Thursday, 23 May 2019 10:02

 

vege.jpg
စားသုံးသူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ကူညီမှုနဲ့ မြန်မာအော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ Glocalizers တို့ပူးပေါင်းပြီး

အော်ဂဲနစ်ဟင်းသီးဟင်းရွက်နှင့် သီးနှံတွေကို တစ်ပတ်ကိုတစ်ရက် ရောင်းချပေးသွားမယ်လို့ မြန်မာအော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။

မန္တလေးမြို့ ၈၄လမ်းနှင့် ၃၁လမ်းထောင့်၊ Glocalizers Organic and Natural Foods ဆိုင်ရှေ့မှာ စိမ်းစိုငြိမ်အေး အော်ဂဲနစ်ဈေးအဖြစ် အော်ဂဲနစ်ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေကို ဘေးကင်းလုံခြုံစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။

ရောင်းချချိန်ကတော့ မနက် ၇ နာရီ မှ ၁ဝ နာရီအထိ ရောင်းချပေးသွားမှာဖြစ်ပြီး မေ ၁၂ ရက်နေ့ကစတင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်တယ်။

အော်ဂဲနစ်သီးနှံရောင်းချနိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ကူညီမှုဖြင့် မြန်မာအော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ Glocalizers တို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး သင့်တင့်သောနှုန်းတွေနဲ့ ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

“အော်ဂဲနစ်သီးနှံစိုက်သူများလာပြီး ဈေးကွက်မဖန်တီးပေးဘူးဆိုရင် စိုက်ဖို့အားမရှိနိုင်ဘူး၊ သင်တန်းတွေပေးတာက push နဲ့ ဈေးကွက်က pull လုပ်တာပေါ့၊

ဒါမှလဲ အောင်မြင်တာ၊ စားသုံးသူတွေက အရင်က ပါးစပ်နဲ့စားရာက နောက်တော့ မျက်စိနဲ့စားတယ်၊ ခုတော့ ဦးနှောက်နဲ့ စားလာကြသူတွေများလာပြီ၊

ဦးနှောက်နဲ့စားတယ်ဆိုတာ သူတို့အသိဉာဏ်နဲ့ ဘေးကင်းဖို့စားလာတယ်၊ ရန်ကုန်မှာလဲဖွင့်ခဲ့ပြီး မန္တလေးမှာ ရှိသင့်လို့ဖွင့်လှစ်တာပါ ” လို့ မြန်မာအော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်း တည်ထောင်သူ ဒေါက်တာသန်းသန်းစိန်က ပြောပါတယ်။

အော်ဂဲနစ်ဖြစ်လို့ ဈေးကြီးမှာမဟုတ်ဘဲ Third Party Certificate လက်မှတ်ပေးတဲ့ စနစ်မလုပ်ဘဲနဲ့ တောင်သူအချင်းချင်း အာမခံတဲ့စနစ်နဲ့လုပ်တဲ့အတွက် ကုန်ကျစရိတ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ကမ္ဘာမှာလည်း လုပ်ကွက်ငယ်တောင်သူတွေအတွက် သည်နည်းစနစ်သုံးနေကြတာဖြစ်ပြီး အော်ဂဲနစ်စားသုံးသူက အစားအသောက်ဘေးကင်းရေးအတွက် စားသုံးလာလို့ တစ်နေ့တခြားများလာတယ်လို့ ဆိုပါတယ်။

အော်ဂဲနစ်သီးနှံများရောင်းချရာမှာ မန္တလေးဒေသပတ်ဝန်းကျင်သာမက အခြားနယ်တွေက ခြံထွက်အော်ဂဲနစ်သီးနှံတွေကိုလည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရက်သီး၊ နာနတ်သီး၊ မျောက်ငိုသီး၊ သံပရာသီး၊ ငှက်ပျော၊ သင်္ဘော၊ ခရမ်းချဉ်သီး၊ ကြယ်ပဲ စတဲ့ ဟင်းရွက်ပေါင်းစုံရောင်းချပေးသွားမှာဖြစ်ပြီး သီးနှံစိုက်ပျိုးမှုကို စိုက်ပျိုးသူအချင်းချင်းအုပ်စုဖွဲ့ထောက်ခံမှုစနစ်နဲ့ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Read more>>>စန္ဒာမုနိဘုရားရှိ ဓမ္မစေတီ ၇၅၈ဆူ ကို သုံးလအတွင်း ထုံးသင်္ကန်း အပြီးကပ်လှူမည်

အခုချိန်မှာ ကမ္ဘာပေါ်မှာ အော်ဂဲနစ်သီးနှံစားသုံးသူဟာ တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းလောက် တိုးတက်များပြားလာပြီး မြန်မာနိုင်ငံမှာလည်း စားသုံးသူဘေးကင်းရေးအသိပညာပေးမှုတွေကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အော်ဂဲနစ်သီးနှံ စားသုံးသူတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုတိုးလာနေတာကြောင့် ဈေးကွက်ဖော်ဆောင်ပေးနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Source Kumudra


Read 235 times Last modified on Thursday, 23 May 2019 13:49
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.