Saturday, 15 February 2020 15:34

Asean

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတွင် တည်ရှိပါတယ်။

အဆိုပါ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြစ်ဝကျွန်းပေါ်ဒေသ၊ ရေတိမ်ဒေသ၊ ပင်လယ်ထွက်ပေါက်အနီးတွင် တည်ရှိပြီး အရှေ့ဘက်တွင် ဘိုကလေးမြစ် စီးဆင်းနေပါတယ်။

ဧရိယာအတွင်းတွင် ချောင်းငယ်လေးများစွာ စီးဆင်းနေပြီး ဒီရေတောများအား ထိန်းသိမ်းကာကွယ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးရေချိန် ၂,၅၀၀ မှ ၃,၀၀၀ မီလီမီတာ ဝန်းကျင်တွင်ရှိပါတယ်။

မိန်းမလှကျွန်းသည် အာဆီယံ အမွေအနှစ်ဥယျာဉ်ထဲက တစ်ခုဖြစ်ပြီး မြောက်လတ္တီတွဒ်၁၅°၅၈'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၁၇'တွင်တည်ရှိပါတယ်။ အကျယ်အဝန်းမှာ ၅၂.၇၉ စတုရန်းမိုင် (၁၃၇ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ၁၉၈၆ ခုနှစ်မှာ ကြိုးဝိုင်းသစ်တောအဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။

သဘာဝအရင်းအမြစ်များ

ဒီရေတောများသည် ဤဘေးမဲ့တော၏ အဓိက သစ်တောအမျိုးအစားဖြစ်ပြီး ဒီရေတောအမျိုးအစား(၄၀)ခန့်ရှိသည်ဟု မှတ်တမ်းတင်ထားပါတယ်။

ဆေးဘက်ဝင်သစ်ပင် (၅၃)မျိုး၊ သစ်ခွမျိုးစိတ်(၁၁)မျိုး၊ နို့တိုက်သတ္တဝါ (၁၈)မျိုး(ဧရာဝတီလင်းပိုင်များအပါအဝင်)၊ ငှက်မျိုးစိတ် (၁၁၇)မျိုး၊ ငါးမျိုးစိတ် (၅၉)မျိုး၊ ပုဇွန် (၁၂)မျိုး၊ ကဏန်း (၁၀)မျိုး၊ လိပ်ပြာ (၃၅)မျိုးနှင့် မြွေ(၂၆)မျိုးရှိသည်ဟု မှတ်တမ်းတင်ထားပါတယ်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

သစ်ပင်များကို မီးသွေးဖုတ်ရန် အသုံးပြုနေခြင်းများကို တွေ့ရပြီး ငါး၊ ပုစွန်တို့ဖမ်းဆီးခြင်းများကြောင့် ရေသယံဇာတများ အဆိပ်သင့်နေကြောင်း တွေ့ရပါတယ်။

ခရီးသွားလာရေးလုပ်ငန်းများ

တန်ခိုးကြီးဘုရားတည်ရှိသောကြောင့် ဘုရားဖူးများ များစွာလာရောက်လေ့ရှိပါတယ်။

ဒါ့အပြင် နတ်ကိုးကွယ်ယုံကြည်မှု၌ ထင်ရှားသော နတ်တစ်ပါးဖြစ်သည့် ရေငံပိုင်ဦးရှင်ကြီး၏ မွေးရပ်ဖြစ်သောကြောင့် ဒေသခံများအကြား ထင်ရှားသော နေရာတစ်ခုဖြစ်ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံချက်ရှိရာနေရာဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားများလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

လမ်းပမ်းဆက်သွယ်ရေး

ရန်ကုန်-ဘိုကလေး သို့ရေလမ်းဖြင့် (၈၇) မိုင်၊ ရန်ကုန်-ဘိုကလေး သို့ကားဖြင့် (၈၄) မိုင်၊ ဘိုကလေး-မိန်းမလှကျွန်း သို့ရေလမ်းဖြင့် (၁၂) မိုင်ရှိပါတယ်။

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

(၁) ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊

(၂) ဓမ္မတာမျိုးဆက်ခြင်းနည်းဖြင့် ဒီရေတောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ လေ့လာနိုင်ခြင်း၊

(၃) ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များ၊ ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊

(၄) နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ဘေးမဲ့တောမှ ၁၀ မိုင်ခန့်ဝေးသော ကဒုံလေးလိပ်သောင်သို့ သွားရောက်၍ ပင်လယ်လိပ်ကြီးများ ဥ ဥချခြင်းကို လေ့လာနိုင်ခြင်း၊

(၅) မိကျောင်းအပါအဝင် တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေသတ္တဝါများ၏ သဘာဝနေထိုင်ကျက်စားမှုအခြေအနေများတို့ကို လေ့လာနိုင်ပါတယ်။

Nilar Myot Win (Mandalay Directory)

Ref: wikipedia


Read 181 times Last modified on Wednesday, 25 March 2020 14:25
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.