Print this page
Wednesday, 19 June 2019 17:27

Sick-baby.jpg

အရမ်းပူတဲ့ နွေရာသီကနေ၊ မိုးရာသီ အကူးအပြောင်းကာလတွေမှာ အဖြစ်များတဲ့ ရောဂါများ အကြောင်းကို သိရှိရန်နှင့် ကာကွယ်နိုင်စေရန် အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ယခုလို မိုးရာသီမှာ ကလေးရော လူကြီးပါ အဖြစ်များလို့ သတိထားရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ ၂ ရက် ကနေ ၇ ရက်လောက် အထိ အဖျားကြီးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်လာခြင်း ကြွက်သားများ နာကျင်ခြင်း၊ ကော်ဖီအနှစ်ရောင်များအန်ခြင်း စတဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ ပိုဆိုးတဲ့ အခြေအနေမှာတော့ (အဖျားကြီးနေရာကနေ) ရုတ်တရက် အဖျားကျပြီး ခြေတွေလက်တွေ အေးစက်သွားခြင်း၊ သွေးခုန်နှုန်း အလွန်မြန်လာခြင်း၊ ဆီးနည်းသွားခြင်း/ဆီးမသွားတော့ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ ဒါတွေကတော့ ရှော့ခ်ဝင်ခြင်းကို ဖော်ပြပြီး အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။

ဒီရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့

(၁) သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပေးသူဟာ Aedes ခြင်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ခြင်အကိုက် မခံရအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်းဟာ အကောင်းဆုံးသော ကာကွယ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။

(၂) အိမ်ပတ်ဝန်းကျင်မှာ ရေတင်နိုင်တဲ့ အိုးခွက်အစုတ်တွေ၊ တာယာအဟောင်းတွေ မထားသင့်ပါဘူး။

(၃) ဒါကြောင့် သင်ကိုယ်တိုင်ရော၊သင့်ကလေးကိုပါ ခြင်ကိုက်မခံရအောင် နေရမှာ ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါဟာ Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပြီး မသန့်ရှင်းတဲ့ အစားအသောက်တွေကတဆင့် အဓိက ကူးစက်ပါတယ်။ ယင်ကောင်တွေကတော့ ရောဂါသယ်ဆောင်သူတွေပဲ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ရေတွေ၊ အစားအစာတွေကို စားသောက်ရတာ၊ မချက်မပြုတ်ရသေးတဲ့ အစားအစာတွေကို စားတာတွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ရှေးခေတ်ကတည်းက ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ သတိထားရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။

ကာလဝမ်းရောဂါရဲ့ လက္ခဏာတွေကတော့ ဝမ်းအရည်ကျဲကျဲတွေ အကြိမ်များများ သွားခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဆန်ဆေးရည်လို ဝမ်းဖြူဖြူများ သွားပြီး အနံ့ကလည်း ငါးညှီနံ့ နံခြင်း တွေပဲ ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ မဖြစ်ပွားအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကတော့

(၁) သန့်ရှင်းတဲ့ အစားအစာတွေကိုသာ တတ်နိုင်သမျှ ရွေးချယ် စားသောက်ပါ။

(၂) ရေကို ကျိုချက်သောက်ပါ။

(၃) အစားအသောက်တွေကို မကိုင်တွယ်မီ လက်ကိုစင်အောင်ဆေးပါ။

(၄) အစားအသောက်ထည့်တဲ့ အိုးတွေခွက်တွေကို မသန့်ရှင်းတဲ့ ရေတွေနဲ့ ဆေးကြောခြင်းမှ ရှောင်ကြဉ်ပါ။

(၅) ကာလဝမ်းရောဂါဖြစ်နေသူတွေနဲ့ မထိမတွေ့မိပါစေနဲ့။ အကယ်လို့ သင်ကိုယ်တိုင် ရောဂါခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။

အူရောင်ငန်းဖျားရောဂါ

Salmonella Typhi ဘက်တီးရီးယားကြောင့် ဖြစ်ပွားတဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း (ကာလဝမ်းရောဂါနည်းတူ) မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေက တဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။

အူရောင်ငန်းဖျားရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ ချက်ချင်းပေါ်ပေါက်လာတာ မဟုတ်ဘဲ ကူးစက်ခံရပြီး တပတ်လောက်အကြာမှာမှ သိသာ ထင်ရှားလာတာဖြစ်ပါတယ်။
အဆိုပါ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းလျှောခြင်း၊ အနီစက်များ ထွက်လာခြင်း၊ အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီရောဂါကို ကာကွယ်ရမယ့် နည်းလမ်းတွေကတော့

(၁) မသန့်ရှင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

(၂) အစားအသောက် ထည့်တဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ။

(၃) အစားအစာတွေကို မကိုင်တွယ်ခင် လက်ကို သန့်စင်အောင် ဆေးပါ။

အသည်းရောင်အသားဝါရောဂါ အေ

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ဒီရောဂါဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေတဲ့အတွက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာလည်း မသန့်ရှင်းတဲ့ အစာရေစာတွေကြောင့် ဖြစ်ပွားရတာမို့ယခုလို ရာသီမှာ အထူးဂရုပြုရမယ့် ရောဂါတမျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပထမအပတ်မှာ ငွေ့ငွေ့ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ညာဖက်နံရိုးအိမ် အောက်ခြေနားက နာခြင်း၊ဆီးအရောင်မည်းခြင်း၊ မျက်စိ/အသားဝါခြင်း စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ရက်သတ္တပတ် ၂ – ၄ ပတ် အကြာမှာတော့ အဆိုပါ လက္ခဏာတွေ ပြန်လည်ပျောက်ကွယ်သွားပါလိမ့်မယ်။

ကာကွယ်ရမယ့် နည်းလမ်းတွေကတော့ ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါတွေကို ကာကွယ်တဲ့အတိုင်း အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ ဇွန်း၊ ဖန်ခွက် စသည်တို့ကို မျှဝေသုံးစွဲခြင်းများ မပြုလုပ်သင့်ပါ။

Source : Hello Sayarwon

Read more >>> ထီထိုးမယ်ဆိုရင် ရက်အလိုက် ကံကောင်းစေမယ့်ဂဏန်းများ

 


Read 305 times Last modified on Wednesday, 19 June 2019 17:53
Rate :
(0 votes)

Related items