Thursday, 09 May 2019 11:08

Mandalay_University__1.jpg


မန္တလေးတက္ကသိုလ်အတွင်းဖြတ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကားလမ်းဖောက်လုပ်ရန် စီစဉ်နေမှုကို သဘောထားစစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ကျောင်းဖွင့်ရက်နှင့် ရုံးဖွင့်ရက်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်နေခြင်းကြောင့် မန္တလေးတက္ကသိုလ်အတွင်းရှိ ၇၃ လမ်းကို ပြန်လည်ဖောက်လုပ်ရန် စီစဉ်နေသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် သဘောထားစစ်တမ်းကောက်ယူမည်ဖြစ်သည်။

" မန္တလေးတက္ကသိုလ်အတွင်းကနေ လမ်းဖောက်မယ်ဆိုရင်တော့ ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းတွေ အသေအချာလုပ်နိုင်မှဖြစ်မယ်။ ဒီအထဲမှာက ကျောင်းသား၊ကျောင်းသူတွေလည်း အများကြီးရှိတော့ ယာဉ်အန္တရာယ် ကင်းရှင်းဖို့အတွက် အားလုံးပူးပေါင်းပြီး လုပ်ဆောင်နိုင်မှဖြစ်မယ်။ နောက်တစ်ခုက အချိန်တစ်ခုသတ်မှတ်ပေးမှရမယ်။ ဒီလမ်းကိုဖွင့်ပေးလိုက်ရင် ကောင်းတဲ့သူရော မကောင်းတဲ့သူရော ဖြတ်သွားနိုင်တယ်။ ဒီအတွက် လုံခြုံရေးကိုလည်း ဒီထက်ပိုပြီး တင်းကျပ်ဖို့လိုမယ်" ဟု မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးကပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့တွင်းယာဉ်ကြောရှုပ်ထွေးမှုများ မဖြစ်စေရန်အတွက် ယခင်ခေတ်အဆက်ဆက်က ပိတ်ထားသည့် အဓိကမိန်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" မန္တလေးတက္ကသိုလ်ထဲမှာရှိတဲ့ တောင်မြောက် ၇၃ လမ်းကို အများပြည်သူတွေ ဖြတ်သွားနိုင်ဖို့အတွက် မြို့တော်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေ့ပြီး ပြောထားတာရှိပါတယ်။ ဒီအတွက်ပညာရေးဝန်ကြီးကလည်း လမ်းဖောက်ဖို့ သဘောတူတယ်။ တရားဝင်စာတွေတော့ ထွက်မလာသေးဘူး။ ဒီလမ်းဖောက်လိုက်ရင်တော့ သိပ္ပံလမ်းနဲ့ ၇၃ လမ်းမတွေမှာ ယာဉ်ကြောကျပ်တာ မဖြစ်နိုင်တော့ပါဘူး" ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားခဲ့သည်။

Source Pyi myanmar


Read 1175 times Last modified on Wednesday, 15 May 2019 11:38
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.