Thursday, 06 June 2019 14:32

o-PHYSICAL-EDUCATION-facebook.jpg

သည်ပညာသင်နှစ်ကစပြီး ကာယပညာကို တခြားစာပေဘာသာရပ်တွေနဲ့ တန်းတူ အဓိက ဘာသာရပ်တစ်ခုအဖြစ် ပြန်လည်သင်ကြားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက “အခြေအနေတွေ အကြောင်းအမျိုးမျိုးကြောင့် ကာယပညာကလဲ မှေးမှိန်သွားတယ်၊

ကာယပညာသင်ချိန်မှာ စာတွေသင်တယ်ဆိုတာ ပညာရေးစနစ်ပေါ်မှာ မူတည်တယ်၊ ပညာရေးစနစ်ဟာ စာမေးပွဲကို ဦးစားပေးတဲ့ စနစ်ပေါ့၊ စာမေးပွဲကိုဦးစားပေးတဲ့ စနစ်ကနေပြီးတော့ အခုဆို စာမေးပွဲကို လျှော့ချပြီးတော့မှ ကလေးတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာသင်ရိုး ညွှန်းတမ်းတွေနဲ့ လိုက်မီအောင်ပြုပြင်ပြောင်းလဲနေတယ်”လို့ ပြောပါတယ်။

KG+12 စနစ်သစ်ကို ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်ကစခဲ့ပြီး သည်နှစ်ဆိုရင် စတုတ္ထမြောက်နှစ်အနေနဲ့ အကောင်အထည်ဖော်နေတာပါ။

သင်ရိုးသစ်တွေမှာဆိုရင် ကာယပညာဟာ တခြားစာပေဘာသာရပ်တွေနဲ့ တန်းတူ သင်ရိုးဝင်ဘာသာရပ် အဓိကဘာသာရပ်တစ်ခုဖြစ်လာတဲ့အတွက် မဖြစ်မနေ သင်ယူရမှာ ဖြစ်ပြီး သည်ကာယပညာဘာသာရပ်ဟာ အမြင့်ဆုံးတန်းဖြစ်တဲ့ Grade 12 အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာတင်မောင်ဝင်းက “အရင်တုန်းကလို ကာယပညာသင်ချိန်မှာ စာမေးပွဲကိုအရေးကြီးတယ်ဆိုပြီး စာပေဘာသာရပ် သင်ကြားတဲ့ကိစ္စတွေဟာ ရှိတော့မှာမဟုတ်ဘူး၊ ဒီအတွက်ကို ပြည်နယ်နဲ့ တိုင်းပညာရေးမှူးတွေ၊အဆင့်ဆင့်သောမြို့နယ် ခရိုင်ပညာရေးမှူးတွေကနေ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ကာယပညာနဲ့ အခြေခံအားကစားနည်းပြသင်တန်း အမှတ်စဉ် (၁)ကို ၁၉၈၅ ကစခဲ့ပြီးနောက် ၁၉၈၇ မှာအမှတ်စဉ် (၂)၊ ၁၉၈၈ မှာ အမှတ်စဉ် (၃)၊ ၁၉၉၃ မှာ အမှတ်စဉ် (၄)၊ ၁၉၉၅ မှာ အမှတ်စဉ် (၅ )စသဖြင့် ဖွင့်လှစ်ခဲ့ပြီး
အလယ်တန်းပြ ကာယဆရာ ၊ အထက်တန်းပြ ကာယဆရာတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အဲသည်လိုဆောင်ရွက်တဲ့အချိန်တွေတုန်းက အောင်မြင်မှုတွေတော်တော်များများရခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှစ်ကြိမ်တိတိကို ပြည်နယ်/တိုင်း အားကစားပေါင်းစုံပြိုင်ပွဲတွေကို နိုင်ငံတော်အဆင့်ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ ကာယပညာနဲ့ အားကစားအခြေခံသင်တန်းတွေ ပုံမှန်မဖွင့်နိုင်တာတွေကြောင့် ကာယပညာရှင် ဆရာတွေနေရာက လစ်လပ်တာတွေများနေတယ်လို့ သိရပါတယ်။

Read more >>> စာအုပ်ကောင်းများဖတ်ရှုခြင်း၏ အရေးပါပုံ၊ စာဖတ်ခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ခြင်းနှင့် စာအုပ်အရောင်းပွဲတော်

ဒါပေမဲ့ သည်နှစ်မှာတော့ ကာယပညာနဲ့ အခြေခံအားကစားနည်းပြသင်တန်း အမှတ်စဉ် (၁၀) ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ မူလတန်းကျောင်းအုပ်တွေ၊ အလယ်တန်းပြတွေထဲကနေ အားကစားထူးချွန်တဲ့ ဆရာ၊ဆရာမ ၄ဝဝ ကို သင်တန်းပေးနေပြီး သည်သင်တန်းဆင်းတဲ့ ဆရာ၊ ဆရာမတွေကို လစ်လပ်နေတဲ့နေရာတွေမှာ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာတင်မောင်ဝင်းက “ဒီသင်တန်းမှာ အားကစားတင်မကဘဲ အရေးကြီးတဲ့ကာယပညာရဲ့ သဘောတရား၊ ကာယပညာရဲ့ အဓိပ္ဗာယ်၊ ခန္ဓာဗေဒနဲ့ဆေးပညာ လူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ (anatomy) ကစပြီး ပို့ချပေးနေတယ်”လို့ ပြောပါတယ်။

Source kumudra


Read 165 times Last modified on Thursday, 06 June 2019 15:31
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.