မန္တလေးမြို့ အိုးဘိုရပ်ကွက် ဧရာဝတီမြစ်ကမ်း နံဘေးတွင် ကျင်းပတာဖြစ်တဲ့ လူသိများတဲ့ ပွဲတော်တစ်ခုဆိုရင် မမှားပါဘူး။ မြေထည်ဖြင့်ပြုလုပ်ထားသောကလေးကစားစရာ အိုးပုတ် ချိုးရုပ်ကလေးများ၊ အိုးခွက်များ၊ စုဘူးများကို ရောင်စုံဆေးပန်းချီရေးချယ်ပြီး ရောင်းချတဲ့ ပွဲဖြစ်ပါတယ်။ ဒါ့ပြင် အခြားပန်းအိုးတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းများ၊ စဥ့်ထည်ပစ္စည်းများလည်း ထိုပွဲတော်တွင် ဝယ်ယူရရှိနိုင်ပြီးတစ်နှစ်ပတ်လုံး တစ်ရက်သာ ကျင်းပတာ ဖြစ်ပါတယ်။
အချို့ကအိုးပုတ်ကလေးများကို မိမိတို့ သားသမီးများအတွက် ပိုက်ဆံပေးဝယ်ယူကြသလို အချို့ လူငယ်တွေကလည်း အိုးပုတ်ခိုးပွဲတော်ဟု အမည်သညာသမုတ်ထားတဲ့ အတိုင်း အပျော်သဘောမျိုး အိုးပုတ်လေးများကို ခိုးယူကြတဲ့အလေ့အထ ရှိပါတယ်။ ရောင်းချသူတွေကလည်း တရားလွန် ခိုးယူခြင်းမဟုတ်ပါကခွင့်လွှတ်နားလည်ရင်း အပြုံးမျက်နှာများဖြင့်သာ မသိချင်ယောင် ဆောင်နေတတ်ကြသည်မှာ အလွန်ပင် ချစ်စရာကောင်းသော ဓလေ့တစ်ခုဖြစ်ပါတယ်။
ရွှေကျွန်းပင်နတ်ပွဲအပြီး တောင်ပြုံးပွဲသို့အကူး လမ်းခရီးတစ်ထောက်နားသည့်အနေဖြင့် ဒီနေရာလေးတွင် ရောင်းချခဲ့ရာမှ ယနေ့တိုင် ပွဲတော်လေးကျင်းပလာသည်မှာနှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
နှစ်စဉ် ဝါခေါင်လဆန်း(၈)ရက်နေ့ ဥပုသ်နေ့ တရက်ထဲသာ ကျင်းပသော ပွဲလေးဖြစ်ပြီး အိုးပုတ်ခိုးပွဲတော်နှင့်အတူ ယှဉ်တွဲပြီးကျောက်ပန်းခွေလေးများလည်းရောင်းချကြတာ ကို တွေ့ရပါတယ်။ ပွဲတော်အပြန်မှာ ရေမှော်ရနံ့သင်းနေတဲ့ ပန်းခွေလေး ခေါင်းမှာ စွပ်၍ ပြန်ရသည်မှာ အလွန်ပျော်စရာ ကောင်းလှပါတယ်။