မန္တလေးည
======
KTV များ
KTV တွင် သီချင်းသီဆို အပန်းဖြေမှုသည်လည်း မြန်မာတစ်နိုင်ငံလုံးတွင် ခောတ်စားလာသည့် အပန်းဖြေစရာ တစ်ခုဖြစ်သည်။ Lavendar ၊ Kira ၊ M-26 ၊ Symphony ၊ Hollywood နှင့် Nika II KTV ဆိုင်များသည် သင့်မိသားစုနှင့် သူငယ်ချင်းများ အတူသွားရောက် အပန်းဖြေ သီဆိုရန် သင့်တော်သည်။ နိုင်ငံခြားသားများအနေဖြင့် ဆိုင်များတွင် နိုင်ငံခြား တေးသီချင်းများ ထည့်သွင်းထားမှု နည်းသဖြင့် မိမိ သီိဆိုလိုသည့် သီချင်းများ ရှာဖွေ သီဆိုနိုင်ရန် ခက်ခဲ နိုင်သည်။
ကျုံးပတ်လည်
မန္တလေးသူ/ သား လူငယ် လူရွယ်များ သည် နေ၀င်ဆည်းဆာ အချိန် ကျုံးပတ်လည် တစ်လျှောက် လေညှင်းခံ လမ်းလျှောက်ရင်း အပန်းဖြေရသည်ကို အထူးနှစ်ခြိုက်ကြသည်။ ထို့အပြင်ကျုံးပတ်လည်တွင် အားကစားလည်း ပြုလုပ်နိုင်သည်ဖြစ်၍ ညဦးပိုင်း နှင့်နံနက်ပိုင်းတို့တွင် အပြေးလေ့ကျင့်သူများ ၊ အားကစားလာလုပ်သူများနှင့် စည်ကားလျက်ရှိသည်။
လက်ဖက်ရည်ဆိုင်များ
လမ်းဘေးလက်ဖက်ရည်ဆိုင်လေးများတွင်လည်း လာရောက်စားသုံးသူများ အပန်းဖြေနိုင်စေရန် အတွက် TVများတပ်ဆင်ပေးထားရာ ကိုယ်နှစ်သက်ရာ ဘောလုံးပွဲ ၊ ယခု ခေတ်စားလျက်ရှိသော ကိုးရီးယား ဇာတ်လမ်းတွဲများကို ကြည့်ရှူ့ရင်း လက်ဖက်ရည်သောက် အပန်းဖြေနိုင်ပေသည်။ ရွှေပြည်မိုး ၊ မင်းသီဟ ၊ မန်းမြို့တော် ၊ ပန်းသခင် ၊ မင်းမဟာ ၊ အောင်သူ ၊ ရွှေဥယျာဉ် ၊ အာကာမင်း ၊ အာကာစိုး ၊ သူငယ်ချင်း စသည့် လက်ဖက်ရည်ဆိုင်များသည် မန္တလေးတွင် နာမည်ရ လက်ဖက်ရည်ဆိုင်များဖြစ်ကြသည်။
ဘီယာဆိုင်များ
Live တီးခေတ်သော ဂီတ ၀ိုင်းများ ဖြင့် ဧည့်ခံသည့် ဘီယာဆိုင်များ မန္တလေးတွင် နည်းပါးသော်လည်း ကန်တော်ကြီးရှိ အင်ပါယာ ၊ ၂၆ လမ်းရှိ ဧဒင်မန်း နှင့် ၆၂ လမ်းရှိ ရွှေတိုင်းတို့တွင် ညပိုင်းအချိန်တွင် Live တီးခေတ်ပေးသည့် ၀ိုင်းများဖြင့် ဧည့်ခံလေ့ရှိရာ Live music ကြိုက်နှစ်သက်သူတို့ သွားရောက်သင့်ပေသည်။
ညဈေး
စာအုပ် အဟောင်းများ ၊ မီးဖိုချောင်သုံး ပစ္စည်းများ ၀ယ်ယူရရှိနိုင်သော ဈေးချိုတော် ရှေ့ ညဈေးတန်းနှင့် တရုတ်တန်းတို့တွင် ည 10 နာရီခန့် အထိ သွားရောက်ကြည့်ရှူ့ ၀ယ်ယူနိုင်သည်။
ရုပ်ရှင်ရုံများ
မန္တလေးတွင် နိုင်ငံတကာမှ ရုပ်ရှင်ကားများ တင်ဆက်ပြသသော ရုပ်ရှင်ရုံများ တဖြည်းဖြည်း များပြားလာပြီ ဖြစ်သည်။ Diamond Plaza ရှိ ရုပ်ရှင် ရုံများမှလည်း 2D နှင့် 3D ရုပ်ရှင်ကားများကိုနေ့ရော ၊ ညပါ အမြဲ ပြသပေးလျက်ရှိသည်။