Tuesday, 07 May 2019 11:54

 

myanmar products 2

မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍသည် ဧပြီလတွင်အာဆီယံနိုင်ငံများအတွင်း အမြင့်ဆုံးရောက်ရှိလာကြောင်း ဂျပန် Nikkei ၏ မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း ညွှန်းကိန်း၌ ဖော်ပြထားသည်။

ထိုသို့မြင့်တက်လာခြင်းသည် ကုန်ထုတ်လုပ်ငန်း လည်ပတ်မှုအခြေအနေ တိုးတက်လာခြင်း၊ အမှာအသစ်များ ရရှိလာခြင်းကြောင့်ဖြစ်သည်။

ထိုညွှန်းကိန်းအရ ဧပြီလအတွင်း မြန်မာနိုင်ငံသည် ၅၃ဒသမ ၇မှတ်ရရှိပြီး ဗီယက်နမ်နိုင်ငံက ၅၂ဒသမ ၅မှတ်၊ ထိုင်းနိုင်ငံက ၅၁မှတ်နှင့် ဖိလစ်ပိုင်နိုင်ငံက ၅၀ဒသမ၉မှတ် ရရှိထားသည်။

သို့သော်ညွှန်းကိန်းမြင့်တက်လာသော်လည်း မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုဒဏ်ခံရမည်ဟုလည်း Nikkei က မှတ်ချက်ပေးထားသည်။

မြန်မာနိုင်ငံ၌ လုပ်ငန်းသစ်များ ခြောက်လအတွင်းဆက်တိုက် တိုးတက်လာခြင်းကြောင့်ဧပြီတွင် ကုန်ထုတ်လုပ်မှု ညွှန်းကိန်းအမြင့်ဆုံးဖြစ်လာသည်ဟုဆိုသည်။

ဝယ်ယူသူများထံမှ ဝယ်လိုအားတိုးတက်လာခြင်းနှင့် ဝယ်ယူသူအသစ်တိုးတက်လာခြင်းကြောင့် ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်သည်ဟု Nikkei ကဆိုပြန်သည်။ ကုန်ကြမ်းရှားပါးလာမှုနှင့် စရိတ်များလာခြင်းကြောင့် ဈေးနှုန်းဖောင်းပွမှုများ မြင့်တက်လာပြီး လုပ်ငန်းသစ်များ ဦးမော့လာသော်လည်း အလုပ်ခန့်အပ်နှုန်း လျော့နည်းခဲ့သည်ဟုဆိုထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု၌ ထုတ်ကုန်အသစ်များ ထုတ်လုပ်လာခြင်း၊ နည်းပညာသစ်များ လိုက်လျောညီထွေစွာ အသုံးပြုနေခြင်းကြောင့် ပိုမိုခိုင်မာလာသည်ဟု အဆိုပါစစ်တမ်းကဆိုသည်။
စစ်တမ်းအတွက် ကုမ္ပဏီ၄၀၀ခန့်ကို မေးခွန်းပေးပို့ဖြေဆိုခိုင်းခြင်းဖြစ်ပြီး ဧပြီ၁၀ ရက်မှ ၂၃ ရက်အတွင်း အချက်အလက်ကောက်ယူထားခြင်းဖြစ်သည်။


Read 667 times Last modified on Tuesday, 07 May 2019 14:18
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.