Things to do in Mandalay

အထက်မြန်မာပြည်စာပေထုတ်ဝေဖြန့်ချိရေး ထွန်းဦးစာပေ၊ ကိုထွန်းဦးဘ၀အကြောင်း

Read 2563 times

အထက်မြန်မာပြည်စာပေထုတ်ဝေဖြန့်ချိရေး ထွန်းဦးစာပေ၊ ကိုထွန်းဦးဘ၀အကြောင်း

 

ကနဦးအစ

ကိုယ့်အဖေနာမည်က ဦးဘမောင်တဲ့၊ မိခင်ကြီးက ဒေါ်ယော၊

မန္တလေးမြို့ညဈေးတန်းကြီး စတည်ထောင်တာက အိမ်စောင့်အစိုးရလက်ထက် ၁၉၅၈/ ၅၉၊ နာရီစင် ၈၄လမ်းပေါ်၊ ၂၆လမ်း ကနေ ၂၈ လမ်းအထိ၊ အဲဒီအချိန်မှာ ကိုယ်တို့အဖေက ညဈေးမှာ အခန်းလေးခန်း ယူပြီး စာအုပ်အဟောင်းထွက်တာပေါ့၊ အဲဒီတုန်း က မန္တလေးမှာ ဦးချမ်းစိန် ၊ဒေါ်လုံး တို့ ပိုင်တဲ့ တိုက်ကျအဟောင်းတွေရောင်းတဲ့ ရောင်ခြည်စာပေဆိုင်ကြီးတွေ ဆိုတာ ရှိတယ်၊ နောက်ပိုင်းကျတော့ရန်ကုန်   မောင်ထော်လေးလမ်းမှာရှိတဲ့ ဇမ္ဗူဝင်း စာပေရဲ့ညီမ၊ မော်ဒန်ကာတွန်းတိုက် ဦးဘိုကြီး၊ ဒေါ်ခင်အေးတို့ရဲ့သမီး အငယ်ဆုံးကနေ မန်းလေးတက်ပြီး၊ ဒါးတန်းဘက်နဲ့ ၂၈လမ်းဘက် တိုက်ခန်းများမှာ စာအုပ် အဟောင်းတွေ ဖြန့် တာ၊ ကိုယ်တို့က အဲဒီက အဟောင်းအသစ်ယူပြီးရောင်းတာ၊ အဖေက ၅၉ ညဈေးတန်းကြီး စဖွင့်ကတည်းက ဆိုင်ဖွင့်ခဲ့တာ။

ကိုယ်တို့ ကျောင်းသားအရွယ်မှာ မန်းလေးမှာ မဟာမုနိဘုရားပွဲ၊ လွတ်လပ်ရေး ပွဲ၊  ပြည်ထောင်စုပွဲ၊ ပွဲဈေးတွေဘာတွေလည်း လိုက်ထွက်တယ်၊ ဟိုဘက်မှာဆိုရင် မြင်းမူ ၊ တောင်မြို့မှာဆိုရင် မိုးကုတ် ဆရာတော်ဘုရားကြီးရဲ့ ဈာပနပွဲဆိုရင် တော်တော်ကြီးကျယ်တာ၊ အဲဒီကတည်းက ကိုယ်တို့က လိုက်ရပြီ၊ မန်းလေးရာပြည့်ပွဲမှာဆိုရင်လည်း အဖေက အမှတ်တရ ဓာတ်ပုံတွေ ခင်းရောင်းတယ်လေ၊ ရန်ကုန် ကနေ အောင်ဆန်းကွင်းပုံ၊ မင်္ဂလာ ဒုံလေဆိပ်၊  သမ္မတရုပ်ရှင်ရုံ၊ တိရစ္ဆာန်ဥယျာဉ် အဲလိုပုံတွေနဲ့ ရန်ကုန်က အဖေ့မိတ်ဆွေ က ဓာတ်ပုံတွေ ကူးပေးတာ၊

၂၉ နဲ့ ၈၄ လမ်းထောင့်မှာရှိတဲ့ ကီးရော့ဆိုင်ကို အဖေက လေလံဆွဲလိုက်တယ်၊ ဟိုးအရင် မြူနီစပါယ်ခေတ်က ကီးရော့ဆိုင် လို့ ခေါ်တာပေါ့၊ အဲဒီခေတ်က လေလံပေါက်ဈေး ငါးထောင် ခြောက်ထောင်ပေါ့၊ အခွန်ကတစ်နေ့ကို တစ်ကျပ်ပေးရတယ်၊ လေလံက သက်သက် ဆွဲရတာပေါ့၊ အခုနောက်ပိုင်းတော့ မရှိသလောက်ဘဲ၊ တစ်နှစ်တစ်ခါလေလံ ကတော့ စိတ်ညစ်ရတာပေါ့၊ အဲဒီတုန်းက ကီးရော့ဆိုင်လည်းဖွင့်၊ ညဈေးတန်းလည်း ထွက်တယ်၊

အပင်တစ်ပင်ကို မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့ ကျေးဇူးက အဖေပေါ့၊ ဖြစ်လာတဲ့အပင်ကို အသီး အပွင့်များဝေဆာလာအောင် ပိုးမွှား ကင်းစင်အောင် ကိုယ်တိုင် မြေသြဇာကျွေး ဦးစီးပြီး သည်လုပ်ငန်းကို လုပ်ကိုင်ခဲ့ တာလေ၊ နဂါးစာပေကို မိဘလက်ထက်ကတည်း က ပူးပေါင်း ပြီးတော့ တိုးတက်အောင် လုပ်ခဲ့ကြတာပေါ့၊ ကိုယ်ကလည်း လတိုင်း ရန်ကုန်ကို ဆင်းပြီး ကြိုးစားလုပ်ကိုင်သလို အစ်မတစ်ယောက်ရယ် ညီရယ်၊ ညီမ တစ်ယောက်နဲ့ မိသားစု ကြိုးစားတော့ အောင်မြင်တယ်၊

လေယာဉ်ကို မြေပြင်ကနေ ကောင်းကင်ကိုရောက်အောင် ငါလုပ်ခဲ့ပြီးပြီ၊ မင်းတို့က ဆက်မောင်ုးံ ကျန်တော့တာ။ သည်လို ညီတွေ ၊ ညီမတွေ ၊ အစ်မတွေကို ပြောရတာပေါ့၊

 

နေရာအပြောင်းအရွှေ့

ဟိုးတုန်းက ဈေးချိုရုံကြီး၊ မြောက်ဘက် ကနေ ဒီဘက် ၂၈ လမ်းအထိ (အေရုံ၊ ဘီရုံ၊ ဂျေရုံ) စသဖြင့်ပေါ့ ရှိတယ်လေ၊ ချည်ထုပ်ရုံတွေရှိတယ်၊ အဲဒီရုံတွေ အဆင်းမှာ ထမင်းဆိုင်တွေ လည်း ရှိတယ်၊ ထမင်း ဆိုင်တွေရှေ့မှာ စစ်ကိုင်းကားဂိတ်၊ အရှေ့ ဘက် မှာဆို ဇေယျာမန်း၊ အနောက်ဘက်မှာ ရွှေကိုင်းမန်း၊ နေပြည်တော်မန်း ကားဂိတ်တွေရှိ တယ်၊  ကျောက်ဆည်ကားဂိတ် တွေ ရှိတယ်၊

နောက်တော့ ၂၈ လမ်းမှာ ကားဂိတ်တွေ မထားတော့ဘဲ ၂၉ လမ်းဘက်ကို ရွှေ့လိုက် တာ၊ ၂၉လမ်းဘက်မှာဆို ကိုယ်တို့ အခု ၀ိန့်စိန်ရွှေဆိုင်လေ။ အဲဒီဘေးမှာဆိုရင် လေယာဉ်ပျံ တံဆိပ် မြင်းမူကားဂိတ် ရှိ တယ်၊ တစ်ချို့က ငါလေယာဉ်ပျံနဲ့ သွားမလို့ ဘယ်တုန်းဆို မြင်းမူ ၊ အဲလိုပြောကြတယ်၊ ၂၉ လမ်းထောင့်မှာ ရုံတော်ကြီးဟိုတယ် ဆိုတာရှိတယ်၊ ပထမတုန်းက မန္တလေး ဟိုတယ်၊ ကျုံးဘေးက မန္တလေး ဟိုတယ် ပေါ်လာတော့ သူ့ကို ရုံတော်ကြီးဟိုတယ် ဆိုပြီး နာမည်ပြောင်းလိုက်ရတယ်၊ ဟိုတယ်ဆိုပေမယ့် အမှန်က စားသောက်ဆိုင်ပါ၊ ဟိုတယ် မဟုတ်ဘူး၊ အဲဒီတုန်းက ၂၉လမ်းပတ်ဝန်းကျင်ကို ရုံတော်ကြီးဝန်း ကျင် လို့ ခေါ်ကြ တယ်၊ ကိုယ်တို့ အဲဒီထောင့်မှာ ရွှေ့လိုက်တယ်၊ အဲဒီကနေတစ်ဆင့် ၁၉၈၅ မှာ အခု ၈၄ လမ်း၊ အရှေ့ဘက်ခြမ်း ထိုင်စိန်လက်ဘက်ရည်ဆိုင် ဘေးအခန်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်ပေါ့၊ ထိုင်စိန် လက်ဘက်ရည်ဆိုင်က ဟံသာဝတီသတင်းစာတိုက်က သတင်းထောက် တွေ အများဆုံးထိုင်တတ်သလို မန္တလေးမြို့ရဲ့ ကားပွဲစားတွေလည်း အများဆုံးထိုင်တဲ့ ဆိုင်ပေါ့၊

ရာဇ၀င်ကို ပြောရမယ်ဆိုရင် ရှေးခေတ်က သည်နေရာက ဗမာပိုင်တွေများတယ်၊ အခု လက်ရှိ ဒီအဆောက်အအုံကိုက မဟာမုနိဘုရားကြီးတောင်ဘက်မှာရှိတဲ့ ဘုရားကြီးတိုက်က ပိုင်တာ၊ ဟိုးအရင် သူဌေး တွေက သည်အဆောက်အအုံတွေကို ကျောင်းတိုက်ကြီးတွေကို လခဲ့တာ၊ ဘုရားကြီးတိုက်က နေရာတော်တော်များများတွေကို ပိုင်တယ်၊ နောက်ပိုင်း ကာလ ကြာတော့ အဆောက်အအုံကို ပြင်ဆင်မွမ်းမံ အခန်းလေးတွေဖွဲ့တော့ ကိုယ်တို့ တစ်ခန်းဝယ် လိုက်တယ်၊ နောက် ဘေးခန်းကို ၀ယ်လိုက်တော့ နှစ်ခန်းတွဲ အဲလို။

 

အောက်ခြေအစ နောက်တန်းဘဝ

၇၅ မှာ မိဘနဲ့အတူလုပ်ရင်း ညဈေးတန်းထွက်တယ်၊ ရန်ကုန်ကို တစ်လတစ်ခါ ကိုယ်တိုင်ဆင်းပြီး စာအုပ် တိုက်ကျအဟောင်း တွေ ၀ယ်တယ်လေ၊

တစ်ချို့ညဈေးတန်းကနေလည်း လာယူကြတယ်၊ အဲဒီတုန်းက ကိုယ်တို့ရှေ့မှာ နံပါတ် တစ်အနေနဲ့ တိုင်းသမစာနယ်ဇင်း ဆိုတာ ရှိတယ်လေ၊ နာရီစဉ်မြောက်ဘက် ခန်းမ (၂)အောက်မှာရှိတယ်၊ နံပါတ်နှစ်က ၂၈-၂၉ကြား ရုံတော်ကြီးဟိုတယ်ဘေး တစ်ဖြောင့် တည်းရှိတဲ့ ရဲရင့်စာပေဌာန၊ ဈေးချိုရုံကြီးရဲ့အနောက်ဘက် မွေ့ရာတန်းမှာ ရှိတဲ့ စန်းသော်တာ စာပေ၊ နောက် ၂၆ ဘီ လမ်းမှာ ကေသီပန်ဆိုတဲ့စာအုပ်ဆိုင်၊ တိုက်တန်းကြီးရဲ့နောက်ကျော မှာ သိန်းတန်စာနယ်ဇင်း၊ ၂၈ လမ်းမှာ အောင်သုခစာပေ အဲဒါ ဆိုင်ကြီးတွေ၊ ကိုယ်တို့ ကတော့ အဲဒီ ဆိုင်ကြီး(၆)ဆိုင်ရဲ့နှင့်ယှဉ်လိုက်ရင် နောက်ဆုံးတန်းမှာရှိ တာပေါ့လေ ၊ အောက်ခြေကနေစပြီး အဟောင်းရောင်းရာကနေ အသစ်ကလေးတွေပါ တွဲတင် ပြီးရောင်းခဲ့တယ်၊

 

တိုက်ကျစာအုပ် ၀ယ်/ရောင်း၊

ဘုရားကြီးပွဲ၊ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုပွဲတွေမှာ ပွဲထွက်ရင် အရင်က ကိုယ်တို့  ပြက္ခဒိန်ရောင်းတယ်၊ စာအုပ်ကို ဇမ္ဗူဝင်းစာပေရဲ့ညီမ ဦးဘိုကြီး၊ဒေါ်ခင်အေးက စာအုပ်တွေ။ ရန်ကုန်ကနေ တိုက်ကျတွေ ယူလာပြီး ခွဲရောင်းတယ်၊ အဲလို နှစ်ယောက် တွဲရောင်းကြတာလေ၊ ကိုယ်တို့က ပြက္ခဒိန်၊ သူတို့ကစာအုပ်၊ နောက်တော့ မန္တလေးမှာတင် စာအုပ်အဟောင်းတွေ ၀ယ်ယူရာကနေ ရန်ကုန်ဆင်းပြီး တိုက်ကျ အဟောင်းရောင်းတဲ့ တိုက်တွေနဲ့ ဆက်သွယ်လုပ်ကိုင်၊ အဲသလိုနဲ့ လက်လီအဆင့် ရောင်းဝယ်နေရာကနေ လက်ကားအဆင့်အထိဖြစ်လာတယ်၊

 

ပင်ရင်းဈေးကွက်

ပင်ရင်းနဲ့တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်ရတာ ပိုအဆင်ပြေလိမ့်မယ်ဆိုတဲ့ အတွေး အဲဒီမှာဝင်လာတယ်လေ၊ အဲဒီတုန်းကဆို မြင့်ကျော်၊ မြင့်နီ၊ ကရမက်၊ အချစ်ဝတ္ထုတွေ တက္ကသိုလ်ဟန်ဝင်းအောင် အဲလို စာအုပ် အဟောင်း၊ အကျတွေ ရောင်းရတယ်၊ အဲတော့ ကိုယ်တို့က တိုက်ရိုက်ဈေးကွက်မှာ ကိုယ့်ရဲ့ဆရာရွှေမြိတ်သောင်းတင်၊ မြ၀တီတိုက် မှာလုပ် တဲ့ ကဗျာဆရာ မောင်မြတ် ခေါင်၊ သူက စံပယ်ဦးစာပေက ဦးတင်စိုးနဲ့ဆိုရင် သူငယ်ချင်းတွေ   ပေါ့  သူတို့ဆီက ထုတ်တဲ့ နတ်နွယ်၊ စောညို တိုက်ကျစာအုပ် သုံးလေးရာဆို ကိုယ်က ဖမ်း သိမ်းခဲ့တာလေ၊ တစ်နှစ်နဲ့ ကုန်တာရှိတယ်၊ ဘုရားကြီးပွဲ၊ လွတ်လပ်ရေးပွဲ ၂ကျပ် ၃ကျပ်ပုံမှာ ကုန်တာရှိတယ်။

 

လမ်းကြောင်းမှန်ပေါ်ရောက်

၇၅ နောက်ပိုင်းမှာ ရန်ကုန်သွားတဲ့အခါ အပေါင်းအသင်းမိတ်ဆွေတွေဝင်ဆံ့လာတယ်၊ ၀တ္ထု ကာတွန်း မဂ္ဂဇင်းတွေကို မန္တလေးမြို့ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် စတင်ဖြန့်ချိနိုင်ခဲ့တယ်၊ ၈၅ ခုနှစ်၊ ဒီဘက်ကိုရွှေ့ပြီးတဲ့အခါကျမှ လမ်းကြောင်း ပေါ် ရောက် လာတယ်ပြောရမှာပေါ့၊ နာမည်ရလာပြီဆိုတာနဲ့ နယ်တွေကလည်း ဆက်သွယ်လာ ကြပြီလေ။

 

လုပ်ငန်းတူဆိုင်ကြီးများနှင့်အတူ မဟာမိတ်ဖွဲ့

နဂိုကတည်းကရှိခဲ့တဲ့ သိန်းတန်စာပေ၊ ဆုမွန်၊ စန်းသော်တာ၊ အဲဒီသုံးဆိုင်နဲ့ ကိုယ်နဲ့က နဂါးတုန်းကတည်းက ပါတနာလေ၊ အဲဒီအထဲကမှ ကိုယ်က ၀ါရင့်၊ လူကြီးလည်းဖြစ်တော့ ထွန်းဦးကနေပြီးတော့ မဟာ မိတ်(၅)ဆိုင်ဖွဲ့၊ ဆိုင်အားလုံးရဲ့ ဆိုးကျိုး ကောင်းကျိုးများကို ကိုယ်တိုင်ဦးဆောင်ညိနှိုင်း၊အကြံပြု ဆောင်ရွက်ခဲ့တယ်၊အမြင့်ရောက်လေလေ၊  လေပိုပြီး အတိုက်ခံရလေ မဟုတ်လား၊ အဲသလို တိုက်တဲ့အခါ အလိုက် သင့် အလျားသင့် ယိမ်းခြင်း၊ နွဲ့ခြင်း မပြုခဲ့ရင် ပျက်မယ် ၊ကျိုးမယ်၊ ပြိုကျမယ်။ ဒါတွေ ဆွေးနွေးတိုင်ပင်ကြတယ်။

 

အခက်အခဲ

အဲသလိုရောက်ရှိလာဖို့ဆိုတာလည်း ရိုးရိုးဖြတ်သန်းရတာတော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရှေ့က ဆိုင်ကြီးတွေရဲ့ပိတ်ဆို့မှု၊ ခြေထိုးမှုတွေကို မထိခိုက်အောင် လိမ္မာပါးနပ်စွာ နဲ့  ရှောင်ရှား၊ သင်ခန်းစာလည်း ယူပေါ့လေ။

 

ထွန်းဦးစာပေဖြစ်လာပုံ

၂၀၀၀မှာ နဂါးစာပေကို ၈၃ လမ်းကိုပြောင်းရွှေ့ပြီး တစ်နှစ်လောက်နေတော့ သည်လိုပေါ့လေ အကြောင်းကြောင်းတွေကြောင့် အစ်မကြီးဒေါ်တင်တင်ရီနဲ့အတူ ထွန်းဦး စာပေဆိုပြီး ၈၄လမ်းဘက် နေရာ အဟောင်းကို ပြောင်းရွှေ့ဖွင့်တယ်လေ၊ နာမည်ကတော့ နဂါးစာပေနဲ့ထွန်းဦးတွဲပြီး သိပြီးဖြစ်တဲ့အတွက် မန်းလေးမှာ ထွန်းဦးစာပေဆိုရင် သိလွယ် ၊မြင်လွယ်တာကြောင့် ထွန်းဦးလို့ပဲ ပေးလိုက်တာ။

 

လုပ်ငန်းသဘောသဘာဝ

ဝန်ထမ်းတွေကို သူ့နေရာလိုက် ကဏ္ဍတွေ ခွဲဝေတာဝန်ပေးတယ်၊ ကိုယ်ကတော့ အမှာစာလုပ်တဲ့အလုပ်ကို မှာယူပေးတယ်၊ မှာရမယ့် ၀တ္ထု၊ ကာတွန်း၊ ဂျာနယ်များနဲ့ စာအုပ်မျိုးစုံကို ဦးစီးတာဝန်ယူတယ်၊

ဂျာနယ်မှာတဲ့အခါ တော့ အမှာစာကို ကိုယ့်ဆီက Offer ပေးတယ် ၊မိုးရာသီဆိုရင် အပိုစောင်ရေမမှာဘူး၊ နှစ်ယောက်သုံးယောက်ပျောက်သွားရင် လက်လီပိုထွက်လာရော၊ ရာသီဥတု ကောင်းချိန်၊  ဘောပွဲ ရာသီချိန် ၊ချန်ပီယံလိဂ်၊ အဂါ၊ ဗုဒ္ဓဟူး ၊ ဒါတွေက လည်း လေ့လာသုံးသပ်ပြီးမှ စောင်ရေ တိုးမှာသင့် မှာရတာလေ၊ ပြီးတော့ ရတနာမွန်တို့ ဘာတို့ တစ်လတစ်ခါထုတ်တဲ့ ဘာသာရေးစာစောင်တွေဆိုရင် သင်္ကြန်နား နီးတယ်ဆိုရင် သူတို့ရဲ့ လက်လီဖြန့်ချိတဲ့ သတင်းစာသမားတွေက ရွာပြန်ဖို့ ဘာဖို့နဲ့ဆို ကျတတ်တယ်၊ အဲလိုအချိန်ကျ လျှော့မှာရတာ၊ အဲဒါလေးတွေကို ထိန်းနိုင်သမျှ ထိန်း၊ တော်တော်များများကတော့ အဆင်ပြေ ပါ တယ်။

စာအုပ်တွေက အမျိုးမျိုးရှိတယ်။ တိုင်းသမစာနယ်ဇင်းအနေနဲ့ပြောရင် သူက အပိုင် လို့ ခေါ်တယ်၊ အပိုင်ဝယ်တယ်ဆိုတာ ရန်ကုန်ကဆိုရင် ဥပမာ သည်စာအုပ်ဘယ်လောက် လဲ တန်ဖိုး ငါးထောင်တန် ၊ နှစ် ဆယ်ရာခိုင်နှုန်း သူက အပြတ်၊ အပြင် ဝေါဟာရကျ အပြတ်၊ တိုင်းသမစာနယ်ဇင်းလိုကျ အပိုင်၊ အပြတ်ဆိုရင် ဘယ်လောက်ရောက်မယ် အုပ်သုံးဆယ် ယူမယ် ပို့လိုက် တယ်၊ ပို့ပြီးရင် တစ်ပတ်ဆယ်ရက်နေရင် ဘဏ်ကနေငွေလွဲ၊ အဲဒါမျိုးဆို လက်ကျန်ပြန်အပ်၍မရ၊ တစ်ချို့ အပ်ရောင်းစနစ်တွေ လည်းရှိတယ်၊ ၀တ္ထု ကာတွန်းတွေက တစ်လပဲခံတယ်လေ၊ အဲဒါကျ တစ်လပြည့်ရင် လာသိမ်းလှည့်၊ လက်ကျန်နဲ့ ရောင်းရငွေနဲ့ တစ်ခါတည်း ပေးလိုက် တယ်၊ မန္တလေးလာရှင်းရင်လေ၊ တစ်အုပ်ခြင်းအပေါ် မှာ ကော်မရှင်စားပေါ့၊ တစ်အုပ်ရောင်းဈေး အဲဒီအပေါ်ကြည့်ပြီး နယ်ဆိုင်ကြီး တွေဆိုရင် တစ်ဈေး နဲ့  အငှားဆိုင်တွေဆိုရင်တစ်ဈေး အဲလိုတော့ သွားရတာပေါ့။

 

စာအုပ်လိုင်းနှင့်ဈေးကွက်

အခုနောက်ပိုင်း လုပ်လို့ သိပ်မကောင်းတော့ဘူး၊ ၀တ္ထု၊ကာတွန်း၊မဂ္ဂဇင်းက အပိုင် မရှိ သလောက်ဖြစ်သွားသလို အငှားဆိုင်တွေ အလုပ်မဖြစ်တဲ့အပေါ် မူတည်ပြီး အရေအတွက်တွေက တအားထိုးဆင်းသွား တယ်၊

အဲတော့ သမရိုးကျ ကိုယ်တို့စလုပ်ခဲ့တာက ၀တ္ထု၊ ကာတွန်း၊ မဂ္ဂဇင်း အငှားဆိုင်သုံးက သုံးလိုင်းပေါင်း တစ်ပိုင်း၊ လက်ပွေ့တွေနဲ့ သတင်းစာ ပို့တဲ့သူသုံးတဲ့ ရတနာမွန်တို့လို တစ်လတစ်ခါထုတ်တဲ့ ဘာသာရေး မဂ္ဂဇင်း၊ ဖေမြင့်တို့လို တက်ကျမ်းတွေ၊ နောက် တေဇတို့ တို့ကျောင်းသားတို့ ရွှေသွေးတို့က တစ်ပိုင်း၊ ကျောင်းသုံးလိုင်းက တစ်ပိုင်း၊ နောက် ဂျာနယ် လိုင်းကတစ်ပိုင်း၊ လိုင်း (၆)ပိုင်းပေါ့၊ ပြက္ခဒိန်တောင် နေရာမရှိလို့ မရောင်းနိုင်ဘူး၊ သင်္ကြန်စာတော့ ရောင်းတယ်။

ဆက်ရန် အပိုင်း(၂)


Bookmark