င်းခြင်းကျားတောင်း တစ်လုံးတွင် ဩဇာသီးအလုံး (၂၈၀) ခန့်ပါဝင်ပြီး ပုပ္ပား ပတ်ဝန်းကျင်ကျေးရွာများမှ ဩဇာသီးဝယ်ယူပြီး ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့သို့ သွားရောက် ရောင်းချနေရသည်။ ထို့ကြောင့် မန္တလေးတိုင်း ဩဇာသီးဈေးကွက်မှာ ယခုနှစ် အတွက် ပခုက္ကူ၊ ညောင်ဦး ဈေးကွက်ကိုသာ မှီခိုရောင်းချနေရကြောင်း သိရှိရပါသည်။
Ref: mrtv news