နိုင်ငံတော်အစိုးရမှ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာ (Public Rental Housing) အခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း(၁)သောင်းကို အချိန်တိုအတွင်း အကောင်အထည်ဖော် ရာတွင် လုံလောက်သော မြေနေရာရရှိရေး၊ Infrastructure များပြည့်စုံစေရေး၊ Engineering ပိုင်းဆိုင်ရာ Technical Issues များကို ဖြေရှင်းပေးနိုင်ရေး စသည်ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို တင်ပြခဲ့ကြသည်။
စီမံကိန်းအတွက် လိုအပ်သောဘဏ္ဍာငွေများအနက် (၂၀၁၉-၂၀၂၀) ပိုလျှံ ရန်ပုံငွေမှ ငွေကျပ် ဘီလီယံ (၁၃၀) ရရှိထားပြီး ကျန်ငွေများကို MCEF ၊ MLCA နှင့် MDA အသင်းတို့က စိုက်ထုတ်၍ အဆောက်အဦများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ၏ နေရေး ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့အငှားအိမ်ရာ အခန်း(၁)သောင်း ဆောက်လုပ်မည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အိမ်ရာ အခန်းပေါင်း(၇၀၄)ခန်း၊ အဆောက်အဦ လုံးရေ (၄၄)လုံး၊ ရန်ကုန်မြို့၊ ဒဂုံတောင်မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၆၂၈၈)ခန်း၊ အဆောက်အဦလုံးရေ (၃၉၃)လုံးနှင့် မန္တလေးမြို့၊ ပုသိမ်ကြီး မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၃၀၀၈)ခန်း၊ အဆောက်အဦး (၁၈၈) လုံးကို ဆောက်လုပ် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA) နှင့် မြန်မာ့ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ လုပ်သား အင်အားပေါင်း (၁၈၀၀၀) ကျော်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆောက်အအုံ နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီးလျက်ရှိကြောင်း သိရသည်။