ရွှေ့လျားအိမ်သာများကို မန္တလေးကျုံးတောင်ဘက်ရှိ ၂၆ လမ်းတခွင်တွင် ၁၇ လုံး၊ အရှေ့ခြမ်းရှိ ၆၆ လမ်းတခွင်တွင် ၁၄ လုံးနှင့် မနော်ရမ္မံ တိုင်းရင်းသားသင်္ကြန်မဏ္ဍာပ်တွင် ၈ လုံး ချထားပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်သန်း က ပြောပါတယ်။
ဒေါ်မြင့်မြင့်သန်း က “ရေလာကစားကြသူတွေအတွက် မဖြစ်မနေအရေးကြီးတာကြောင့် ကျွန်မတို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ အလေးထားဆောင်ရွက်ပေးရတာဖြစ်ပါတယ်” ဟု ဆိုပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပွဲလမ်းသဘင်များတွင်အသုံးပြုရန်အတွက် ရွှေ့လျားအိမ်သာများငှားရမ်းပေးနိုင်စေရန် ရွှေ့လျားအိမ်သာ ၅၁ လုံးကို ဝယ်ယူထားပြီး ယခုသင်္ကြန်ကာလတွင် သင်္ကြန်ရေကစား မဏ္ဍပ်ရှိရာနေရာများ၊ တောသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်နှင့် တိုင်းရင်းသားသင်္ကြန်(ပြည်ထောင်စုသင်္ကြန်) ရှိရာနေရာ အနီးဝန်းကျင်တွင် ချထားပေးသွားမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ခံ ဧည့်လမ်းညွှန်ဖြစ်သူ ကိုသိန်းထိုက်ဦး က “ ကျွန်တော်တို့ မန္တလေးက ကျုံးရေသုံးတာကို အခုချိန်ထိမလွတ်သေးဘူး။ သင်္ကြန်မှာ အားလုံးကရေစိုနေကြတာ။ အပေါ့အပါးသွားချင်ရင် ရေပတ်တဲ့နေရာမှာပဲ ရေစိုတာနဲ့အတူ ရောလွှတ်လိုက်ကြမှာပဲ။ ကျုံးဘေးမှာ သင်္ကြန်ရေကစားတာနဲ့ ကျုံးရေနဲ့အတူ ကျုံးထဲကိုပြန်ရောက်မှာပဲလေ။ အခု ရွှေ့လျားအိမ်သာတွေ ထားပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ပြောချင်တယ်” ဟု ဆိုပါတယ်။ ယခင်က အခိုင်အမာ ဆောက်ပေးထားသည့် အခကြေးပေးကာအသုံးပြုရသည့် အများပြည်သူသုံးအိမ်သာ ၂ လုံးကို လုံခြုံရေးအခြေအနေနှင့် ပျက်စီးမှုတစုံတရာဖြစ်ပေါ်လာလျှင် အရေးယူခြင်းများမပြုလုပ်လိုသဖြင့် ယာယီပိတ်ထားမည်ဟု သိရပါတယ်။
ယခုချထားပေးမည့် ရွှေ့လျားအိမ်သာများတွင် တစ်ရက်လျှင် စည်ပင်သာယာရေးဝန်ထမ်း ၃ ဦးနှုန်းဖြင့် ၂ ဆိုင်းချကာ လုံခြုံရေးပိုင်းများအတွက်ပါ ဆောင်ရွက်သွားမည်ဟုသိရပါတယ်။
မဟာအောင်မြေမြို့နယ်မှ အသက် ၆၀ နှစ်ကျော် ဒေသခံ ဒေါ်စန်းမြင့် က “ကျွန်မဆို သင်္ကြန်မလည်ဖြစ်တာ နှစ် ၂၀ ကျော်ပြီ။ လမ်းလျှောက်သြင်္ကန်စလုပ်တဲ့နှစ်ကစပြီး အိမ်က ကလေးတွေနဲ့ ကျုံးဘေးကိုပြန်ရောက်ဖြစ်တယ်။ အခုလို အိမ်သာလေးတွေပါ စီစဉ်ပေးထားမယ်ဆိုတော့ ပိုပြီးပြည့်စုံသွားတယ်လို့ မြင်မိတယ်” ဟု ပြောပါတယ်။
ယခင်နှစ်များက မန္တလေးကျုံးအရှေ့ဘက်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များသာ ချထားပေးခဲ့သော်လည်း ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကိုပါ တိုးချဲ့ဖြစ်သည့်အတွက် ယခင်ကလို မဏ္ဍပ်ကြီးများချထားမပေးတော့ဘဲ မန္တလေးကျုံး အနောက်ဘက်အခြမ်း လမ်း ၈၀ တွင်သာ ဖျော်ဖြေရေးမဏ္ဍပ် ၉ ခုကိုသာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ရွှေ့လျားအိမ်သာများကို ငှားရမ်းမှုအနေဖြင့် အိမ်သာတစ်လုံးကို တစ်ရက်လျှင် ကျပ် ၄ သောင်း သတ်မှတ်ထားပြီး မိလ္လာစုပ်ယူခအဖြစ် တစ်ခေါက်လျှင် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း၊ အခမဲ့ရွှေ့လျားအိမ်သာများအပြင် ငှားရမ်း အသုံးပြုသည့် ရွှေ့လျားအိမ်သာများအားလုံးကို သင်္ကြန်ရက်အတွင်း နံနက် ၅ နာရီခွဲတွင် မိလ္လာကားများဖြင့် လာရောက်သန့်ရှင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းရေးဌာနမှ ဒေါ်ညိုညိုဝင်း က “ကျုံးအနောက်ဘက်က ရေကစားမဏ္ဍပ်ကြီးတွေကို ရွှေ့လျားအိမ်သာထားဖို့ တင်ဒါခေါ်ကတည်းက စည်းကမ်းသတ်မှတ်ပေးထားပြီးသားပါ။ ရွှေ့လျားအိမ်သာတွေကို စည်ပင်အဖွဲ့က ငှားရမ်းလို့ရသလို အပြင်ကလည်း ငှားသုံးခွင့်ပေးထားပါတယ်။ ကျွန်မတို့ဆီကနေ မဏ္ဍပ် ၃ ခုက ရွှေ့လျားအိမ်သာ ၁၀ လုံး ငှားထားတယ်။ ကျန်တာက အပြင်ကနေငှားတယ်လို့ သိရတယ်” ဟု ပြောပါတယ်။
ယခုနှစ်တွင် မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်အပြင် တိုင်းရင်းသား ရိုးရာအတိုင်း ရေပတ်ကစားခြင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်များဖြင့် စတုဒီသာမုန့်များကျွေးခြင်း၊ တိုင်းရင်းသား ရိုးရာအစားအသောက်များ ရောင်းချခြင်းများ ပြုလုပ်သွားမည်ဟု သိရပါတယ်။
တောသင်္ကြန်ညဈေးတွင် နိုင်ငံခြားသားခရီးသွားများအတွက် စွဲဆောင်မှုဖြစ်စေရန် မြန်မာ့ရိုးရာအစားအစာများ ရောင်းချခြင်း၊ မြန်မာ့ရိုးရာ ရုပ်သေးပွဲများ၊ ရှေးယခင်ကကဲ့သို့ ပိတ်ကားရုပ်ရှင်များ ပြသခြင်းများဖြင့် တောဓလေ့ရိုးရာများ ပါဝင်မည်ဟု သိရပါတယ်။
Source: Irrawady