Monday, 21 March 2016 17:00

aung01 inside

ဘိသိက် ပန်တျာ အောင်မျိုး

 

ဇာတ်မင်းသားဘဝမှာ အောင်မြင်ခဲ့တဲ့ ပန်တျာအောင်မျိုးသည် ယခုအခါ ဘိသိက်ဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း အနုပညာ

ခရီးလမ်းကိုဆက်လက်လျှောက်လှမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

၁၉၆၄ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့မှာ၊ ဦးတလုပ်+ဒေါ်အေးမယ် မိဘနှစ်ပါးမှ မန္တလေးမြို့ ပန်တျာကျောင်းဝင်းအတွင်းမှာပဲ မွေးဖွားခဲ့ပြီး

မွေးချင်း ၇ ယောက်မှာ တတိယမြောက် သားဖြစ်ပါတယ်၊

အခု ရန်ကင်းသာယာရပ်ကွက်၊ အင်းဝလမ်း၊ ပုသိမ်ကြီး၊ မန္တလေးမှာ နေထိုင်လျက်ရှိပြီး၊

 

ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09 965 705 124 / 09 786057297---ကို ဆက်သွယ် ခေါ်ဆိုနိုင်ပါတယ်၊

ဇာတ်မင်းသားဘဝမှာ သီချင်းခွေနှစ်ခွေကို မှတ်တိုင်အနေနဲ့ ထုတ်ဝေနိုင်ခဲ့ပြီး ယခု ဘိသိက်ဆရာဘဝမှာလည်း ဒီဗီဒီအခွေလေးတစ်ခွေ

ထုတ်ဖြစ်ဘို့ ကြိုးစားနေတာကို တွေ့ရှိရပါတယ်။ သီချင်းလေးနဲ့ဆုတောင်းပေးမယ် DVD အခွေအတွက် သီချင်းသရုပ်ဖော်ရိုက်ခြင်း

အသံသွင်းခြင်းဓာတ်ပုံရိုက်ခြင်းတွေ စတဲ့ မအားမလပ်အောင်ဖြစ်နေရှာတဲ့ သူ့ကို ဇွတ်အတင်း ပူဆာရင်း မရမက မေးမြန်းဖြစ်ခဲ့ပါတယ်၊

စိတ်ရှည်လက်ရှည်နှင့်ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး ဖြေပေးပါတယ်၊ သည့်အတွက် ကျေးဇူးတင်ပါတယ်။

မေးဖြစ်ခဲ့တဲ့ သူ့ရင်ထဲက စကားလေးတွေကတော့---

 

- အနုပညာကို ဘယ်အချိန်ကတည်းက စပြီး စိတ်ဝင်စားခဲ့တာလဲ

အသက် ၁၃ နှစ်အရွယ်မှာ ပန်တျာကျောင်းတက်ခဲ့၊ အသက် ၇ နှစ်သားအရွယ်လောက်က ပန်တျာကျောင်းဝင်းထဲက ဇာတ်ရုံကြီးမှာ ရန်ကုန်

ယဉ်ကျေးမှုအဖွဲ့ကြီးမှ ဝက်ထီးကန်တိုက်ပွဲ ဇာတ်လမ်းကို လာရောက်ကပြစဉ် တမေ့တမောကြည့်ခဲ့ရပြီး လွမ်းလွမ်းဆွေးဆွေးဖြစ်ခဲ့ရတာက

စခဲ့တယ်လို့ ပြောရမှာပါပဲ

 

- မည်သို့သော အကြောင်းများက ကိုယ့်ကို တွန်းအားပေးခဲ့တာလဲ

အဖေက ပန်တျာဝန်ထမ်းဆိုတော့ ပန်တျာကျောင်းဆင်းပွဲများ လွတ်လပ်ရေးပွဲများ ဧည့်ခံဖျော်ဖြေရေးတာဝန်မှာ အတူလိုက်ပါသွားရင်း

အနုပညာပိုးတွေထကြွဘို့ တွန်းအားဖြစ်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့

 

- တက်ရောက်သင်ကြားခဲ့တဲ့ အနုပညာသင်တန်းကျောင်းတွေနဲ့ပါတ်သက်ပြီး ပြောပြပေးပါလား

ပန်တျာမှာ အမျိုးသား အကနည်းပြဆရာကြီးက ဦးသန်းအောင်၊ အများက ခေါ်ကြတာတော့ ဆရာလေးပေါ့၊ အဆိုပိုင်း ဆရာမက ဒေါ်မြမြသန်း၊

သင်္ကေတဆရာကတော့ ဆရာကြီး ဦးကျော်ဒင်နဲ့ စန္ဒယား ဦးဘို၊ အက၊ အဆို၊ သင်္ကေတ ၃ ချိန်၊ တစ်ချိန်ကို တစ်နာရီ၊ မနက်ပိုင်း ညနေပိုင်း

နှစ်ခါစီ လှည့်ပြီး တက်ခဲ့ရတယ်၊ ပန်တျာကျောင်းက ကိုယ့်ရဲ့ တစ်ခုတည်းသော သင်တန်းကျောင်းကြီးပေါ့

 

- သင်ဆရာ မြင်ဆရာ ကြားဆရာတွေက ဘယ်သူတွေလဲ၊ စံနမူနာ ထားသူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ

အကုန်လုံးလို့ ပြောရမှာပါပဲ၊ အနုပညာသမားဆိုတာ အရူးလွယ်အိတ်လိုဆိုတော့ တွေ့သမျှ မြင်သမျှ အကုန်မှတ်ရ သင်ယူရတာပေါ့

 

- ကိုယ်ဝါသနာပါတဲ့အနုပညာ လမ်းကြောင်းကို လျှောက်လမ်းတဲ့အခါ တတ်မြောက်ဘို့ အချိန်ကာလ ဘယ်လောက် ရင်းနှီးခဲ့ရသလဲ

ပန်တျာကျောင်းသားအရွယ် ငယ်ဘဝကနေ အခုချိန်အထိပါပဲ၊ သင်ယူနေရဆဲပါ

 

- တတ်မြောက်ခဲ့တဲ့ အနုပညာက မိမိကို ဘယ်လောက်အထိ အထောက်အကူ ပြုစေခဲ့သလဲ၊ အောင်မြင်တယ်လို့ရော ထင်မြင်မိပါသလား၊

ဘာ့ကြောင့်ပါလဲ

လူမှန်သမျှ စားရေး ဝတ်ရေး နေရေး လူမှုရေး အဲဒီအချက်တွေနဲ့ ပြည့်စုံမှ ရှင်သန်လို့ရတာမဟုတ်လား၊ အဲဒီအတွက် ကျနော့်ကို အနုပညာက

အပြည့်အဝကို တာဝန်ယူထားလို့ အခုထိ အောက်တန်းမကျ နေနိုင်ရပါတယ်၊ အတိုင်းအတာတစ်ခုအထိ အောင်မြင်ပါတယ်၊ ဘာ့ကြောင့်

အောင်မြင်တယ်လို့ ပြောနိုင်တာလည်းဆိုတော့ အနုပညာနဲ့ ဘဝ လှနေလို့ပါ

 

- အနုပညာလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ တွေ့ကြုံဖြတ်သန်းရတဲ့ အခက်အခဲ နှင့် မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့သော အမှတ်တရများ

ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ် အခက်အခဲဆိုတာ သဘာဝပါ၊ မှတ်မှတ်ထင်ထင်တွေကတော့ စဉ်းစားရင် စဉ်းစားသလောက် ပေါ်နိုင်ပါတယ်၊

အရေးအကြီးဆုံးမှတ်မှတ်ထင်ထင်ပြောရရင် မင်းသား စဖြစ်ကတည်းက မျက်နှာသစ်တိုင်း(ရေနဲ့မျက်နှာထိတိုင်း) ရတနာသုံးပါး၊

အနန္တော အနန္တငါးပါး မြင်ပြီး ရွတ်ဖတ်ပြီး ကန်တော့ပြီး သစ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့် ဇာတ်ကားမှောက်တာ ရထားမှောက်တာ မော်တော်

ဝမ်းဗိုက်ပေါက်တာအဲလိုတွေ ကြုံတွေ့ခဲ့ရဘူးပါတယ်၊ အမှောင်နဲ့မည်းမည်း ယာခင်းတွေထဲ ဖြတ်လျှောက်ပြီး ဇာတ်ခုံဆီကို သွားခဲ့ရတာ

အဲသလိုတွေ ဖြစ်ခဲ့ပေမယ့် အပ်ခြစ်ရာ ဆူးခြစ်ရာတောင် မရှိခဲ့ပါဘူး၊ အန္တရာယ်ကင်းကင်းနဲ့ မထိမခိုက်ဘဲရှိနေဖြစ်နေခဲ့တာ ဒါဟာ

အဲဒီဂုဏ်ကျေးဇူးတော်တွေလို့ မြင်ပါတယ်

 

- အောင်မြင်တဲ့လမ်းကြောင်းကိုရောက်ဘို့ ဘာတွေလိုအပ်ပါသလဲ

အဓိက ကံလိုအပ်ပါတယ်၊ မာန်လည်ဆရာတော်ဘုရားကြီးကလည်း ဆုံးမထားတာရှိပါတယ်

ကံဟု မူလ၊ သံဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဥာဏ်ဝီရိယ၊ ပယောဂတည်း ၊

ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မယိုးကောင်းဟု၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏၊ ကံကိုယုံ၍ ဆူးပုံအတွင်း မသက်ဆင်းရာ

 

- အောင်မြင်တဲ့သူတွေ ကျဆုံးတဲ့အခါ အဖတ်ဆယ်လို့ မရအောင် ဖြစ်တတ်တယ်လို့ သိရပါတယ်၊ ဟုတ်ပါသလား

ဘာ့ကြောင့် အဲသလို ဖြစ်တယ်လို့ ထင်ပါသလဲ၊ ဘယ်လို အရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဘာတွေကို လက်ကိုင်ထား

ကျင့်သုံးသင့်သလဲ(အနိစ္စ--ဆိုတဲ့စကားနဲ့အတိုချုပ် ကျေးဇူးပြု၍မဖြေပေးစေလိုပါ) ဆိုလိုတာက လူ့သက်တမ်းမှာ--အောင်မြင်မှုကို

တတ်နိုင်သလောက် ရေရှည်အောင် ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့အချက်ကို ပြောပြပေးစေလိုတာပါ

လူတွေ ထွင်ထားတဲ့ ယာဉ်တွေမှန်သမျှ ဘရိတ်ဆိုတာတွေ ပါပါတယ်၊ ဘရိတ်မပါရင် သေချာပေါက် အန္တရာယ် ရှိပါလိမ့်မယ်၊

လူတွေမှာလည်း ဘရိတ်ပါရင် အဖတ်ဆယ်လို့ မရအောင်ဆိုတာ မဖြစ်နိုင်ပါဘူး

အောင်မြင်ဘို့ဆိုတာ ကံ ဥာဏ် ဝီရိယ အကြောင်းသုံးပါး ညီညွတ်ဘို့ လိုအပ်ပါတယ်၊ အောင်မြင်မှုကို ရေရှည်ထိန်းနိုင်ဘို့ဆိုတာလည်း

ကံ ဥာဏ် ဝီရိယပါပဲ၊ ရေရှည်ထိန်းနိုင်ဘို့ ဥာဏ်ဆိုတာ ဘရိတ်ပဲလေ

 

- ဘဝမှာ စိတ်ဓာတ်ကျစရာနှင့် အဆိုးဝါးဆုံးအဖြစ်အပျက်တွေ ရှိခဲ့ဘူးသလား၊ ဘယ်လို အဖြစ်အပျက်တွေလဲ

ရှိခဲ့ဘူးတယ်ဆိုရင်-----ဘယ်လို တည့်မက်ခဲ့သလဲ၊ ဖြေရှင်းခဲ့သလဲ၊ ထူမတ်ခဲ့သလဲ၊ ဘယ်အရာတွေက အားပြန်ဖြစ်စေခဲ့တာလဲ

ကိုယ် အယုံကြည်ရဆုံး အရင်းနှီးဆုံးလို့ သတ်မှတ်ထားခဲ့သူတွေက ခွင့်မလွှတ်နိုင်တဲ့အကြောင်းအရာတွေ ကိုယ့်အပေါ် ပြုမူခံရတဲ့

အခါတော့ ဖြစ်ရတာပေါ့၊ အဲသလို အချိန်တွေမှာ ဓမ္မတရားတော်တွေရဲ့ အဆုံးအမနဲ့ ဘဝကို တည့်မတ်ခဲ့ရပါတယ်၊ အဲဒါ အားတွေပဲပေါ့

 

- လမ်းကြောင်းမှန်နှင့် ဘဝအမှန်ကိုပြန်ရောက်နိုင်ရန် လူတွေမှာ အရေးကြီးဆုံး ဘာလုပ်သင့်သလဲ ဘယ်လို ဆုံးဖြတ်ပြီး

ဘယ်လို ရင်ဆိုင်ဖြေရှင်းကျော်လွှားသင့်သလဲ

ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတွေကို ဆရာတော် သံဃာတော်တွေက လက်ဆင့်ကမ်းဆုံးမနေတဲ့ တရားတော်တွေအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်

ခုဘဝတင်မဟုတ် နောင်သံသရာအထိ အားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မှာပါ

 

- အခု ဘိသိက်ဆရာ တစ်ယောက်အဖြစ် ဘယ်အချိန်က စပြီး လုပ်ဆောင်ခဲ့ပါသလဲ

2008 ခုနှစ်လောက်က စခဲ့ပါတယ်

 

- ဘာ့ကြောင့် သည်အလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာလဲ၊ ရည်ရွယ်ချက်လေး ပြောပြပါလား

ကိုယ်တိုင် ဆုံးမတဲ့စာတွေ ဖတ်ပြီုး ကိုယ်တိုင်လည်း အဆုံးအမ ခံချင်တယ်၊ ကိုယ်တောင် ခုမှ တစ်ဖြည်းဖြည်းသိလာရတာ၊ ကိုယ့်ထက်

ငယ်ရွယ်သူတွေလည်း ကိုယ်လိုနေမှာပဲလေ ဆိုတဲ့ စိတ်နဲ့ ပြန်ပြီး ပြောပြချင်လာတယ်၊ ဇာတ်ခုံပေါ်ကနေ ပြောပြလို့ မရတဲ့ စကားတွေ

မဏ္ဍပ်ထဲမှာ ပြောလို့ရတယ်၊ ကိုယ်ပြောလိုက်တဲ့ ကောင်းမွန်တဲ့စကား ဆယ်ခွန်းမှာ တစ်ခွန်းလောက် အဖတ်တင်ရင် ရမယ့်ကုသိုလ်က

အများကြီးပဲလို့ ယုံကြည်တယ်၊ ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ အလွန်မွန်မြတ်တဲ့အလုပ် လုပ်သင့်တယ်လို့ ခံယူမိတဲ့အချိန်မှာပဲ

ဘိသိက်ဆရာဆိုတဲ့ဘွဲ့ကို ကျေကျေနပ်နပ်ကြီး လက္ခံရွေးချယ်လိုက်တာပါပဲ

 

- သြဘာစာဖတ်ခြင်းနှင့် ဘိသိက် ကွာခြားချက်ရှိပါသလား၊ ပွဲအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့အခါ မင်္ဂလာအခမ်းအနားအတွင်းမှာ ဖြစ်ပေါ်ရရှိခဲ့တဲ့

စိတ်ကျေနပ်မှုနှင့် အလိုမကျဖြစ်စေသော အရာများ ရှိသင့် ဖြစ်သင့်သော အကြံပြုချက်

ဘိသိက်ဆိုတာ သွန်းလောင်းခြင်းပါ၊ ဘိသိက်ဟာမင်္ဂလာကျက်သရေ အလွန်ရှိပါလားလို့ ယုံကြည်သူတွေက ယုံကြည်သလို

လေးလေးမြတ်မြတ် ပြုကြတယ်၊ ဆောင်ရွက်ကြတယ်၊ တစ်ချို့လည်း ဘိသိက်က ရှုပ်နေတယ်လို့ ထင်တဲ့သူတွေလည်း ထင်နေကြပါတယ်၊

စေတနာအတိုင်း အကျိုးပေးတယ်မဟုတ်လား၊ သူတို့ သဘောထားအပေါ် မူတည်ပါတယ်

သြဘာစာ ဖတ်တာကတော့ ချီးကျူးတာ ဂုဏ်ပြုတာ ပူဇော်တာပါပဲ၊ ဘိသိက်ဆိုတာလည်း အဲဒီအလုပ်တွေ လုပ်ရမှာပါပဲလေ

 

- မင်္ဂလာဆောင်အခမ်းအနားမှူးနဲ့အလှူပွဲဘိသိက်မှာ ဘယ်ဟာက ပိုပြီး လုပ်ရသလဲ၊ ဘယ်ဟာက ကိုယ့်အတွက် အဆင်ပြေသလဲ ခက်ခဲသလဲ

နှစ်ခုစလုံးကတော့ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ပဲလေ၊ ကိုယ့်ငှားထားတဲ့အတွက် ကျေနပ်အောင် တာဝန်ကျေအောင် ဆောင်ရွက်ရတာပေါ့၊

အခက်အခဲတော့မရှိပါဘူး၊ ဘိသိက်ကတော့ အဆို အဟဲတွေပါတာပေါ့လေ

 

- အခမ်းအနားပွဲ မရှိတဲ့အခါတွေမှာ ဘယ်လို အပန်းဖြေ အနားယူပါသလဲ

အသက်ကြီးလာလေလေ သိချင်တာတွေ သိရမှာတွေ များလေလေ--အဲဒါတွေ လေ့လာနေတာ အပန်းဖြေခြင်းပါပဲ

 

- နေရာဒေသ ရွေးချယ်ပြီး အလုပ်ကို လက်ခံပါသလား

မြန်မာနိုင်ငံအတွင်းဆိုရင်တော့ မရွေးပါဘူး

 

- အနာဂတ်အလားအလာ ရည်မှန်းချက်ကောင်းများသိချင်ပါတယ်

ဝိပဿနာအားထုတ်တာ မြည်းစမ်းကြည့်ထားတယ်၊ ကြိုက်တယ်၊ ခု--သေရမှာ ကြောက်နေသေးတယ်၊ ပျော်ပျော်ကြီး သေရဲဘို့ အချိန်ပေးပြီး

လုပ်နိုင်ဘို့အဲဒါကို မျှော်လင့်ရင်း ကြိုးစားမယ်

 

- မျိုးဆက်သစ်များအတွက် အကောင်းဆုံး ပေးချင်သော မက်ဆေ့ခ်ျ

ကိုယ်လည်း လုပ်ချင်တာ လုပ်တာ၊ သူတို့လည်း လုပ်ချင်တာ လုပ်ကြမှာပဲ

ဘရိတ်လေးသာ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်

 

- ကျေးဇူးတင်ပါတယ်၊ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက်

ဟုတ်၊ ကျနော်လည်း ကျေးဇူးတင်ပါတယ်

 


Read 1050 times Last modified on Thursday, 21 February 2019 11:50
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.