Friday, 07 June 2019 17:52

f.jpg

မိသားစုဆိုတာ အေးအတူပူအမျှ နေကြရတဲ့ဘဝပါ။ နွေးထွေးမှုတွေ အတူတူရက်လုပ်တတ်မှ၊ အပျော်တွေ ထုံကူးတတ်မှ မိသားစုဆိုတာ လှတာလို့ ကဗျာတစ်ပုဒ်က ဆိုပါတယ်။

တကယ်တော့ အိမ်ထောင် ပြုလိုက်ပြီ၊ မိသားစုဘဝလေး ရှိသွားပြီဆိုရင်တော့ ဒါဟာ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ဘဝ မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ ဇနီး(သို့)ခင်ပွန်း နဲ့သားသမီးတွေအတွက် ကိုယ့်ရဲ့ အချိန်ကို ဖဲ့ပေးရတော့မှာပါ။

ဒါကြောင့် ဇယားရှုပ်လှတဲ့ အလုပ်ချိန်တွေထဲက ဖယ်ပြီး ခိုင်မြဲတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အချိန်သီးသန့်ထားနိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ မိသားစုအရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တစ်ပတ်လုံးလုံး မအားလပ်နိုင်အောင် အချိန်ဇယားတွေနဲ့ ပြည့်နေသူတွေအတွက် မိမိတို့မိသားစုကို ဘယ်လိုအချိန်ပေးရမလဲ။ အလုပ်ဆင်းတဲ့ ညတာအချိန်တွေမှာ မိသားစုနဲ့ ဆိုင်တစ်ဆိုင်မှာ ပျော်စရာဖန်တီးရင်း အပန်းဖြေလို့ရနိုင်ပါတယ်။

ဒါကြောင့် မိသားစု အချိန်ယူချင်သူတွေအတွက် အထောက်အကူပြုနိုင်မယ်လို့ ထင်တဲ့ အကြံပြုချက်လေးတွေကို တင်ပြချင်ပါတယ်။

လမ်းကြောင်းရှင်းထားပါ

ဆိုလိုတာက မိသားစုအတွက် အချိန်ပေးမယ့် တစ်ညတာမှာ အခြားနောက်ဆက်တွဲ အစီအစဉ်တွေ ဒါမှမဟုတ် မိသားစုအချိန်မတိုင်မီ သွားစရာရှိရင် ဘေးဖယ်ထားလိုက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပါတီပွဲတွေ၊ နောက်ဆုံး အစည်းအဝေးပွဲတွေ ရှိရင်တောင် ခွင့်ယူလိုက်ဖို့ပါပဲ။

ကြိုတင်စုံစမ်းပါ

မိမိတို့သွားရောက်မယ့် စားသောက်ဆိုင်အကြောင်း ကြိုတင်စုံစမ်းထားဖို့ပါ။ မီနူးတွေမှာ ကလေးတွေအတွက် ပါဝင်ရဲ့လား။ နေရာဦးထားပြီးမှ ကလေးတွေအတွက် အဆင်ပြေမယ့် အစားအသောက် မရနိုင်တဲ့ ဆိုင်ဖြစ်နေရင် မိသားစု အချိန်ကို အတော်လေး ကသိကအောက် ဖြစ်စေမှာပါ။ တကယ်တော့ ကလေးတွေပျော်ဖို့က အဓိကမဟုတ်လား။ ဒါကြောင့် အဓိကကတော့ ကလေးတွေသုံးဆောင်နိုင်မယ့် အစားအသောက်တွေ အများဆုံးရနိုင်တဲ့နေရာကို ရွေးဖို့ပါပဲ။

လူကျတဲ့အချိန် ရှောင်ပါ

မိမိသွားမယ့် ဆိုင်က ဘယ်နေ့ လူကျတတ်သလဲဆိုတာ သိပြီး လူမကျမယ့်နေ့ကို ရွေးချယ်သွားစေချင်ပါတယ်။ ဒါမှ ကလေးတွေပါမယ့် မိမိတို့ကြောင့် အခြားစားသောက်သူတွေ အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်မယ့်အရာမှ ကင်းဝေးမှာဖြစ်သလို မိမိတို့မိသားစုလည်း ပိုမိုလွတ်လပ် ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။

မိသားစုအဆင်ပြေပြေထိုင်မယ့်နေရာ

အလယ်စားပွဲတွေထက် ထောင့်ကျတဲ့ စားပွဲဝိုင်းတွေမှာ ရွေးထိုင်တာက ပိုကောင်းပါလိမ့်မယ်။ ဒါမှ အခြားစားပွဲဝိုင်းတွေ၊ စားသုံးသူတွေ အနှောက်အယှက်နည်းနိုင်သမျှနည်းမှာ ဖြစ်သလို မိမိတို့မိသားစုလည်း ပိုပြီး လွတ်လပ်နိုင်မှာ ဖြစ်ပါတယ်။

ကလေးတွေကို ဖျော်ဖြေပေးနိုင်မယ့် အရာတစ်ခုခု ယူသွားပါ

တခါတရံ မှာထားတဲ့ အစားအသောက်တွေက ထင်မှတ်တာထက် ပြင်ဆင်ချိန် ကြာနေတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ ကလေးတွေ စိတ်ပျက်၊ ညည်းတွားတာတွေ မရှိစေဖို့ သူတို့ကို ဖျော်ဖြေမှုပေး မယ့် ရောင်စုံစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ၊ ဥာဏ်စမ်းပဟေဠိစာအုပ်တွေ၊ အသံတိုးတိုးကစားလို့မယ့် တဲဘလက်ဂိမ်းတွေကို ယူသွားနိုင်ပါတယ်။ ဒါပေမဲ့ အခြားစားသောက်သူတွေ အနှောင့်အယှက်ပြုမယ့် အသံကျယ်လောင်တဲ့ ပစ္စည်းတွေကိုတော့ ယူမသွားသင့်ပါဘူး။

နည်းပညာပစ္စည်းတွေ ရှင်းထားပါ

လူကြီးတွေအနေနဲ့ ဖုန်း၊ ကွန်ပျူတာ၊ တဲဘလက်တွေ ယူသွားတာကို ရှောင်စေချင်ပါတယ်။ အလုပ်က ဘော့စ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ ဖုန်းဆက်တာ တွေကို ဖြေကြားပေးနေရတာတွေက မိသားစုအချိန်လေးကို အနည်းနဲ့အများ အလေးထားမှု လျော့ကျစေနိုင်ပါတယ်။ ကလေးတွေနဲ့ မိမိခင်ပွန်း (သို့) ဇနီးအတွက် အချိန်အပြည့်အဝ ပေးရမှာပါ။

Read more >>> မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

 


Read 684 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.