Things to do in Mandalay

အထက်မြန်မာပြည်စာပေထုတ်ဝေဖြန့်ချိရေး ထွန်းဦးစာပေ၊ ကိုထွန်းဦးအကြောင်း အပိုင်း(၂)

Read 970 times

 

အထက်မြန်မာပြည်စာပေထုတ်ဝေဖြန့်ချိရေး ထွန်းဦးစာပေ၊ ကိုထွန်းဦးဘ၀အကြောင်းအပိုင်း(၂)

လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ပုံ

ဂျာနယ်ပေးရင် ရှေ့က လေးဦး ပေးရတယ်၊ အဲဒီလေးဦးမှာ Section လေးဦးရှိလို့လေ၊ အထွေထွေ တစ်နှစ်သုံးလေး ဆိုတာ လက်ပွေ့တွေလေ၊ နောက် သတင်းစာလုပ်ငန်းလုပ်နေ တဲ့ ၀န်ဆောင် တစ်နှစ်သုံးလေးဆိုတာ တစ်ခု၊ စာအုပ်ဆိုင်နဲ့တွဲပြီး ဂျာနယ် ရောင်းတဲ့ စာပေ အရောင်းဆိုတာတစ်ခု၊ နယ်အထွေထွေကျတော့ နယ်ကနေ ကိုယ့်ဆီလာတဲ့နယ်သမား၊ ယူပြီးတော့ ကားနဲ့ပြန် တယ်၊ မြစ်ငယ်၊ ကျောက်ဆည်၊ မတ္တရာ၊ ပြင်ဦးလွင် အဲလိုလာမယ်၊  အဲလို လေးဆိုင်းထားရတယ်၊ ဘောက်ချာကို အဲလို ခေါင်းစဉ်ခွဲထားတယ်၊

ကိုယ်လုပ်နိုင်တာက လာသမျှအချပ်ပိုကို မှာယူစောင်ရေအတိုင်း ပထမ ပြည့်မပြည့် စစ်ရတယ်၊ စစ်ဆေးပြီးပြည့်မှ နယ်ပို့ရန်နှင့် မြို့ပေါ်အရောင်းဆိုင်များသို့ ပေးရန် ဒုတိယ အဆင့် ခွဲရတယ်၊ တတိယအနေနဲ့ကတော့ ကိုယ့်ရှေ့က စာရင်းရှိ အရောင်းသမားများ အတွက်  ပေးရာတွင် အဆင်ပြေရန် ဆယ်စောင်ထပ်တွေ ခွဲခြား ထပ်ရတယ်၊

ပေးရန်ကျန်သော စောင်ရေ အတော်လေး နည်းသွားပြီဆိုရင် အချပ်ပိုတစ်စောင်ခြင်း ခွာပြီး စာစောင်ဘော်ဒီထဲသို့ ထည့် ပေးရတယ်၊ ထည့်ပေးခြင်းအားဖြင့် ရောင်းချသူအတွက် အဆင်သင့်လည်းဖြစ်တယ်၊ ကိုယ့်ရဲ့ စာစောင်နဲ့အစောင်ရေ ကိုက် မကိုက်လည်း စစ်ဆေး ပြီးဖြစ်တယ်၊

ခံယူချက်

ကိုယ့်ခံယူချက်ကတော့ ရိုးသားစွာ ကြိုးစားမယ် ကိုယ့်ရဲ့ပရိယာယ်လေးနဲ့ ဆင်ခြင်သုံးသပ်ပြီး သူများမှားခဲ့တဲ့အဖြစ်မျိုး ကိုယ်မမှားအောင် သင်ခန်းစာယူတယ်၊ ပြီးတော့ စီးပွားရေးပေဖြစ်တဲ့အခါလည်း ခံစရာရှိတာခံ၊ ခံနိုင်ရည် ရှိအောင်လုပ်၊ တစ်ခါ တူဖြစ်တဲ့ဘ၀မှာလည်း ထုချင် နှက်ချင်တဲ့စိတ်မမွေးဘူး၊ သူ့သဘောသူဆောင်လိမ့်မယ်လေ၊ ကိုယ်ကတစ်ခါ ပြန်ထုရင် သံသရာ ဆိုတာ လည်နေဦးမှာပဲမဟုတ်လား၊ ကိုယ်က အင်အားကြီးလာရင် အင်အားငယ်တဲ့သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရမယ် ဆိုတဲ့ စိတ်မွေးတယ်၊ အထွတ်အထိပ်ရောက်တော့လည်း အားလုံးနဲ့ သဟာဇာတဖြစ်အောင်နေ ရမယ်ဆိုတဲ့စိတ်၊ ကိုယ့်ရဲ့ ကျန်းမာရေး၊ စီးပွားရေး လူမှုရေးမှာ သူများကျောကုန်းပေါ် နင်းပြီး လျှောက်ရမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ ခံယူချက် အမြဲ မွေးတယ်လေ၊

     မျက်စိရောဂါစတင်

သည်လိုနဲ့ အခန့်မသင့်တော့ ၈၉မှာ မျက်စိဖြစ်တယ်၊ အသက်က(၃၁)နှစ်လောက် ကပေါ့၊ မွေးရာပါ မျက်စိရောဂါမဟုတ်ပေမယ့် ဒီ သွေးကြောထုံး မျက်စိရောဂါကလည်း လူနှစ်သိန်းခွဲမှာ တစ်ယောက်လောက်သာ ဖြစ်တဲ့ သွေးကြောလုံးခြင်း ရောဂါလို့ ပြော တာပဲ၊ ၂၀၀၃ လောက်က စင်ကာပူကို တစ်ခေါက်သွားတယ်၊ အဲဒါက သွားပြီး စစ်ဆေးတာလောက် ပဲ ရှိတယ်၊ ၂၀၀၇ မှာ Health Digest ဂျာနယ်က မိတ်ဆွေများရဲ့ အကူအညီနဲ့ ထိုင်း၊ ဘန်ကောက် မှာတစ်ခါ ဆေးကုသမှု ခံခဲ့တယ်၊

မျက်စိမြင်ရေးအတွက်မဟုတ်ဘဲ၊ ဦးနှောက်ကို ထိခိုက်မယ့်အရာတွေကို ဖယ်ရှားတဲ့ သဘော၊ ရှင်းလင်းတဲ့သဘောနဲ့သာ ကုသခဲ့တာ၊ မျက်စိအတွက် နှစ်နှစ်လောက်နားနေပြီး အဲဒီနောက်တော့ မျက်စိမမြင်လို့ သေမှာမဟုတ်ဘူး။ ပျင်းလို့သေ မှာဆိုတဲ့ စိတ်ကြောင့် ဆိုင်မှာလိုက်ပြီး ကိုယ်လုပ်နိုင်သမျှအလုပ်လေးတွေ၊ လစ်ဟာနေတဲ့နေရာလေးတွေကို လုပ်ကိုင်ခဲ့တာ၊ မျက်စိ မမြင်ပေမယ့် နောက်ပိုင်း ရန်ကုန်ကို နှစ်လတစ်ကြိမ်လောက်ကို ဆင်းဖြစ်သေးတယ်၊ အခုအချိန်မှာ မျက်စိက မမြင်ရတော့ပေမယ့် နာကျင်ကိုက်ခဲခြင်း မရှိတော့ပါဘူး၊

စာပေထုတ်ဝေပေးခြင်းနှင့်အခြားလှုပ်ရှားမှု

အစကနဦး ကိုကံချွန်ရဲ့ ‘ခေတ်ကျောင်းသား’ ဆိုတဲ့ စာအုပ်ကလေး ထုတ်ပေးဖြစ် တယ်၊ အဲဒါကို အားမာန်သစ်စာပေကဖြန့်ပြီး တော့၊ နောက်ပိုင်းကျ သူ ကံချွန် မဆိုး ဘူးပေါ့လေ အဲဒီတုန်းကတော့ စာအုပ် ၁၅၀၀ ရိုက် ၁၀၀၀ ကုန်တယ်ဆို ဈေးကွက်ဝင်တယ်၊ သူတို့ ဆက်ထုတ်ဖြစ်ကြတယ်လေ၊  

ကံချွန်ရဲ့ ‘ကြားဖူးနားဝ ဟာသပုံပြင်များ’ဆိုတာ ကိုယ်ကနာမည်ပေးခဲ့တာ၊ ပုံပြင်လည်းဖြစ်ရမယ် သူ့သရုပ်ဖော်ပုံလေးတွေနဲ့ လည်းဖြစ်ရမယ်၊ အဲဒီစာအုပ်ကို ပုံပြင် စာအုပ်စင်ထဲထည့်တယ်။ရုပ်ပြထဲလည်း ထည့်ရောင်းတော့ နာမည်တော်တော်ရခဲ့တယ်၊

မန္တလေးအသင်း(ရန်ကုန်)က အမှတ်တရထုတ်ချင်လို့ဆိုပြီးတော့ မန္တလေးအသင်းနှစ် တစ်ရာ့ငါးဆယ်မဂ္ဂဇင်းကြီးကို ကိုယ်နှင့် မန်းလေးက စာပေအဖွဲ့တွေပေါင်းပြီး အဲဒီ မဂ္ဂဇင်း ကြီးကို ဖြစ်အောင်လုပ်လိုက်တာ အခုထိကို တန်ဖိုးရှိပြီးတော့ အမှတ်တရဖြစ်နေတယ် ။

ဆရာဖေမြင့်တို့ အမျိုးသားကဇာတ်ရုံမှာ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်အလုပ်ရုံ   ဆွေနွေးပွဲလုပ်တော့ မန်းလေး ဥတ္တရလွင်ပြင်စာပေက ဆရာသင့်နော်နဲ့ ကိုယ်နဲ့ တွဲပြီး စာတမ်းတစ်ခုဖတ်တယ်လေ၊ နိုဘယ်လ်မြန်မာစာပေ ပွဲတော်တုန်း ကလည်း စာအုပ်လောက နဲ့ပါတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးတွေ ၀င်ရောက်ဆွေးနွေးခဲ့ပါတယ်၊

မန္တလေးမြို့တည် နှစ်(၁၅၀)အကြိုပွဲတော်အဖြစ် အနုပညာပုံရိပ်ပွဲတော်ဆိုပြီးတော့ စာပေ ဂီတ သဘင် တို့ ပူးပေါင်းပြီး လုပ်တဲ့ပွဲမှာလည်း ပါဝင်ဆောင်ရွက်ခဲ့တယ်၊

ကိုယ်မျက်စိဖြစ်ပြီးတော့ ပျင်းနေတဲ့အချိန်မှာ မန္တလေးက သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေနဲ့ အတူ စုဖွဲ့ပြီး “ ယနေ့ မန္တလေးစာအုပ်တိုက်” ဆိုပြီးထူထောင်ခဲ့တယ်၊ စာအုပ်တော်တော်များများထုတ်ဝေပေးခဲ့တယ်၊ အစကအစုဝင်(၁၀)ဦးလောက် ကနေ၊ နောက်တော့ များလာတယ်ပေါ့၊

ယနေ့မန္တလေးစာအုပ်တိုက်ရဲ့ထုတ်ဝေမှု အောင်မြင်တာက စုံထောက် ဦးစံရှားပေါင်းချုပ်ကြီးတွေ၊ စာအုပ်အဖြစ် မရှိသေးတဲ့ မောင်စံရှားကို စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ် ။

တောင်လေးလုံးဆရာတော် ကိုပညာ(အမရပူရ)က ရေးပြီး၊ ဒေါက်တာသန်းထွန်းက အင်္ဂလိပ်လို ပြန်ခဲ့တဲ့ တောင်သမန် ၀န်းကျင် သမိုင်းဝင်နေရာများ၊ အဲဒါ အမျိုးသားစာပေဆု ရတယ်လေ၊ အဲဒီစာအုပ်ကို ယနေ့မန္တလေးက ထုတ်ခဲ့တာ၊

အဲဒီတောင်လေးလုံးဆရာတော်ကျောင်းမှာပဲ ဆရာမြသန်းတင့်ရဲ့ ကျောက်တိုင်၊ ကဗျာ ဆရာကြီး(ဦး)တင်မိုး ကွယ်လွန်ပြီး ခြောက်နှစ်မြောက် အမှတ်တရကျောက်တုံးလုပ်ခဲ့တယ်၊ ဒဂုန်တာရာကျောက်တိုင်၊ နောက်ဆုံးက ဟံသာဝတီဦးဝင်းတင် ကျောက် တိုင်၊ အဲဒါတွေကို ကိုယ်တိုင်ဦးစီးပြီး ကိုယ်နဲ့အတူ ညီအစ်ကိုတွေ အပေါင်းအသင်းမိတ်ဆွေတွေ ၀ိုင်းဝန်းပြီး လုပ်ဆောင်ခဲ့ တယ်၊ ဆက်လက်ပြီး စစ်ကိုင်းက စီစဉ်တဲ့သူတစ်ချို့နဲ့ ဆရာတော်ရွှေကိုင်း သားရဲ့ ရာပြည့်ကျောက်စာတိုင် လုပ်ဖို့ကြိုးစား နေကြတယ်၊

      ရယ်ရွှန်းဖတ်ရွှန်းဂဏန်းထွန်းဦး

၈၉မှာ မျက်စိဖြစ်ပြီးတော့ နှစ်နှစ်ခွဲလောက်နားလိုက်တယ်၊ ပြောရရင် မင်္ဂလာဆောင် ခါနီးဖြစ်လို့ ဒီ သိုက်တွေလား ဘာလား ပြောကြတာပေါ့၊ ကိုယ်လည်း ပြောင်ချော်ချော်လုပ် ချင်တာနဲ့ ..ဟုတ်တယ် သိုက်ကခေါ်တာ လူ့ပြည်မှာ မိန်းမယူလို့လေ၊ ဟ လူ့ပြည်ရောက် လူလို မိန်းမ ယူမှာပေါ့၊ နင်တို့ ပြန်လာစေချင်လာခဲ့မယ်၊ ဘာရှိလဲ ပြောဆိုတော့၊ ရွှေမန် ကျည်းသီးတောင့်ပေးမယ်၊ မလိုချင်ဘူး၊ နင်တို့သိုက်မှာ ဘီယာရှိရင် ငါပြန်ခဲ့မယ် လို့ပြောတော့ အဲတော့ ဟိုက မရှိဘူးဆိုတာနဲ့ ငါလည်း မပြန်တော့ဘူးကွာ သူတို့ကလည်း မျက်စိကောင်းအောင် ပြန်လုပ်မပေးဘူးပေါ့ကွာလို့။

နောက် ပယောဂပါ လုပ်လာကြတော့ နောက်ဆုံး …ငါ့မှာ ပုဆိုးစုတ်နဲ့ စွပ်ကျယ်ပါ ကုန်ပြီ၊ ငှက်ပျောသီးသည်နဲ့ အုန်းသီးသည်ပါ အငယ်ထားရမလိုဖြစ်နေပြီလို့၊ ငါဒိုင်ယာရီ မှာရေးထားတယ် ဘုရားကု ၀ိဇ္ဇာကု သိပ္ပံကု အားလုံးနားထားသည်၊ ကုပြီဟေ့ဆို ကိုယ်ချည်း ပဲ ခံနေရတာလေ၊ သည်လို မြင်းညိုဆေးလိပ်အတုတ်ကြီးတွေ ဆယ်လိပ်သောက်ခိုင်းတာ ကိုးလိပ်နဲ့တင် ပါးစပ်တွေ ပေါက်လို့ ထမင်းသုံးရက်မစားနိုင်ဘူး၊ ဆေးလိပ်လည်းကြိုက်တဲ့သူ မဟုတ်တော့ မီးခိုးက ဖွာရတာ၊ မျက်လုံးထဲ မီးခိုးဝင်လို့ မျက်ရည်ကျတာကို ကျိတ်မထားနဲ့ ငိုချင်ငိုလိုက်တဲ့ ဟောဗျာ..အဲဒါ ပယောဂဆိုပြီး ပယောဂဆရာက ခေါင်းအုံးနဲ့ ကျောကုန်းကို ဘုန်း..ဘုန်းနဲ့ ရိုက်သေးတာ၊

ကိုယ်က ဒီ ကျော်မြသန်းစာအုပ်ထုတ်တဲ့ ၀ဏ္ဏထွန်းစာပေက ကိုကျော်ကျော်လေ သူက ကိုထွန်းဦး အဲလိုဖြစ်နေရင် မျက်စိနဲ့ ပတ်သက်ပြီး ဆရာက ပိုသိတယ်၊ ဆရာ့ကိုပြောကြည့် ရအောင်ဆိုပြီး ဆရာကျော်မြသန်းနဲ့ တွေ့ပေးတာ၊ ဆရာက ငါလည်း မျက်စိမကောင်းဘူးကွ၊ တိမ်ဝင်သလိုဖြစ်နေလို့ ၊ မင်း ဘယ်မှာကုတုန်းဟ ပြောစမ်းဆိုတော့ ဟောဗျာ ဒါနဲ့ ကိုယ်မှာ မျက်စိကုတဲ့ တစ်ချို့ဆရာလေးတွေ သင့်တာလေးတွေ သူ့တောင် ပြန်ပြောခဲ့ရသေးတယ်။

ဒါကြောင့်မို့လို့ ပြောရရင် ထွန်းဦးပြောတာပဲယူ၊ သူလုပ်တာ လိုက်မကြည့်နဲ့ တော်ကြာ ဘယ် ဘီယာဆိုင်ရောက်နေလဲမသိဘူး ဖြစ်နေဦးမယ်၊ ဗမာဆေးလောက်ကတော့ ဘီယာနဲ့ မျှောသောက်ချပစ်လိုက်တာပဲ ။

နောက် ဘယ်သူကထွင်တာလည်းမသိဘူး တကယ်လားတော့မသိဘူး၊ အဖေ့နာမည် က ဦးဘမောင်၊ စစ်ကိုင်းကနေ ကိုယ်စားလှယ်ယူတဲ့ ကိုကြည်ဆွေဆိုတာရှိတယ်၊ လာတဲ့အခါ တစ်ခါတစ်လေ အပေါင်းအသင်းနဲ့ အရှိန်လွန်ပြီး စစ်ကိုင်းကို မိုးချုပ်မှပြန်တယ်၊ တစ်ခါတစ်လေ စစ်ကိုင်းကား မရှိတော့လို့ သုံးဘီးကို အဲဒီတုန်းက တစ်ရာ နှစ်ရာ သုံးရာ ပေးပြီး ပြန်တယ်၊ အဲဒါကို အဖေကမြင်တော့ တစ်ရက် ကိုယ်မရှိတုန်းပြောတာတဲ့၊ ကိုကြည်ဆွေ… ခင်ဗျား ကြီးပွားတိုးတက်ချင်လား၊ ဟုတ်ကဲ့ ဘကြီးမောင် ကြီးပွားတိုး တက်ချင်ပါတယ်၊ အဲဒါဆို ကျုပ်စကားနားထောင်မလား၊ ဟုတ်ကဲ့ ထောင်ပါမယ်ဘကြီးမောင် ၊ ပြောပါဘကြီးမောင်.. ကျွန်တော်တိုးတက်ချင်ပါတယ်၊ ခင်ဗျားကျွန်တော့စကားနားထောင် မယ်ဆို တစ် မန္တလေးကို ခဏခဏ မလာနဲ့၊ ခင်ဗျားမလာလည်း ခင်ဗျားယူမယ့်စာအုပ်တွေ ဆိုင်က ပို့ပေးနေကျမဟုတ်လား၊ နှစ် လာရင်လည်း အချိန်နဲ့ အချိန် ပြန်၊ မိုးချုပ် အောင် မနေနဲ့၊ သုံး ကျုပ်သား ထွန်းဦးနဲ့လည်း သိပ်မပေါင်းနဲ့တဲ့၊ ဒီ ထွန်းဦးဆိုတဲ့ကောင် အခုနောက်ပိုင်း ရန်ကုန်ကို ခဏခဏ သွားနေရလို့လား၊ လုပ်ငန်းကို ကိုယ်တိုင်ဦးစီးလုပ် ကိုင်နေရလို့ ဘ၀င်မြင့်နေသလား မပြောတတ်ဘူး ပြောရဆိုရတာ မကောင်း တော့ဘူး တဲ့ ။အဖေက ကိုယ့်ဘာများ မကြည်နေလည်း မသိပါဘူးကွာ။

(ကိုထွန်းဦးကပြောပါသည် တကယ်တော့ အဲဒီနံပါတ်သုံးအချက် အကြောင်းအရာကို မန်းလေး ရန်ကုန် မိတ်ဆွေအချို့ သိပြီးတဲ့နောက်ပိုင်း ကိုထွန်းဦးနဲ့ချည်း လာပေါင်းနေလို့ မိတ်ဆွေ ဘော်ဒါတွေတောင် ပိုများလာသေးတယ်လို့ ထည့်ရေးကွာလို့ ရယ်မောရင်း ပြောပါသည်၊ ဆက်ပြီး..)

ဒီဘက်မှာ ကိုယ့်နာမယ်နဲ့ ကိုယ့်ဆိုင်ဖွင့်တော့လည်း အချို့ကလည်း နဂါးထွန်းဦး လို့ ခေါ်မြဲ ခေါ်နေကြတယ်၊ တကယ်တမ်းကြတော့ ကိုယ့်ဟာကိုယ် ခွဲထွက်လိုက်တော့မှ နဂါးမဟုတ်မှန်း ကိုယ့်ကိုယ်ကို သိသွားတော့တယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော့ ဆိုင်က ဖောက်သည်အဟောင်း ၊အသစ်တွေနဲ့  ဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ ဆိုင်ကယ်တွေက များများစားစား ရပ်ထားကြတယ်။ ကျွန်တော် လက်ဘက်ရည်သောက် ထွက်တယ်ဆိုရင် ဆိုင်ကယ်နှစ်စီးကြားကနေ ဘေးတိုက်ချည်း ပဲ ထွက်နေရတယ်၊ ဒါ့ကြောင့် ကျွန်တော့ကိုယ် ကျွန်တော် ပြောချင်တာက ကျွန်တော် နဂါးထွန်းဦး မဟုတ်တော့ပါဘူး ။ ဘေးတိုက် သွားနေတဲ့ ဂဏန်းထွန်းဦးဖြစ်သွားပါပြီ…..အဲသလို အရွှန်းဖောက်ရင်း…။

 

မွေးသက္ကရာဇ် ၂၁-၉-၅၇ ၊ ၁၉၈၉မှာ အိမ်ထောင်ကျ ၊ ဇနီး ဒေါ်နွဲ့နွဲ့ရီ ၊ သားသမီးမထွန်းကား။

Bookmark