By Thant
ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် ယခုအခါ နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်အတွင်းရှိ မန္တလေးတောင်ခြေတွင် တည်ရှိသည်။
ကုန်းဘောင်ခေတ်ကာလ (၁၉) ရာစုလောက်ကတည်းက တည်ရှိခဲ့ပြီး မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးတစ်ကျောင်း ဖြစ်ပေသည်။ သမိုင်းဝင် ရွှေကျောင်းကြီးကို ကျွန်းတိုင်လုံးပေါင်း (၁၅၀) နှင့် ထောက်ကန်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
(၁၉)ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အသုံးပြု၍ တည်ဆောက်ထားခဲ့ ခြင်းဖြစ်သည်။ ရွှေကျောင်းရှိရာ နေရာသည် ယခင်က မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့သော နေရာတစ်ခုဖြစ်သည်။ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သီပေါမင်းမှ ၎င်းနန်းဆောင်ကို ဖြိုဖျက်၍ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့သည်။
ယင်းကျောင်းတော်ကို (၁၉) ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အသုံးပြု၍ တည်ဆောက်ထားခဲ့ ခြင်းဖြစ်သည်။ နန်းတော်မှ ပြောင်းလဲလာခဲ့သည် ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော်အတွင်း အပြင်တစ်ခုလုံးကို ရွှေပိန်းချထားသည့်အတွက် ရွှေကျောင်း ဟု လူသိများလာခဲ့ခြင်းဖြစ်သည်။
(၂၀၁၃) ခုနှစ် ဇူလိုင်လအတွင်းမှ စတင်၍ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ ( World Monument Fund ) မှ ပညာရှင်များ စုပေါင်း၍ အမေရိကန်ဒေါ်လာ (၅) သိန်း (၅) ထောင် အကုန်အကျခံကာ ပြန်လည် ပြုပြင်ခဲ့ကြသည်။
World Monument Fund မှ နောက်ထပ်ရန်ပုံငွေ ရရှိမည်ဆိုပါက ရွှေနန်းတော်ကျောင်းတဝိုက် သာယာလှပစေရေးအတွက် မြေယာရှုခင်း ပြုလုပ်ခြင်း အပါအဝင် ကျောင်းအဆောက်အအုံ၌ ပျက်စီးနေသည့် သစ်သားထည်များအား ပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်မည်ဟူ၍ မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဦးဟန်မှ (၂၀၁၄) ခုနှစ်တွင် ပြောကြားခဲ့သည်။
(၂၀၁၉) ခုနှစ်မှ စတင်ကာ ရွှေကျောင်းတော်ကို ရှေးမူမပျက် ထိန်းသိမ်းရန် World Monument Fund ၏ အကူအညီဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင်ရှိသော ရှေးဟောင်းသုတေသနဆိုင်ရာ အမျိုးသားပြတိုက် ဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေကျောင်းတော်သို့ သွားရောက် လေ့လာမည်ဆိုပါက နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ဝင်ကြေး အမေရိကန်ဒေါ်လာ (၁၀) ပေးရမည် ဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ကြေးပေးရန် မလိုအပ်ပေ။