Wednesday, 13 November 2019 13:50

Screenshot 17 4

အမြန်လမ်းမကြီးမှာ သွားလာနေကြတဲ့ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာ နားခိုနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့က ဓမ္မာရုံတွေ ဆောက်လုပ်နေပါတယ်။

အဆိုပါဓမ္မာရုံတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ ရဲစခန်း (၁၆) ခုမှာ ဆောက်လုပ်မှာဖြစ်ပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မိသားစုတွေ အပတ်စဉ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မေတ္တာပို့ရာမှာ အဆင်ပြေစေဖို့နဲ့ ခရီးသွားပြည်သူတွေ ခရီးသွားလာစဉ် ဝင်ရောက်နားခိုနိုင်ရေး ရည်ရွယ်ပြုလုပ်ရခြင်းဖြစ် တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

Read More>>> အမြန်လမ်း၏ သတိပြုသင့်သည့် နေရာ(၁၂)ခု

လက်ရှိအချိန်မှာတော့ အမြန်လမ်း ရဲစခန်းတစ်ခုဖြစ်တဲ့ သီးကုန်းစခန်းဓမ္မာရုံ တည်ဆောက်ရေးလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှူး ဒုရဲမှူးကိုကိုမောင်က ပြောပါတယ်။

သူက “တချို့ကားပျက်တာတွေ ဘာတွေရှိတယ်၊ ဒီအခါမှာ စခန်းကကားတွေနဲ့ သွားခေါ်ရတယ်၊ ခေါ်ပြီးနားကြတဲ့အခါမှာ မဆံ့တာတွေ ဘာတွေရှိတာပေါ့၊ ဒီအခါမှာ တပ်ဖွဲ့မှူးရုံးက ဓမ္မာရုံတွေဆောက်ပါဆိုပြီးပြောလာတော့ လုပ်ကြတာပေါ့၊ လမ်းဘေးမှာအိပ်နေတာထက်စာရင် ဒီမှာလာတည်းတော့ လုံခြုံစိတ်ချရတာပေါ့၊ ဒီအတိုင်း အိပ်နေရင် ပစ္စည်းတွေ ဘာတွေ ပါသွားတာတွေ ဖြစ်နိုင်တာပေါ့၊ အဓိကကတော့ ခရီးသွားတွေ လုံခြုံရအောင်ပါ၊ ဒီလိုလေးလုပ်ပေးလိုက်တော့ ညရေးညတာ လမ်းခရီးမှာ အနားယူတာကျတော့ စခန်းဓမ္မာရုံထဲမှာ ဝင်တည်းလိုက်တော့ လုံခြုံတာပေါ့”လို့ ရှင်းပြထားပါတယ်။

Read More>>> အမြန်လမ်းမပေါ်တွင် ယာဉ်မောင်းသူများ သတိထားသင့်သည့် အချက် ( ၁၀ ) ချက်

လက်ရှိအချိန်အထိတော့ ပေပင်လေးစခန်းမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး ဖြူးစခန်းနဲ့ သီးကုန်းစခန်းမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

ကျန်စခန်းတွေကိုလည်း ဆက်လက်ဆောက်လုပ်သွားမှာဖြစ်ပြီး ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုပါက ရဲစခန်းနဲ့ ရဲကင်းရှိရာနေရာတွေမှာသာ ကားရပ်ပြီး စိတ်လုံခြုံစိတ်ချစွာ နားစေဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားပါတယ်။

Source: Kumudra


Read 608 times
Rate :
(9 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.