Thursday, 20 February 2020 15:06

Lampi

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်

လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြောက်လတ္တီတွဒ် ၁၀°၅၀'၊ အရှေ့လောင်ဂျီတွဒ် ၉၈°၁၂' ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင်(၄၀)ကွာဝေးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပါတယ်။

အဆိုပါကျွန်းသည် အကျယ်အဝန်းအားဖြင့် ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြိတ်ကျွန်းစုထဲပါဝင်ကာ ကျွန်းငယ်များစွာ ဝန်းရံလျက်ရှိပါတယ်။

လန်ပိကျွန်းနှင့် ပင်မကုန်းမြေအကြားတွင် ပင်လယ်ရေသည် ပျမ်းမျှ ၁၂ မီတာ နက်ရှိုင်းပါတယ်။

ထို့ပြင် လန်ပိကျွန်းသည် ယေဘုယျအားဖြင့် တောင်ကုန်းထူထပ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်ထက် ၄၅၅ မီတာမြင့်ပြီး ကမ်းရိုးတန်းအများစုမှာ ကျောက်ဆောင်ထူထပ်ပြီး၊ သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များ၊ ရေလက်ကြားများလည်းရှိပါတယ်။

ဒါ့အပြင် တစ်နှစ်ပတ်လုံးစီးဆင်းသော မြစ် (၂) ဆင်းရှိပြီး၊ ရာသီလိုက်စီးဆင်းသော စမ်းချောင်းများစွာလည်းရှိသေးပါတယ်။

လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းဝင်ဖြစ်ပြီး၊ Important Bird Area (IBA) သတ်မှတ်ထားသော ဥယျာဉ်တစ်ခုဖြစ်ပါတယ်။

လန်ပိကျွန်းအား ၁၉⁠၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်လည်း ဖြစ်ပါတယ်။

သဘာဝအရင်းအမြစ်များ

အမြဲစိမ်းသစ်တောအမျိုးအစားဖြစ်ပြီး၊ လမုတော၊ ကမ်းခြေသစ်တော၊ ဒီရေတောများလည်း ယခုအချိန်ထိရှိနေပြီး အထူးသဖြင့် ပင်လယ်မြက်ခင်းများသည် ကျွန်း၏အရှေ့ဘက်တွင် ရှိနေပါတယ်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သော စစ်တမ်းအရ ဒီရေတော (၆၃) မျိုး၊ နို့တိုက်သတ္တဝါ (၁၉)မျိုး၊ ငှက်အမျိုးအစားပေါင်း (၂⁠၂၈)မျိုး၊ တွားသွားသတ္တဝါ (၁၀)မျိုး၊ ကုန်းနေရေနေသတ္တဝါ (၁၀)မျိုး၊ ငါး(၄၂)မျိုး၊ ကဏန်း(၄၂)မျိုး၊ ခရုအမျိုးအစား (၅၀)၊ ယောက်သွားကမာကောင် (၄၁)မျိုး၊ ပင်လယ်မျှော့(၃၅) မျိုး၊ ပင်လယ်ရေညှိ(၇၃)မျိုး၊ အခြားရေနေသတ္တဝါ (၃⁠၃၅) မျိုး နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။

ထိုအထဲမှ ငှက်အမျိုးအစား ခုနစ်မျိုးမှာ နိုင်ငံတွင်း အသစ်တွေ့ရှိရခြင်းဖြစ်ပြီး လန်ပိကျွန်းသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ သဲသောင်သစ်တော တစ်ရာခိုင်နှုန်း၊ ဒီရေတော နှစ်ရာခိုင်နှုန်းနှင့် ရေပြင် ၇၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားပါတယ်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

မိုင်းခွဲ၍ ငါးဖမ်းခြင်းများကြောင့် သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ သစ်ခိုးထုတ်ခြင်း၊ ရေထုညစ်ငြမ်းခြင်းနှင့် ကြုံတွေ့နေရပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သဘာဝနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ထိန်းသိမ်းအုပ်ချုပ်မှုအောက်တွင် ရှိပြီး ယခုအခါ လန်ပိကျွန်း၌ အဖိုးတန်သစ်ပင်များနှင့် ရှားပါးရေနေသတ္တဝါများ ဆုံးရှုံးမှုများရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က လန်ပိကျွန်း၌ ကမ္ဘာမှာရှားပါးပြီး မျိုးတုံးပျောက်ကွယ်သွားနိုင်သည့် သစ်အမျိုးပေါင်း ၁၇ မျိုးရှိနေကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Istituto Oikos နှင့် BANCA (ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း) တို့သည် လန်ပိကျွန်း၏ တောင်ဘက်ကမ်းရိုးတန်းနှင့် နီးကပ်လျက်ရှိသော ဗိုလ်ချိုကျွန်းပေါ်တွင်ရှိသော မကြုံဂလက်ဆလုံရွာတွင် လေ့လာရေးစခန်းတည်ဆောက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါတယ်။

သုတေသနလုပ်ငန်းများ

FAO(၁၉၈၃)၊ WCS(၁၉၉၅-၉၆)၊ EcoSwiss(၂၀၀၆-၀၇) စသည့်အဖွဲ့များနှင့် ချိတ်ဆက်၍ လန်ပိကျွန်းအား ကွင်းဆင်းတိုင်းတာခြင်းများပြုလုပ်ခဲ့ပြီး မြိတ်ကျွန်းစု၏ အဏ္ဏဝါဇီဝဗေဒ စစ်တမ်းကို မော်လမြိုင်တက္ကသိုလ်၊ ရုက္ခဗေဒနှင့် သတ္တဗေဒဌာနများက ပြုလုပ်ခဲ့ကြပါတယ်။

ရေကြောင်းသိပ္ပံဌာန၊ မော်လမြိုင်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်တို့မှာ အဏ္ဏဝါဇီဝဗေဒဆိုင်ရာ လေ့လာခြင်းများကို ပြုလုပ်နေကြပါတယ်။

ခရီးသွားလာရေးလုပ်ငန်း

မျက်မှောက်အခြေအနေတွင် လန်ပိကျွန်းနှင့် အမျိုးဥယျာဉ်နယ်နမိတ်အတွင်းရှိ ကျွန်းများသည် ခရီးသွားများအတွက် လှည့်ပတ်ရန် မသင့်တော်သေးပေ။ ကျွန်းများပေါ်တွင် ညအိပ်ခွင့်မပြုသေးချေ။ ရွက်လှေများနှင့် လှည့်ပတ်နိုင်ပြီး ရေငုပ်ခြင်းများကိုလည်း နေရာအကန့်အသတ်နှင့် ဆောင်ရွက်နိုင်ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်ရှိသော မြန်မာနှင့် ထိုင်းကုမ္ပဏီများထံမှ ခရီးသွားများအတွက် လှေများ ငှားရန်းနိုင်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး

ရန်ကုန်-ကော့သောင်း သို့လေယာဉ်ဖြင့် (၂)နာရီ၊ ကော့သောင်း-လန်ပိ သို့စက်လှေဖြင့် (၅)နာရီသွားရပါတယ်။

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

(၁) ဒီရေတော ဂေဟစနစ်၊ ရေပျော်ငှက်များကို လေ့လာနိုင်ခြင်း၊

(၂) အမြဲစိမ်းတော ဂေဟစနစ်များလေ့လာနိုင်ခြင်း၊

(၃) သန္တာကျောက်တန်းများအား လေ့လာသုတေသနပြုနိုင်ခြင်း၊

(၄) ဆလုံမျိုးနွယ်များ၏ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊

(၅) ငါးမျိုးစိတ်နှင့် ခရုကမာမျိုးစိတ်များ လေ့လာနိုင်ခြင်း၊

(၆) အပျော်တမ်း ပင်လယ်ရေငုပ် ဆောင်ရွက်နိုင်ခြင်း၊

(၇) ပင်လယ်ကမ်းခြေတွင် အနားယူအပန်းဖြေနိုင်ပါတယ်။

Ref: wikipedia


Read 182 times Last modified on Wednesday, 25 March 2020 14:19
Rate :
(14 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.