Thursday, 14 November 2019 17:19

e

အနာဂတ်ငလျင်သတင်းအချက်အလက်များရရှိစေရန်နှင့် စစ်ကိုင်းပြတ်ရွေ့အစိတ်အပိုင်းများကို အတိအကျသတ်မှတ်နိုင်ရန်အတွက် ကောင်းကင်ဓာတ်ပုံများကို ဒရုန်းဖြင့်ရိုက်ကူးမည့် သုတေသနမှတ်တမ်းတင်မှုကို ယခုလအတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားထားကြောင်း သိရပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်ကို ပညာရှင်အသီးသီးက လေးကြိမ်ခန့် လေ့လာမှတ်တမ်းတင်ခဲ့ကြရာတွင် ပြတ်ရွေ့များ၏ တည်နေရာများ အနည်းငယ်ကွဲလွဲမှုများကြောင့် အတိအကျသတ်မှတ်နိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

"စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာ အဓိက မြို့ကြီးတွေရှိတယ်။ အနာဂတ် ငလျင်ကိုသိချင်ရင် အတိတ်ငလျင်ကို အဓိကလေ့လာရပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကို အပိုင်းလိုက်ခွဲပြီး အလျားဘယ်လောက်ရှိလဲ၊ အနက်က ဘယ်လောက်ရှိလဲဆိုတာတွေ လေ့လာရဦးမယ်။ အရင်ကပညာရှင်တွေ လေ့လာမှုတွေမှာ ကွဲလွဲတာလေးတွေလည်းရှိတော့ ဒရုန်းနဲ့ ကောင်းကင်ဓာတ်ပုံရိုက်ပြီး သုတေသနမှတ်တမ်းတွေ လုပ်ပါမယ်"ဟု ၎င်းက ပြောထားပါတယ်။

Read More>>> ကမ္ဘာကြီးနှင့် လူသားများကို တစ်နေ့ထက်တစ်နေ့ ပိုမိုခြိမ်းခြောက်လာသည့် ရာသီဥတုပြောင်းလဲမှုများ

ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုအနက် တစ်ခုမှာ မြစ်ကြီးနားမြို့မှ စတင်ခြင်းဖြစ်ပြီး စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်းများနှင့် ပဲခူးရိုးမအရှေ့ဘက်ခြမ်းကို ဖြတ်ကာ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀ဝ၀ ခန့်ရှည်လျား၍ အပိုင်း- ၁ မှာ ပူတာအိုမှ အင်းတော်ကြီး၊ အပိုင်း -၂ မှာ တကောင်းမှ စစ်ကိုင်း၊ အပိုင်း- ၃ မှာ သာစည်မှ ပျဉ်းမနား၊ အပိုင်း- ၄ မှာ တောင်ငူမှ ပဲခူးနှင့် အပိုင်း ၅ မှာ ပဲခူးမှ မုတ္တမပင်လယ်ကွေ့အထိဖြစ်ပြီး ဘူမိဗေဒပညာရှင်များ၏ လေ့လာချက်အရ တစ်နှစ်လျှင် ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာခန့် ရွေ့လျားနေကြောင်း သိရပါတယ်။

"လက်ရှိမှာတော့ အနာဂတ် ငလျင်ခန့်မှန်းနိုင်ဖို့ကအတိတ်ငလျင် သုတေသနလုပ်ငန်းတွေကို ပဲခူး၊ နေပြည်တော်နဲ့ စစ်ကိုင်းဘက်တွေမှာ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ မန္တလေးတိုင်း သပိတ်ကျင်းဘက်မှာ သုတေသနလုပ်နေပြီး ဆက်လုပ်ဖို့က အပိုင်း ငါးခု ကျန်ရှိပါသေးတယ်။ ငလျင်လှုပ်ခတ်မှု အခြေအနေတွေရှိတာကြောင့် အဆောက်အအုံတွေကို ငလျင်ဒဏ် ခံနိုင်ရည်စစ်ဆေးမှုတွေလုပ်သင့်တယ်"ဟု ဒေါက်တာမျိုးသန့်က ပြောထားပါတယ်။

Read More>>> မြေငလျင်ဖြစ်ပွားနိုင်သည့် နေရာများ

ငလျင်ပြတ်ရွေ့ကြောနှင့် နီးစပ်၍ လူဦးရေနှင့် အဆောက်အအုံထူထပ်များပြားသော ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး စသည့်မြို့ကြီးများရှိ အများနှင့်သက်ဆိုင်သည့် ဆေးရုံများ၊ စာသင်ကျောင်းများနှင့် မိသားစုများစွာ နေထိုင်သည့် အိမ်ရာတိုက်ခန်းအဆောက်အအုံများကို ဦးစားပေးအနေဖြင့် ငလျင်ဒဏ်ခံနိုင်ရန် ဆန်းစစ်မှုများ လုပ်ဆောင်သင့်သည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က အကြံပြု ပြောကြားထားပါတယ်။

Source: Myanmar Times


Read 151 times
Rate :
(10 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.