Tuesday, 14 May 2019 12:05

railway.jpg


ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း (၁) တွင် အသုံးပြုမည့် ဂျပန်နိုင်ငံမှ ပထမအသုတ်အနေဖြင့် ရောက်ရှိခဲ့သည့် ရထားသံလမ်းများ ရန်ကုန်-တောင်ငူလမ်းပိုင်းသို့ ရောက်ရှိနေပီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုမည့်ဂျပန်နိုင်ငံမှ ၈၂ ပေအရှည်ရှိ ရထားသံလမ်းရှည်များမှာ မေလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါရထားသံလမ်းများကို ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းသို့ ရထားတွဲများဖြင့် သယ်ယူခဲ့ပြီး ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ရန်ကုန် -တောင်ငူလမ်းပိုင်းတွင် စတင်အသုံးပြုရန် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းမှ တစ်ဆင့်ပို့ဆာင်ခဲ့ရာ မေ ၁၀ ရက်တွင် ပြွန်တန်ဆာ အခြေစိုက်ရုံးခွဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“အခုပထမဆုံးအသုတ်အနေနဲ့ရောက်ရှိတဲ့ ရထားသံလမ်းတွေကို ရန်ကုန်-တောင်ငူလမ်းပိုင်းအတွက် အသုံးပြုသွားမှာဖြစ်ပြီး ထပ်မံရောက်ရှိလာတဲ့ ရထားသံလမ်းတွေကိုတော့ တောင်ငူ-မန္တလေး လမ်းပိုင်းအတွက် အသုံးပြုမှာဖြစ်ပါတယ်” ဟုမြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ သယ်ယူပို့ဆောင်ရေးအနေဖြင့် အမြန်ရထားခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန်အဆန် လေးစင်း (စုစုပေါင်း ၁၂ စင်း) တို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတစ်ခုလုံးပြီးစီးပါက တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်မည့်အပြင် အဲကွန်းပါ အဆင့်မြှင့်တွဲဆိုင်းများဖြင့်လည်း ပြေးဆွဲသွားမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့် တင်ရေးစီမံကိန်း (အပိုင်း-၂) ဖြစ်သည့် တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ မိုင်အား အဆင့်မြှင့်တင်နိုင်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများဆောင်ရွက်မှုကို ၂၀၁၉ နှစ်ဆန်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ သံလမ်းများရောက်ရှိသည်နှင့် ရထားလမ်းအဆင့်မြှင့်တင်မှုအား စတင်မည်ဖြစ်သည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ မိုင် အဆင့်မြှင့်တင်မှုအား ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်း အဖြစ်သတ်မှတ် လုပ်ဆောင်သွားရန် ကနဦး လျာထားသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသည်။

Read more >>>MPT က ရေအခက်ခဲဖြစ်နေသော ဒေသများသို့ စက်ရေတွင်းများ တူးဖော်လှူဒါန်း

ယခုစတင်ဆောင်ရွက်သည့် စီမံကိန်းအပိုင်း (၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ရထားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြများအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြန်မာကုမ္ပဏီများမှ Sub-Contract ပြန်လည်ရရှိမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်ကိုင်အခွင့်လမ်း ၃၂၀၀၀ ခန့်ဖန်တီးပေးနိုင်မည်ဟု သိရသည်။

Source Eleven media


Read 430 times Last modified on Tuesday, 14 May 2019 13:47
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.