Mandalay Trend

ရွေးကောက်ပွဲနေ့မှာ COVID-19 ကို ကာကွယ်ရင်း စိတ်ချလုံခြုစွာ မဲဘယ်လိုပေးကြမလဲ 

Read 286 times

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလတွင်း ကျင်းပတဲ့  ရွေးကောက်ပွဲ ဖြစ်တာကြောင့် အိမ်အပြင်ထွက်ပြီး မဲပေးကြရတဲ့အခါ လူစုလူဝေးဖြစ်ပြီး ရောဂါကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ လူတိုင်းမှာ ရှိနိုင်ပါတယ်။

ဒါပေမယ့် ကိုယ်ယုံကြည်တဲ့ အစိုးရတစ်ရပ်ကို မဲပေးရွေးချယ်နိုင်ခွင့်ဟာ ငါးနှစ်တကြိမ်သာ ရတဲ့ အခွင့်အရေးဖြစ်လို့ ရောဂါကူးစက်မှုကို စိုးရိမ်ပြီး မဲထွက်မပေးဘဲ မဲပေးခွင့်ကို အဆုံးရှုံးခံတာမျိုးတော့ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။

ကိုဗစ်ကာလအတွင်းမှာ ရောဂါကူးစက်မှာ မရှိစေဘဲ လုံခြုံစိတ်ချစွာ မဲပေးနိုင်မှာလား? COVID-19 ရောဂါကို မိမိကစ စနစ်တကျကာကွယ်နိုင်မယ့် ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ စံလမ်းညွှန်တချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

  • မိမိကိုယ်တိုင် COVID-19 ရောဂါလက္ခဏာ သံသယရှိနေပါက မဲရုံတာဝန်ရှိသူတွေကို ကြိုတင်အကြောင်း ကြားခြင်း။
  • မဲပေးဖို့လာရောက်တဲ့အခါ မဖြစ်မနေ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်လာခြင်း။
  • မဲရုံအတွင်းမှာ တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာကနေ စနစ်တကျ တန်းစီစောင့်ဆိုင်းခြင်း။
  • လက်ဆေးရန်နေရာမှာ လက်ကိုဆပ်ပြာ(သို့)လက်သန့်ဆေးရည်နဲ့ စက္ကန့် (၂၀) ကြာစနစ်တကျ ဆေး ကြောသန့်စင်ခြင်း။ မဲရုံအဝင်ဝမှာ အဖျားတိုင်းတာခြင်း။
  • မိမိရဲ့နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မဲရုံကပေးတဲ့ ပလပ်စတစ်အိတ်အကြည်နဲ့ စနစ်တကျထည့်ပြီး ပြသ ခြင်း။
  • လက်သန်းကို မှင်တို့ရာမှာ လက်ကိုခွက်နဲ့မထိအောင် သတိထားပြီး မင်တို့ခြင်း။
  • မဲပေးနေစဉ်ကာလအတွင်းမှာ လက်သန့်ဆေးရည်နဲ့ ဆေးကြောတာကို မဲရုံအဝင်မှာတစ်ကြိမ်၊ မဲရုံကပြန် ထွက်ချိန်မှာ တစ်ကြိမ်နဲ့ အနည်းဆုံးနှစ်ကြိမ် ဆေးခြင်းတွေကို လုပ်ဆောင်ရပါမယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးတဲ့အခါ မဲရုံတွင်း၊ မဲရုံအပြင်မှာ လူစုလူဝေးတွေ မဖြစ်စေဖို့ အစီအစဉ်တွေ၊ မဲရုံတာဝန်ကျ ဝန်ထမ်းတွေနဲ့ ဆန္ဒမဲပေးသူတွေအတွက် ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းတွေ ထားရှိဖို့ အစီအစဉ်တွေ စတဲ့ ကိုဗစ်စံလုပ်ငန်း လမ်းညွှန်ချက်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ထားပါတယ်။ 

စံလုပ်ငန်းစဉ်‌အပြည့်အစုံကိုတော့ ဒီလင့်ခ် https://bit.ly/2JEsboP  ကနေ ဖတ်ရှုနိုင်ပါတယ်။

ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာ အခြားသော ဗဟုသုတအစုံအလင်ကို VoteMM Website https://www.votemm.info/ မှလည်း ဝင်ရောက်လေ့လာနိုင်သလို https://m.me/votemm.info မှတဆင့်လည်း သိရှိလိုသည်များကို လေ့လာမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Bookmark