Wednesday, 27 November 2019 16:43

15_25.jpg

ပြည်တွင်းခရီးသွား လုပ်ငန်းများတွင် ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ရှိ တိမ်ပင်လယ်ကြည့်ရှုသော ခရီးစဉ်ကို သွားရောက်သူများပြားလာကြောင်း ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“တိမ်ပင်လယ်ကိုကြည့်လို့ရတာကလည်း ဆောင်းတွင်းကာလဆိုတော့ အခုကာလမှာ သွားတဲ့သူတွေ များလာတယ်။ တိမ်တွေကိုကြည့်ရတာ ပုံမှန်တွေ့နေကျ အနေအထားမျိုး မဟုတ်ဘူး။ တစ်ပြင်လုံး အပြည့်ပုံစံမျိုးမြင်ရတာ။ ပီတိဖြစ်စရာကောင်းတယ်”ဟု ကြယ်စင်ပြည်တွင်းခရီးသွား ၀န်ဆောင်မှုလုပ်ငန်းပိုင်ရှင် ဦးမင်းဇော်က ပြောသည်။

ယင်းခရီးစဉ်သည် နောင်ချိုမြို့အထိ သွားရောက်ပြီး နောင်ချို-ရပ်စောက်လမ်းအတိုင်း ၁၅ မိနစ်ခန့်သွားကာ လမ်းမကြီး၏ ၀ဲဘက်ခြမ်း သရက်ကုန်းကျေးရွာပြင်ကြီး ကျောင်းတိုက်ဟု ရေးသားထားသော ဆိုင်းဘုတ်မှ လမ်းညွှန်အတိုင်း ၀င်ရောက်ရကြောင်း၊ ယင်းမှတစ်ဆင့် မြေနီလမ်းအတိုင်းဝင်ကာ နောင်ချိုကြီးရွာအထိ နာရီဝက်ခန့် သွားရကြောင်း၊ ထိုကျေးရွာမှ တိမ်ပင်လယ်ကြည့်ရှုမည့် စံဖာတတ် တောင်ကုန်းပေါ်သို့ ဆိုင်ကယ် သို့မဟုတ် ထော်လာဂျီဖြင့် သွားပါက တောင်ကုန်းပေါ်မှ တောင်ကြောများကြားတွင် ဖြတ်သန်းစီးဆင်းနေသော ဒုဋ္ဌ၀တီမြစ်ကြောင်းတစ်လျှောက် တိမ်ပင်လယ်များကို တွေ့ရှိရကြောင်း သိရသည်။

Read More>>> တိမ်ပင်လယ်ကြည့်ရှုသူများအတွက် နောင်ချိုကြီးတွင် ညအိပ်စခန်းငါးခု ဖွင့်လှစ်ထား

“အခုနောက်ပိုင်း ခရီးသွားတွေတော်တော်လေး များလာတယ်။ မန္တလေးကလာတဲ့ သူတွေကျတော့ တချို့ဆိုရင် နံနက်စောစော ထွက်လာပေမယ့် တိမ်ပင်လယ်ကို မမြင်လိုက်ရတာကြောင့် တောင်ပေါ်မှာညအိပ်ပြီး စောစောထကြည့်တဲ့ သူတွေများတယ်”ဟု နောင်ချိုကြီးကျေးရွာမှ ဒေသခံ ဦးထွန်းရွှေကပြောသည်။

ထိုတိမ်ပင်လယ်ဖြစ်ပေါ်နေမှုကို ဆောင်းရာသီကာလ နိုဝင်ဘာလမှ ဇန်န၀ါရီလအထိ တွေ့ရတတ်ပြီး ရာသီဥတုအခြေအနေအရ မမြင်ရသော ရက်များလည်း ရှိကြောင်းသိရသည်။

အဆိုပါနေရာသို့ ညအိပ်လာရောက် စောင့်ဆိုင်းလည်ပတ်သူ များပြားပြီး ရွက်ဖျင်တဲ(Tent) များငှားရမ်းကာ အိပ်စက်ကြပြီး Tent တစ်လုံးလျှင် သုံးယောက်အိပ်စက်နိုင်ကာ တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း သိရသည်။

Read More>>> ပြင်ဦးလွင်မြို့မှ Reviews ကောင်းတဲ့ ဟိုတယ်များ

Source: Myawaddy


Read 542 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.