Thursday, 09 May 2019 13:42

aaa.jpg

 

မဟာမုနိဘုရားကြီး အရှေ့ဘက်စောင်းတန်း ငါးကန်၏အရှေ့ဘက်မှ ဘုရားစောင်းတန်းအတိုင်း တောင်ဘက်သို့သွားလျှင် အာနန္ဒာ ဘုရားသို့ ရောက်ပါသည်။

အာနန္ဒာဘုရားတည်ဆောက်ပုံသည် ပုဂံရှိ အာနန္ဒာဘုရားပုံစံအတိုင်းတည်ဆောက်ထားပြီး အတွင်းဘက်တွင် မတ်ရပ် ကိုယ်တော် ဘုရား
လေးဆူအား ဖူးမြော်ကြည်ညိုနိုင်ပါသည်။

ဘုရားအဝင် မြောက်ဘက်မုခ်တွင် ဗီရိုပုံစံနှင့်ပြုလုပ်ထားသည့် အတွင်းဘက်တွင် အရုပ်စုံလေးများပါသည့် ဗီရိုလေးများရှိသည်။ ယခုအခါ ထိုဗီရို ရုပ်စုံလေးများသည် တိမ်မြုပ်ပျောက်ကွယ်လု နီးနေပြီဖြစ်ပါသည်။

အလေးစေ့ အကြွေစေ့(၈)ပြားကို ငွေကျပ် ၂၀၀ နှင့် လဲလှယ်ရသည်။ အပြင်မှ အကြွေစေ့ထည့်သော အပေါက်ငယ်လေးမှာ တစ်စေ့ထည့်လိုက်လျှင် တံခါးပေါက်လေးများပွင့်လာပြီး အဝိုင်းပတ်လမ်းကလေးအတိုင်း အရုပ်ကလေးများသည် သက်ဆိုင်ရာ တီးလုံး သီချင်းသံနှင့်အတူ ထွက်ပေါ်၍ လာသည်။

အခြားတစ်ဘက်ရှိ တံခါးပေါက်လေးအတိုင်း ပြန်၍ဝင်သွားပြီး တံခါးလေး ပိတ်သွားလျှင် တီးလုံးသီချင်းသံလည်း ရပ်သွားသည်၊ တစ်ခါကြည့်လိုလျှင် အလေးစေ့ တစ်စေ့ထည့်ရသည်။

ဟိုးယခင်က ရုပ်စုံလေးပါသော ဗီရိုပုံစံ (၆)ခု ရှိခဲ့ရာမှ ယခုအခါ (၃)ခုသာ ရှိပါတော့သည်။ သုဝဏ္ဏသာမဇာတ်တော်၊ အိုးစည်ဝိုင်း၊ သိဝိဘုရင်နှင့် မယ်ဥမ္မာဇာတ်တို့သာ ကျန်တော့သည်။

သက်ဆိုင်ရာဇာတ်နှင့် သီချင်းကို လိုက်ဖက်အောင် ထည့်ပေးထားသည်။

အကြွေစေ့ထည့်လိုက်သည့်အခါ အကြွေစေ့၏ အလေးချိန်ဖြင့် အောက်ဘက်တွင် ရှိသော ကက်ဆက်ကို မက်ဂနစ်တိုက်ဖြင့် ထိခတ်မိအောင် ချိန်ထားသည်ဟု သိရသည်။

သို့သော် အဆိုပါ (၃)ခုစလုံးသည် အတော်လေးကို ယိုယွင်းပျက်စီးနေ ပြီဖြစ်ပါသည်။ ရုပ်စုံလေးများ ထွက်ပေါ်လာသော တံခါးပေါက်နှင့် အဝင်တံခါးပေါက်များလည်း မရှိတော့သလို အဝိုင်းပတ်လမ်းတလျှောက်မှာလည်း အရုပ်ကလေးများနှင့် ငြိချင်ငြိနေတတ်ပြီး ရပ်ချင်လည်း ရပ်နေတတ်သည်။

အချို့ အရုပ်ကလေးများ သမင်ကလေးများသည် ဦးခေါင်းပင် မပါတော့ချေ၊ ဖုန်အလိမ်းလိမ်းနှင့်ဖြစ်နေပေသည်။

တစ်ခါတလေ အရုပ်ကလေးများ အထဲသို့ ရောက်သွားသည့်တိုင်အောင် တီးလုံးနှင့်သီချင်းသံမှာ ရပ်တန့်ခြင်း မရှိဘဲ ဖြစ်နေတတ်သလို တစ်ခါတရံ အရုပ်ကလေးတွေက အဝိုင်းပတ်အတိုင်း ထွက်ပေါ်လာသော်လည်း အသံနှင့် တီးလုံးက ထွက်မလာဘဲလည်း ရှိနေတတ်ပြန်သည်။

စောင့်ကြပ်သူမှ လာရောက်၍ ဗီရိုကို လက်သီးနှင့် တဒုံးဒုံး ထုပေးလိုက်တော့မှ အသံက ပွင့်နေတာကို ပိတ်၊ ပိတ်နေတာကို ပွင့်တော့သည်။

ဗီရို၏ မှန်မျက်နှာပြင်မှာ ရေးသားထားတာကတော့
မတီးမပုတ်ရတဲ့---
အခုဟာက ထုတာဆိုတော့----

ကျွန်တော်တို့ငယ်ငယ် ဟိုးယခင် နှစ်ပေါင်း (၃၀)ကျော် ကာလအချိန်လောက်ကဖြစ်မည်၊

အမေနှင့်အတူ လိုက်ပါ ရောက်ဖူးခဲ့၍ မှတ်မိနေသည်။
ထိုစဉ်က မြောက်ဘက်မုခ်တွင်မဟုတ်၊ အရှေ့ဘက်မုခ်တွင်ဖြစ်သည်။

ကောသလ္လအိပ်မက်(၁၆)ချက်ပန်းချီကားများလည်း ရှိခဲ့သည်။
ဟိုးယခင်ငယ်ငယ်က မြင်ဖူး သိဖူးခဲ့သော ငရဲအိုးထဲမှာ လူအများကို ငရဲသားကြီးများက ထည့်၍ ကြော်နေသော ပန်းချီကားကိုဖြင့် ယခုအခါ ရှ၍ာမတွေ့တော့ချေ။

ထိုစဉ်အခါ
ထိုပုံပန်းချီများကို လက်ညှိုးထိုးပြီး အမေသည်- ကျွန်တော့်ကို---
မြင်တယ်နော် လူကြီးတွေ ပြန်ပြောရင် အဲဒီလို ငရဲအိုးထဲ ထည့်ကြော်ခံရတယ်မြင်လား---
ဆိုပြီး ခြောက်လှန့်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်သည် အရမ်းကို ကြောက်ခဲ့ရပါသည်။ ရေးထားတာကလည်း တကယ့်ကို ပီပြင်လှသည့်အတွက် ငယ်စဉ်က အမေ့စကားသံတို့သည် နားထဲမှာ စွဲနေသလို ကြောက်လည်း အတော်လေးကို ကြောက်ခဲ့ရပါသည်။

အဲဒီကအစ လူကြီးသူမများကို နှုတ်လှန်ထိုး ပြန်မပြောရဲလောက်အောင် ဖြစ်ခဲ့ရ မှတ်ခဲ့ရပါသည်။

ယခုတော့ အချို့ ပန်းချီကားများ နေရာမှာ ပန်းချီကားအသစ် များဖြင့် ပြောင်းလဲ ချိတ်ဆွဲထားသည်ဟုထင်ပါသည်။ ဘာပဲဖြစ်ဖြစ် အာနန္ဒာဘုရားကြီးအတွင်းတွင် ယနေ့ထက်တိုင် ရှိနေသေးသော ထိုပန်းချီကားများနှင့် ထိုဗီရိုပုံစံ ရုပ်စုံကမ္ဘာလေးကို မပျောက်ပျက်အောင် ပြုပြင်ထိန်းသိမ်းလှစေချင်သည်။ ပိုမိုကောင်းမွန်လာအောင်လည်း ပြင်ဆင်ပြုပြင်စေချင်ပါသည်။

ထို့အတွက်ကိုလည်း ရည်စူးပြီး မိမိတတ်နိုင်သလောက် အလှူငွေ ထည့်ဝင်ခဲ့ပါသည်။

မိတ်ဆွေများအနေလည်း ဘုရားကြီး မဟာမုနိသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိခဲ့သည်ရှိသော် ထိုသို့ ရောက်သည့်အခါတိုင်း မနီးမဝေးမှာရှိနေသော ထိုအာနန္ဒာဘုရားကြီးသို့လည်း သွားရောက်လည်ပတ်စေ လိုပါသည်ဟု အကြံပြု တင်ပြလိုက်ရပါသည်။


Read 150 times Last modified on Thursday, 09 May 2019 13:57
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.