Friday, 17 May 2019 15:54

 

home.jpg

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းအတွင်း တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၂၄၀ မှာ လက်ရှိအချိန်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ခြင်းကြောင့် ဇွန်လအတွင်း နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခန်းများကို မြေဧက ၃၃ ဒသမ ၂၂ ဧကပေါ်တွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေကျပ် သန်းပေါင်း ၃၆၀၀ သုံးစွဲ၍

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှစ၍ တစ်ခန်းလျှင် စတုရန်းပေ ၆၅၀ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်တိုက် လုံးရေ ၁၂ လုံး စုစုပေါင်းတိုက်ခန်း ၂၄၀ ကို တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ခန်းတွေ ဆောက်လုပ်တဲ့လုပ်ငန်းနဲ့ လမ်းတွေဖောက်လုပ်တဲ့ လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။

လျှပ်စစ်ဓာတ်အားရရှိဖို့လည်း အဆင်ပြေအောင် ဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် အိမ်သုံးမီတာတပ်ဖို့ပဲ ရှိပါတော့တယ်။

မီတာကလည်း ဇွန်လထဲမှာ ရမယ်ပြောတဲ့အတွက် တိုက်ခန်းတွေမှာ ဝန်ထမ်းတွေ နေထိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။

ရှေ့ဆက်ပြီး ဒီဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်နေကြတဲ့ ဝန်ထမ်းမိသားစုတွေ အဆင်ပြေစေဖို့ ကလေးကစားကွင်း၊ ပန်းခြံ၊ ဓမ္မာရုံနဲ့ အမိုးအကာပါပြီး လုံခြုံရေးစနစ်နဲ့ ကား၊ ဆိုင်ကယ် ရပ်နားနိုင်တဲ့နေရာတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းဧရိယာအတွင်း၌ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၁၀ ဘီလီယံဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၂၆၀ တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ဝန်ထမ်းတွေကို နေရာချထားမယ့်ပုံစံကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ကျွန်တော်တို့ ဌာနမှာ လျှောက်လွှာတင်ထားကြတဲ့သူတွေထဲက ဝင်ငွေနည်းဝန်ထမ်းတွေ၊

ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေထဲမှာ ဝန်ထမ်းအများစုပါဝင်နေတဲ့သူတွေကို ဦးစားပေးစနစ်နဲ့

လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့နေရာချထားရေးအဖွဲ့က ဇွန်လအတွင်း နေထိုင်ခွင့်ရရှိဖို့အတွက် စိစစ်ရွေးချယ်နေပါပြီ။

ဒါကြောင့် အခု အခန်း ၂၄၀ ကို နေရာချထားပေးပြီးပါက မနှစ်က နေရာချထားပေးခဲ့ပြီးတဲ့ အခန်း ၂၆၀ နဲ့ ပေါင်းလိုက်ရင် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း ၅၀၀ ကို တစုတစည်းတည်း နေထိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူးက ဆက်လက်ပြောသည်။

Read more>>>ဇွန်လမှစတင်ကာ စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူများကို အရေးယူမည်

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် ကျပ်သန်းပေါင်း ၈၈၃၅ သန်း သုံးစွဲ၍ မြို့နယ် ၁၄ မြို့နယ်အတွင်း ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၃၀ ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source MandalayNewsJournal


Read 262 times Last modified on Friday, 17 May 2019 17:00
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.