About Mandalay

ပန်းချီဆရာကြီး ဦးလှထွန်းနှင့် တွေ့ဆုံခြင်း

Read 2125 times

0001

တွေ့ဆုံမေးမြန်းသူ--ကိုကျော်ထွန်းဦး (မန္တလေးလမ်းညွှန်)

 

ဆရာကြီး ဦးလှထွန်း၏ မိဘများမှာ ဦးစောမောင် + ဒေါ်လှရီ ဖြစ်ပါတယ်၊

1952 ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့၊ မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။

အမှတ်(၄၈)၊ ဖ-၁၁၊ ၅၇ လမ်း၊ ကံသာယာမြို့သစ်၊ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ပန်းချီဆရာကြီး ဦးလှထွန်းဆီကို

သွားရောက်ပြီး သိလိုသော အချက်များ၊ ဆရာကြီး၏ ဘဝဖြတ်သန်းမှုများ၊ ပန်းချီအနုပညာအပေါ် ခံစားမှုနှင့်

ထားရှိတဲ့ စိတ်သဘောထား စသည်တို့ကို မေးမြန်းခဲ့ပါတယ်။

ဆရာကြီးက သူ ဖြတ်သန်းခဲ့ရသော ဘဝ အတွေ့ကြုံများကို စိတ်ရှည်ရှည်နှင့် ဖြေကြားပေးခဲ့သည့်အတွက် ကျေးဇူးများစွာ တင်ရှိသလို

လေ့လာမှတ်သားစရာများနှင့် ဗဟုသုတများစွာကိုလည်း ရရှိခဲ့ပါတယ်။

 

ပန်းချီပညာကို လျှောက်လှမ်းခဲ့သော ဘဝအခြေအနေ     
1964/65 ခုနှစ်လောက် အလယ်တန်းကျောင်းသားဘဝမှစ၍ ဘကြီးဖြစ်သူ ဦးမြတ်သာ အစ်ကိုဖြစ်သူ ဦးသောင်းတင်တို့ထံမှ ဆိုင်းဘုတ်၊ ဇာတ်သဘင် ပိုစတာရေးနည်းများကို စတင်၍ သင်ယူခဲ့၊1967/68 ခုနှစ် အထက်တန်းကျောင်းသားဘဝမှာ ကော်မာရှယ်ပန်းချီလောကသို့ အချိန်ပိုင်းလေ့လာသင်ယူရင်း လက်တွေ့ပူးတွဲရေးဆွဲခဲ့၊

အမှတ်(၂၀) အထက(ပညာ့ဗိမာန်)မှာလည်း ပန်းချီအသင်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ကျောင်းတွင်း ပန်းချီ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်ခဲ့၊ 1967 ခုနှစ်မှာ မိုးကုတ် ဆုတောင်းပြည့်ဘုရားနှင့် ဘီးတောင်ပုံကို ဘကြီး၊ အစ်ကိုတို့နှင့်အတူ ပထမဆုံး out door ပန်းချီကား စတင်ရေးဆွဲခဲ့၊ 1973 ခုနှစ်လောက်မှာ မဏ္ဍပ် ပန်းချီ (ဆရာဦးပေါများ)လောကသို့ ဝင်ရောက်ပြီး လေးနှစ်ခန့် လက်တွေ့လေ့လာ ရေးဆွဲရင်း ပန်းချီ ပန်းပုကောင်စီ (မန္တလေးအရှေ့တောင်မြို့နယ်၊ ပန်းချီ/ပန်းပုကောင်စီ ဥက္ကဌ)၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် ဇာတ်နိပါတ်တော်ကားများကို အကူအဖြစ် သင်ယူရေးဆွဲခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြား ဆယ့်နှစ်ပွဲ ပွဲတော်ဈေးများမှာ ပိုစတာများ ရေးဆွဲပြီး ပွဲတော်ဈေး ပန်းချီသမားအဖြစ် ဘဝရပ်တည်ခဲ့ပါတယ်။

1988 ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်း Fine art ပန်းချီဘက်ကို ကူးပြောင်းပြီး ဘဝကို ရပ်တည်ခဲ့ပါတယ်။

 

ဘယ်လိုအရာတွေက ဆရာကြီးကို ပန်းချီဆရာ တစ်ယောက် အဖြစ် တွန်းအားဖြစ်စေခဲ့ပါသလဲ

မန္တလေးမြို့တွင်း ဘတ်စ်ကားလိုင်းများမှာ ကားစီးတဲ့အခါ ကားဒရိုင်ဘာရဲ့ နောက်အကန့်လေးတွေမှာ ရှုမျှော်ခင်း ပန်းချီကားလေးများ တွေ့မြင်ခဲ့ရတာတွေ၊ ရုပ်ရှင်ပိုစတာများ ရေးဆွဲနေမှုကို ကြည့်ရှုခဲ့ရတာတွေ၊ ပန်းချီပန်းပုကောင်စီကနေ ဦးဆောင်ပြီး အောက်ဒိုး ထွက်ခဲ့ကြရာမှာ ပန်းချီဆရာကြီးများ ရေးဆွဲမှုကို ကိုယ်တိုင် လိုက်ပါကြည့်ရှုပြီး မျက်မြင်တွေ့ရတာတွေရယ် ပြီးတော့ ဆရာကြီးများရေးဆွဲသလိုမျိုး ရေတတ်ချင်တဲ့စိတ်က ပန်းချီဝါသနာမျိုးစေ့ကို ရေလောင်းပေးလိုက်သကဲ့သို့ ရှင်သန်လာစေခဲ့ပါတယ်။

0022  

 

ပန်းချီ အနုပညာ အလုပ်ကို အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ်ရွေးချယ်ခဲ့ပုံလေး ပြောပါဦး ဆရာကြီး

ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသော ဘကြီး၊ အစ်ကိုဆရာတို့နဲ့ နီးစပ်အတူနေ လေ့လာသင်ယူရင်း ဆရာများရဲ့ အပ်ထည် စီးပွားရေးပန်းချီများကို ကူညီရေးဆွဲသင်ယူရာမှ ဝါသနာပေါ် အခြေခံပြီး ပျော်မွေ့စွာ နှစ်မြှုပ်ရင်း ရပ်တည်မှု ရရှိခဲ့ပါတယ်။

 

ဆရာကြီးအနေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ၊ အောင်မြင်မှုဆိုတဲ့အရာအကြောင်း နည်းနည်း ပြောပြပါဦး၊

အောင်မြင်မှုဆိုတာ ကံ၊ ဥာဏ်၊ ဝီရိယ၊ စေတနာ ဦးဆောင်မှုနဲ့ အခြေအနေပါ၊ ကံဆိုတဲ့အလုပ်ကို ဥာဏ်က ဦးဆောင်ပြီး ဝီရိယစိုက်ထုတ်ကာ ကောင်းသော စေတနာထား ရေးဆွဲမယ်ဆိုရင် အနည်းနဲ့ အများတော့ အောင်မြင်မှု ရရှိမှာပါ၊ နောက် - လူအများက ကိုယ့်ပန်းချီကားတွေကို သိမြင်နိုင်တဲ့ အခြေအနေ ဖြစ်ရပါမယ်၊ ဒါဆိုရင် ထိုက်သင့်သလို အောင်မြင်နိုင်ပါတယ်။

 

ဆရာကြီးရဲ့ ပထမဆုံး (တစ်ကိုယ်တော်) ပြပွဲလေးများ အကြောင်းသိပါရစေ

တစ်ကိုယ်တော် ပြပွဲဆိုတာ ပန်းချီကားများစွာ စုဆောင်း ရေးသားရတာဖြစ်တဲ့အတွက် အတော် ခက်ခဲပါတယ်၊ ပန်းချီကား မြတ်နိုးသူများက ပန်းချီကား လိုချင်လို့ တောင်းဆိုတော့လည်း ပြပွဲလုပ်မလို့ပါဗျာလို့ ပြောလို့ မသင့်၊ ဒီတော့ ပန်းချီကားကို ကောင်းကောင်း မစုမိတော့ဘူးပေါ့၊

ဆီဆေးဆိုတာက ဆေး အစို၊ အဖန့်၊ အခြောက်ပေါ်မှာ မူတည်ပြီး coating လုပ်ရတာရယ်၊ ဆီဆေးက အခြောက်နှေးတာရယ်ဆိုတော့ အချိန် တော်တော် ပေးရတယ်၊ Realism, Fine art ဆိုတော့ ပိုပြီး အချိန်ပေးရတယ်၊ အစုအဖွဲ့(အုပ်စု)ပြပွဲပေါင်း (၆၀)ကျော် နီးပါး ပြသခဲ့ပေမယ့် တစ်ကိုယ်တော် ပြပွဲကတော့ 2017 ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်မှ (၁၁)ရက်နေ့အထိ (၅)ရက်ကြာ မန္တလေးတောင် ပန်းချီပြခန်းမှာ (၁)ကြိမ်သာ ပြသခဲ့ပါသေးတယ်။

002

 

ခုနောက်ပိုင်းမှာ Modern Art ၊ Contempory Art နဲ့ ပတ်သတ်ပြီး ဆရာကြီး အမြင်လေး သိပါရစေ

သမားရိုးကျပန်းချီ၊ သရုပ်မှန်ပန်းချီ (Realism art ) ကနေ Impressionism, Expressionism ဆီကို ပြောင်းလဲ ရေးဆွဲလာကြတာတွေကို ခေတ်သစ် ပန်းချီလို့ ခေါ်ရမှာ ဖြစ်ပါတယ်၊ ခေတ်တွေ ပြောင်းလဲလာသလို Ism ဆိုတဲ့ မူဝါဒ ၊ စနစ်တွေ ပြောင်းလဲ လာကြတယ်။ တိုးတက်တဲ့ အမြင်တွေနဲ့ ခေတ်အလိုက် ရေးဆွဲလာကြတာတွေကို ခြုံငုံပြီး Modern at လို့ပဲ ပြောရမှာပေါ့၊

ခေတ်အမြင် အခေတ်အတွေးနဲ့ ရေးဆွဲကြတာကောင်းပါတယ်၊ ပညာရပ်တိုင်းမှာ လေးနက်မှုတွေ ရှိနေကြတာပဲလေ၊ လေးစားစရာပါ၊ လက်ခံနိုင်ပါတယ်၊ Contempory art ဆိုတာကတော့ ခေတ်ပြိုင်ပန်းချီလို့ ကျနော် ခံယူတဲ့အတွက် ခေတ်တစ်ခေတ်မှာ ကိုယ့်အကြိုက် ISM ရေးဆွဲသူတွေကို Contempory လို့ ခေါ်ရမယ် ထင်ပါတယ်။

ဒီနေရာမှာ အယူအဆ ကွဲပြားမှုတွေလည်း တွေ့နေရပါသေးတယ်၊ တစ်ချို့က Contempory မှာ Realism art မပါဘူး၊ Fine art မပါဘူးလို့လည်း ဆိုကြတယ်၊ နိုင်ငံတကာမှာ Realism၊ Fine art တို့ကိုလည်း Contempory art လို့ ဆိုကြတယ်၊

အယူအဆပိုင်း ခံယူချက်ပိုင်းကို အငြင်းပွား ငြင်းခုံမနေဘဲ အနုပညာဖန်တီးသူ အနုပညာရှင်များလို့ ခံယူလိုက်ရင် စိတ်ငြိမ်းချမ်းရတာပေါ့၊ ပျော်မွေ့စရာပေါ့ဗျာ။

 

ဆီဆေးကို ဦးစားပေး ရေးဆွဲသူ ဖြစ်တယ်လို့ သိရပါတယ်၊ ဘာ့ကြောင့် သည်တစ်မျိုးတည်းကို အားသန်မှု ရှိရတာလဲ၊

ကျနော့်ဘဝ ဖြတ်သန်းမှုက ပိုစတာရေးလာရတာများတယ်၊ ပိုစတာမှာ အရင်တုန်းက အဖြူဆိုရင် စဥ့်ကူး မြေဖြူတွေ ရေစိမ် စစ်ပြီး တမာစေး ကျွဲကော်တို့ကို ကြိုပြီး ရောစပ်ရတယ်၊ ထို့နည်းတူစွာ မြေနီ မြေဝါတို့ကို သုံးကြတယ်၊ အနက်ကိုတော့ ရေနံဆီ မီးထွန်းပြီး မှိုင်းခံပြီးမှ ငါးသည်းခြေ၊ ကြက်ဟင်းခါးရည်၊ အရက်စသည်တို့နဲ့ အခိုးသတ်ပြီး စဥ့်အင်တုံတွေထဲထည့်ပြီး ဆေးအထူရေးကြတယ်။

ရေဆေး water color ဆိုတာက ဆေးအရောင်တွေကို ရေအား အနည်းအများ လိုက်ပြီး အပါးရေးရတယ်၊ transparent အကြည်အရသာခံ ရေးရ ကြည့်ရတာလေ၊ အဲတော့ - - ကိုယ်ကျင်လည်ခဲ့တာနဲ့ တစ်ခြားစီ ဖြစ်နေတယ်၊ ကိုယ်က အထူသမား အဲ့လို ရေးခဲ့တဲ့သူဆိုတော့ ကိုယ်တိုင် အကျွမ်းတဝင်ရှိတာနဲ့ တူတဲ့ အားရနှစ်သက်တဲ့ ဆီဆေးကိုသာ အားသန် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

 02    

ဆရာကြီး ပြသခဲ့သမျှ ပြပွဲတွေထဲက မှတ်မှတ်ထင်ထင် အရှိဆုံးပြပွဲ အကြောင်းလေး ပြောပြပါဦး

ပြပွဲတွေ အများကြီး ပါဝင်ပြသခဲ့ပေမယ့် မှတ်မှတ်ထင်ထင်ရယ်လို့ သိပ်မရှိပါဘူး၊ တစ်မျိုးစီ ရည်ရွယ်ချက်တွေနဲ့ကိုး၊

အခြားပြပွဲတွေနဲ့ လုံးဝ မတူညီတဲ့ မှတ်မှတ်ထင်ထင်ပြုမိတာကတော့ မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခရောက်ကြတဲ့ ပြည်သူများကို ကူညီဖို့ ငွေကြေးလာရောက် လှူဒါန်းသူတွေကို ပန်းချီလက်တွေ့ရေးဆွဲပြီး အမှတ်တရလက်ဆောင်ပေးခဲ့တာနဲ့၊ ပြပွဲလုပ်ပြီး ပန်းချီကားတွေကို တန်ကြေးရဲ့ တစ်ဝက်ဈေးနဲ့ ရောင်းချပြီး ရောင်းရငွေတွေကို ရေဘေးသင့်ဒုက္ခသည်တွေကို ကူညီပံ့ပိုးခဲ့တာလေးကတော့ မှတ်မှတ်ထင်ထင်ပါပဲ၊ ပန်းချီအနုပညာရှင်တွေအနေနဲ့ အများနည်းတူ ငွေကြေး အလှူငွေထည့်ဝင်လှူဒါန်းမှုတွေသာ ရှိတယ်၊ အနုပညာလှူဒါန်းမှု မရှိခဲ့ကြဘူး၊

ပထမဆုံး အနုပညာလှူဒါန်းမှု ဖြစ်သလို ရေဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းချင်ကြတဲ့ ပြည်သူတွေ အများကြီးက စေတနာ ထက်သန်စွာဖြင့် အားတက်သရော ဝိုင်းဝန်းလှူဒါန်းလိုက်ကြတာ အလှူငွေ ကျပ်သိန်းပေါင်း နှစ်ရာတစ်ဆယ့်ရှစ်သိန်းကျော် ရရှိခဲ့ပါတယ်၊ အဲဒီ ပထမအကြိမ် ပန်းချီအလှူပြပွဲလေးက ဘဝမှာ မှတ်မှတ်ထင်ထင် ထူးထူးခြားခြား ရှိလှတဲ့ ပွဲပါ။

 

ဆရာပန်းချီဆွဲတဲ့အခါ / အနုပညာဖန်တီးတဲ့အခါ အနှစ်သက်ဆုံးနေရာကိုသိပါစေ

အဲ - - ဒီဟာကတော့ ပြောရရင်တော့ အနုပညာသမားတစ်ဦးအနေနဲ့ Emotion ဖြစ်ရင် ရေးလိုက်ကြတာဆိုတော့ အတိအကျ ပြောလို့ မရဘူးထင်ပါတယ်၊ နေရာထက် စိတ်ခံစားမှုက အနှစ်သက်ဆုံးလို့ ပြောပါရစေ။

 

ဆရာ ပန်းချီရေးဆွဲတဲ့အခါ ဘယ်လိုအရာမျိုးတွေကို အများအားဖြင့်ရေးဆွဲလေ့ရှိပါသလဲ

နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ သူ့သမိုင်းကြောင်းနဲ့သူ ရှိသလို၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ၊ ရာသီဥတုတွေကလည်း သီးခြားကိုယ်ပိုင် ရပ်တည်မှုတွေရှိကြပါတယ်။

ခေတ်မီတိုးတက်လာကြတဲ့အခါ ( Globalization ) ကမ္ဘာ့ရွာကြီးဖြစ်လာတယ်၊ ကူးလူးဆက်ဆံမှု အားကောင်းလာတာနှင့်အမျှ သီးခြားကိုယ်ပိုင်ဟန်၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုတွေ အားလျော့လာပြီး ရောသမမွှေသဘောဖြစ်တည်လာသလို၊ အကြောင်းအမျိုးမျိုးကြောင့်လည်း ကိုယ်ပိုင်ဟန်တွေလျော့ပါးလာပါတယ်။

ထင်သာမြင်သာအောင် ပြောရရင် - -

အရင်က ကျေးရွာတွေမှာ အိမ်အမိုး မိုးရင် ထန်းလက်၊ ဓနိ၊ သက်ကယ်၊ ဝါးကပ် အစရှိတာတို့နဲ့ အမိုး မိုးခဲ့ကြတယ်၊ အဲဒါတွေက တစ်နှစ် နှစ်နှစ် သုံးနှစ်လောက်သာ ခံတော့ ခဏ ခဏ မိုးကြရတယ်ပေါ့၊ စရိတ်တက်တယ်၊ အလုပ်ရှုပ်တယ်၊ ဒီတော့ - - အလွယ်တကူ ဝယ်လို့ရပြီး ကြာရှည်ခံတဲ့ သွပ်ပြားတွေ မိုးလာကြတယ်၊ ထရံကာ၊ ကပ်မိုး၊ ဓနိမိုးတွေအစား တိုက်အိမ်တွေ ဖြစ်လာကြတယ်၊

နောက် - - ကျေးရွာတွေရဲ့ သွားလာ ဆက်သွယ်ရေးဟာ အစဉ်အဆက် နွားလှည်းပါ၊ Climate Change ရာသီဥတု ပြောင်းလဲလာတဲ့အခါ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် နွားစာ၊ ကျွဲစာ၊ ရှားပါးခက်ခဲလာတယ်၊ ဒီတော့ - - အစာရှားပါးမှုကို အလွယ်တကူ ဖြေရှင်းနိုင်တဲ့ ဝယ်ရ လွယ်ကူတဲ့ စက်ကိရိယာတွေ အသုံးချလာတယ်၊ အချိန်မရွေးရနိုင်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့မောင်းနှင်လို့ရတဲ့ယာဉ်တွေကို တိရစ္ဆာန်တွေ လှည်းတွေနေရာမှာ အစားထိုးလာကြတယ်၊ အဝတ်အစားမှာလည်း ဖျင်ကြမ်းအင်္ကျီ၊ နှစ်နံစပ် ထမီ ပုဆိုးတို့ ပျောက်ပျက်ပြီး ခေတ်မီ အဝတ်အစားတွေ နေရာယူလာတာကို တွေ့ရတယ်။

တောဓလေ့စရိုက်တွေလည်း အတော်လေးကို ပျောက်ပျက်ကုန်ကြပါပြီ၊ ခေတ်မီတိုးတက်လာသလို တစ်ဖက်ကလည်း ဆုတ်-လျော့-ပျောက်-ပျက်တာတွေ မြင်ရဖန်များလာတော့ ရှားပါး လျော့နည်းလာတာတွေကို ရှာဖွေ ဖော်ထုတ် မှတ်တမ်းတင် ရေးဆွဲချင်တဲ့ စိတ် အာသီသက ပြင်းပြ စေ့ဆော်လာတော့

တောလက်ကျေးရွာတွေနဲ့ ဆက်နွယ်တာတွေကို အရေးများလာပါတယ်။

0003

 

ဆရာပထမဆုံးရောင်းချခဲ့တဲ့ ပန်းချီကားအကြောင်းပြောပါဦးဆရာ

မန္တလေး ကုသိုလ်တော် ပန်းချီပြခန်း (ကိုစိုးဝင်း)ကနေပြီး 23-3-1997 နေ့မှာ တောင်သူဦးကြီး လယ်ယာကွက်ထဲ နွားနှစ်ကောင် ဆွဲလာတဲ့ ပန်းချီကား ( 9 x 16 )လက်မ နဲ့ မူးချောင်းတံတားပေါ် နွားလှည်းဖြတ်သွားတဲ့ ပန်းချီကား (10 × 16 )လက်မ အသေး နှစ်ကားကို ပြင်သစ်နိုင်ငံသားက ဝယ်ယူသွားတာဟာ ကျနော် ရေးဆွဲတဲ့ပန်းချီကား ပထမဆုံး ရောင်းချရတာ ဖြစ်ပါတယ်။ ယူအက်စ်တစ်ဒေါ်လာကို မြန်မာငွေ 370 ကျပ် တုန်းကပါ။

အဲသလို နိုင်ငံခြားသားက ကိုယ့်ပန်းချီကားကို အားပေးတယ်ဆိုတော့ စိတ်ဓာတ်ခွန်အားလည်း ဖြစ်ခဲ့ရတယ်ပေါ့။

004

 

ဆရာကြီး ကြည်ညိုလေးစားရတဲ့ ပန်းချီပညာရှင်တွေ ရှိရင်လဲ သိပါရစေ

ကျနော်တို့ မြန်မာ့အစဉ်အလာ ဆိုရိုးစကားရှိတယ်လေ

ဂုဏဝုတ္တိ ဝရဝုတ္တိ၊ နောက် - - သဘာ၊ ဝါ ဆိုတာတွေလေ

အနုပညာလမ်းကို လျှောက်လှမ်းကြရာမှာ ခက်ခဲ၊ ပင်ပန်း၊ ဆင်းရဲဒုက္ခများကို ကျော်ဖြတ်ပြီးမှ သဘာရင့် ဝါရင့်ဆရာကြီးတွေ ဖြစ်လာကြရတာပါ၊ အားလုံးသော ပညာရှင်များကို ကြည်ညိုလေးစားမိပါတယ်ဗျာ။

 

ဆရာကြီးအနေနဲ့ အခြား ဘာများ ပြောချင်တာလေးရှိပါသေးသလဲ  ရှိရင်လည်း သိပါရစေ။

ကျနော်တို့ ငယ်စဉ်က ပန်းချီရေးဆွဲတယ်ဆိုရင် လူအများက နှာခေါင်း ရှုံ့ကြတယ်။

ပညာရှာရန် ခဲယဉ်းသလို တန်ကြေးထား မြတ်နိုးစွာ ဝယ်ယူချိတ်ဆွဲတဲ့သူလည်း အင်မတန် ရှားပါးပါတယ်၊ အတော်ကို ကြိုးစား အားထုတ် ရုန်းကန်ခဲ့ကြရပါတယ်။

ဒီခေတ် လူငယ်တွေလက်ထက်မှာတော့ ပညာရှာဖွေဖို့၊ လေ့လာဆည်းပူးဖို့၊ အိုင်တီစနစ်တွေ၊ အင်တာနက်၊ စာအုပ်စာပေတွေ ပေါများလာသလို တော်တော်များများကလည်း ပန်းချီကို တန်ဘိုးထား ဝယ်ယူစုဆောင်းလာကြတဲ့အတွက် ကျနော်တို့တုန်းကလောက် ကြိုးစားအားထုတ်မှု ဆင်းရဲမှုတွေ သိပ်တော့ မကြုံနိုင်တော့ပါဘူး၊ ဒီတော့ အောင်မြင်မှု ပန်းတိုင်ဟာ လက်တစ်ကမ်းမှာ ရှိနေပါပြီ။

အားလုံးသော လူငယ်များ ကြိုးစားကြပါလို့----

စာကြွင်း။ ။ သတင်းစာဆရာ၊ စာရေးဆရာ လူထုစိန်ဝင်း က ကလေးတွေကို မရိုင်းအောင် ဂီတ၊ ပန်ချီနဲ့ နီးစပ် ထိတွေ့နေရမယ်လို့ ဆိုပါတယ်၊

   0004  

05

 

 

Bookmark