Saturday, 08 February 2020 13:47

nn_1.jpg

 

လက်သည်းလို့ ပြောတဲ့နေရာမှာ ခြေသည်းလည်း ပါဝင်ပါတယ်။ လက်သည်း ခြေသည်းဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ အလှအပတစ်ခုအဖြစ် ဖော်ပြဝင့်ကြွားလို့ရတဲ့ အရာပါ။ အထူးသဖြင့် အမျိုးသမီးတွေဟာ ဆေးဆိုး၊ ပုံဖော်ပြီး လှပအောင် ပြင်ဆင်ရတာကို သဘောကျတတ် ကြပါတယ်။ အလှဆင်ရုံ သက်သက်ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။

လက်သည်းတွေရဲ့ ပြောင်းလဲမှုကို ကြည့်ပြီး မိမိရဲ့ကျန်းမာရေး အခြေအနေကိုလည်း သိရှိနိုင်ပါတယ်။ လက်သည်းမှတစ်ဆင့် ရောဂါရှာဖွေခြင်းကို အနောက်တိုင်း ဆေးပညာရဲ့ ဖခင်ကြီး ဟစ်ပိုခရေးတီးစ် (Hippocrates) လက်ထက်က စတင်ခဲ့ကြောင်း ဆေးပညာသမိုင်းအရ သိရပါတယ်။

လက်သည်း ခြေသည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သဘာဝက ပေးထားတဲ့ ဆရာဝန်ပါ။ မိမိခိန္ဓာကိုယ်မှာ ရောဂါရှိ မရှိကို သွေးဖောက်ခြင်း၊ ဆီး/ဝမ်း စစ်ဆေးခြင်းဖြင့် သိရှိနိုင်သကဲ့သို့ လက်သည်းရဲ့ အရောင်ကို ကြည့်ပြီး အချို့ရောဂါတွေ ဖြစ်မဖြစ် သိရှိနိုင်ပါတယ်။ လက်သည်းရဲ့ အဓိကတာဝန်ကတော့ ပျော့ပျောင်းတဲ့လက် ထိပ်လေးတွေကို ကာကွယ်ရန်နဲ့ လက်သည်း အောက်ခြေရှိ အရစ်ကလေးများက လက်သည်းကို ကျွတ်ထွက် မသွားအောင် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

ပုံမှန် ကျန်းမာတဲ့ လက်သည်းဟာ နီမြန်းတဲ့ အရောင်ရှိပါတယ်။ ညီညာ ချောမွေ့ပြီး၊ အစင်းတွေ ချိုင့်တွေ မရှိပါဘူး။ အရောင်က တစ်ပြေးညီ ဖြစ်နေသလို အပျော့ အမာလည်း တစ်သားတည်း ရှိပါတယ်။ လက်သည်း အရောင်ပြောင်းသွားခြင်း၊ ပုံပျက်လာခြင်း၊ လက်သည်းများ ပါးလာခြင်းနှင့် လက်သည်းအောက်ခြေမှ ကွာလာခြင်းများ ဖြစ်လျှင် မိမိခန္ဓာကိုယ်တွင် ရောဂါတစ်ခုခု ဖြစ်နေကြောင်း သတိပြုရပါမယ်။

လက်သည်းအရောင်နှင့်ရောဂါလက္ခဏာ

(၁) လက်သည်းဟာ အရောင်ဖျော့နေမယ် (သို့မဟုတ်) ပြာနှမ်းနှမ်း ဖြစ်နေမယ်ဆိုရင် သွေးလည်ပတ်မှုမှာ ပြဿနာ ရှိနေကြောင်း ပြသနေတာပါ။ သွေးအားနည်းခြင်းနဲ့ နှလုံးရောဂါဖြစ်ဖို့ များပါတယ်။

(၂) အဝါရောင် လက်သည်းက အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါ ဖြစ်နိုင်ကြောင်း ရည်ညွှန်းတာပါ။

(၃) လက်သည်းအရောင် မွဲခြောက်ခြောက်မှာ အလျားလိုက် လိုင်းလေးတွေလည်း ပေါ်နေမယ်ဆိုရင်တော့ အာဟာရ ချို့တဲ့ခြင်း၊ ဝက်သက်ပေါက်ခြင်း၊ ကျောက်ပေါက်ခြင်းနဲ့ ပါးချိတ် ရောင်ခြင်းတို့ကို ညွှန်ပြခြင်းပဲ ဖြစ်ပါတယ်။

(၄) လက်သည်း တစ်ဝက်ကပန်းရောင် (သို့မဟုတ်) အညိုရောင်ဖြစ်ပြီး ကျန်တဲ့နေရာတွေမှာ အဖြူရောင်ပြေးနေရင် ကျောက်ကပ်ရောဂါ ဖြစ်ဖို့ များပါတယ်။

(၅) လက်သည်းရဲ့ အောက်ခြေမှာ အနီရောင်အလျားလိုက် မျဉ်းလေးတွေပေါ်နေရင် လက်သည်းအောက်ထဲမှာ သွေးယိုနေကြောင်း ပြသတာပါ။ အကယ်၍ အနီရောင်မျဉ်းက နှစ်ထပ်ဖြစ်နေရင်တော့ သွေးတိုးနေတာပါ။ တစ်ခါတစ်ရံ လက်သည်းပေါ်မှာ အဖြူရောင် လခြမ်းပုံလိုလို လေးတွေ့ရတတ်ပါတယ်။ အဲဒီပုံရိပ် လေးတွေရဲ့ ဖော်ပြချက်ကတော့ …. (က) လက်ညှိုး - အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာကို ပြသတာပါ။ (ခ) လက်ခလယ် - အိပ်ရေးပျက်ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်းကို ရည်ညွှန်းပါတယ်။ (ဂ) လက်သူကြွယ် - အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းကို ဖော်ပြနေတာပါ။ (ဃ) လက်သန်း - နှလုံးအားနည်းကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။

ကာကွယ်ရန်

(၁) လက်သည်းရှည်လေ ထိခိုက် ဒဏ်ရာရနိုင်လေ ဖြစ်တာကြောင့် လက်သည်းကို တိုတိုထားတာ အကောင်းဆုံးပါပဲ။

(၂) အချိန်မှန် လှီးဖြတ်ပေးရပါမယ်။ ရေချိုးပြီးချိန်၊ လက်ဆေးပြီးချိန်လိုမျိုး လက်သည်းကို ရေနူးနေတဲ့အချိန်မှာ လှီးဖြတ်ပေးပါ။ လက်သည်းညှပ်က ချွန်ထက်နေဖို့လည်း လိုပါတယ်။ လက်သည်းထိပ်နဲ့ ကပ်နေအောင်လည်း မညှပ်ရပါဘူး။

(၃) လက်သည်းတွေကို စိုနေတဲ့ရေထဲမှာ အကြာကြီး စိမ်ထားခြင်းဟာ လက်သည်းကြွပ်ဆက်မှု ဖြစ်ပွားစေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၄) ပန်းကန်ဆေး၊ အဝတ်လျှော်၊ ဓာတုဆေးတွေ ကိုင်တွယ်တော့မယ်ဆိုရင် လက်အိတ်စွပ်ပြီးမှသာ ပြုလုပ်ပါ။

(၅) အရေပြား လိမ်းဆေးရည် (Hand Lotion) ကို တစ်နေ့နှစ်ခါလောက် လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီးမှာ လိမ်းပြီးအိပ်ရင် ပိုကောင်းပါတယ်။

(၆) လက်သည်းကို အသုံးပြုရတဲ့ ကိစ္စတွေမှာ အားကိုလိုတာထက် ပိုမသုံးပါနဲ့။

(၇) လက်သည်း ကိုက်တတ်တဲ့ အကျင့်ရှိရင် ဖျောက်ပစ်လိုက်ပါ။ ဒဏ်ရာသေးသေးလေးမှ တစ်ဆင့် ပိုးမွှားများ ဝင်ရောက်လာနိုင်လို့ ဖြစ်ပါတယ်။

(၈) လက်သည်းဘေးမှာ အသားမာလေးတွေ တက်လာရင် လက်သည်းညှပ်နဲ့ ညှပ်ထုတ်ပစ်ပါ။ သွားနဲ့မကိုက်ပစ်ရပါဘူး။

(၉) လက်သည်း ဖျက်ဆေးသုံးတဲ့အခါမှာလည်း အဆီတုန်း(Acetone)မပါတဲ့ အမျိုးအစားကိုသုံးပါ။ အဆီတုန်း (Acetone)ပါတဲ့ဆေးက လက်သည်းကို ခြောက်သွေ့ပြီး အက်ကွဲစေနိုင်ပါတယ်။ (Acetone ဆိုတာ လက်သည်း ဖျက်ဆေးမှာ သုံးတဲ့ ဓာတ်ငွေ့တစ်မျိုးပါ။)

(၁၀) လက်သည်းကို အမြဲတမ်းသွေ့ခြောက်၊ သန့်ရှင်းအောင်ထားပါ။ သံပရာသီးစိတ်နဲ့ ပွတ်တိုက်ပေးရင် လက်သည်း ခြေသည်းများ ကျန်းမာသန်စွမ်း စေနိုင်ပါတယ်။


Source; ခိုင်သန္တာလွင်


Read 154 times Last modified on Thursday, 26 March 2020 10:32
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.