နိုင်ငံရပ်ခြားတွင် ပညာ သင်ကြားခြင်း
စာပေ သင်ကြားခြင်းဖြင့် ပညာဗဟုသုတ ၊ အကြားအမြင် ဖွံဖြိုးတိုးတက်စေသည် ဟူသော သဘောကို အင်္ဂလိပ်လို (Educate) ဟု ကြိယာ အမျိုးအစား စကားလုံးဖြင့် အဓိပ္ပါယ် ဖွင့်ဆိုကြပြီး ၊ ထို စကားလုံးမှ ဆင်းသက်လာသော (Education) ဆိုသော နာမ်စကားလုံး အမျိုးအစားကိုမူ (သင်ကြားပေးခြင်း ၊ ဖွံ့ဖြိုးတိုးတက်လာသည့် အသိဥာဏ်ပညာ) ဟု အဓိပ္ပါယ်ဖွင့် ဆိုနိုင်ပေသည်။ အများက လက်ခံ သဘောတူထားသည်မှာ (ပညာ) သို့မဟုတ် (ပညာရေး) ပင်ဖြစ်သည်။
အထက်ပါ Education ၏ အဓိပ္ပါယ်တွင် ကျွန်တော်တို့ ပညာသင်ကြားရခြင်း၏ အဓိက ရည်ရွှယ်ချက်မှာ ပေါ်လွင်ပြီးသား ဖြစ်နေပါသည်။ တစ်နည်းဆိုသော် ပညာသင်ကြားခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကျွန်တော်တို့၏ (စိတ်ပိုင်းဆိုင်ရာ) နှင့် (ရုပ်ပိုင်းဆိုင်ရာ) ဖွံ့ဖြိုးတိုးတက်ပြီး ၊ လူ့ဘဝ၏ သက်တန်းစေ့သည့် အထိ မပင်မပန်း ရွှင်လန်းစွာ ဘဝကို ဖြတ်သန်းနိုင်ဖို့ အတွက် ဖြစ်ပါသည်။
ထိုအယူအဆကြောင့် ကမ္ဘာနိုင်ငံ အသီးသီးရှိ ၊ လူမျိုးပေါင်းစုံတို့သည် ပညာ သင်ကြားကြရခြင်း ဖြစ်သည်ဟု ဆိုရလိမ့်မည်။ ကိုယ့် ရပ် ၊ ကိုယ့် ဒေသတွင် ပညာသင်ကြားပါက အကြောင်းကိစ္စ မရှိသော်လည်း ၊ ပြည်ပသို့ ပညာသင် သွားရောက်မည် ဆိုလျှင် အောက်ပါ ဖော်ပြပါ အချက်များကို ဦးစွာ ကြိုတင် ပြင်ဆင်ထားရှိရမည်။
(၁) နိုင်ငံတကာသုံး ဘာသာ စကားဖြစ်သော အင်္ဂလိပ်ဘာသာ၏ စွမ်းဆောင်ရည်ကို ကြိုတင် လေ့ကျင့် ဖြည့်ဆည်းထားရမည်။
(၂) လိုအပ်ပါက သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကားကိုလည်း အထိုက်အသင့် လေ့လာ ဆည်းပူးသင့်သည်။
(၃) သက်ဆိုင်ရာ နိုင်ငံရှိ ၊ ကျောင်း ၊ ကောလိပ် ၊ တက္ကသိုလ် တို့၏ အကြောင်း ကိုလည်း တတ်နိုင်သမျှ လေ့လာသွားရမည်။
(၄) သက်ဆိုင်ရာ ကျောင်း၏ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေ့လာပြီး တိကျစွာ လိုက်နာ ကျင့်သုံးရပေမည်။
(၅) သက်ဆိုင်ရာ နိုင်ငံ၏ လူမျိုး၊ ဓလေ့ ထုံးတမ်း ၊ အကျင့်စရိုက် ကိုလည်း လေ့လာပြီး ၊ လေးစားလိုက်နာ ကျင့်သုံးရမည်။
(၆) အထူးသဖြင့် ပညာသွားရောက်သင် ယူရမှာ မိမိ၏ ရည်မှန်းချက် ပန်းတိုင် မပျောက်ပျက်အောင် အပေါင်းအသင်း ခုံမင်မှု အစွမ်းကုန် လျှော့ချ ပစ်နိုင်ရမည်။
သို့မှသာ ပညာရေး၏ အနှစ်သာရဖြစ်သော မိမိ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု နှင့် မိမိ၏ ဝန်းကျင် အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းမှု မုချ ရရှိလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် မိမိ နိုင်ငံမှာ မရရှိနိုင်သော ပညာရပ်များကို အခြားနိုင်ငံမှ ပြည်ပ ပညာသင်ကြားခြင်းဖြင့် ရရှိနိုင်အောင်ကြိုးစားရာမှာ ဆောင်ရန် ရှောင်ရန် များကို လိုက်နာ ဆောင်ရွက်ခြင်းဖြင့် သိက္ခာရှိသော ၊ မှန်ကန်တိကျသော ၊ မိမိ နှင့် သူတစ်ပါး အကျိုးစီးပွားကို ဖြစ်ထွန်းစေသော ပညာရပ်များကို ရရှိလာမည် ဖြစ်ကြောင်း၊ တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါသည်။
နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုသူများအဖို့ အထောက်အကူ ဖြစ်စေရန် နိုင်ငံတကာကျောင်းများ link အား အောက်တွင် ဝင်ရောက်ကြည့်ရှူ့နိုင်သည်။