Monday, 26 August 2019 16:09

fh.jpg

မိုးစက်မှုန်လေးတွေ တဖြည်းဖြည်းများပြား၊ တဖြည်းဖြည်းသည်းထန်၊ တဖြည်းကြီးပြင်းပြီး တစိမ့်စိမ့်ရွာတဲ့မိုးရာသီ...

အဲဒီလို မိုးရာသီထဲမှာ တက္ကသိုလ်ကျောင်းသား၊ လုပ်ငန်းခွင်ဝင်နေရသူတွေ အတွက် လူတွေကြား ကြွားဝင့်နိုင်သလို မိုးလေကြားမှာ လန်းဆန်းကျန်းမာစေမယ့် အသွင်ပြင်ဖြစ်ဖို့ မိုးရာသီဖက်ရှင်က အရေးပါလာခဲ့ပြီ။

မိုးစက်တွေကြောင့် စိုစွတ်ရတဲ့အခါ ရေညှစ်ရင် မြန်မြန်ပြန်ခြောက်တဲ့ အဝတ်စတွေနဲ့ ချုပ်ထားတဲ့ အဝတ်တွေက အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။ ဥပပမာ- ဂျော်ဂျက်လို အသားမျိုးတွေပေါ့။ ချည်သားခပ်ပါးပါး လေးတွေဆိုရင်လည်း လေဝင်လေထွက် ကောင်းတဲ့အတွက် စိုစွတ်နေတဲ့ အရေပြားကို ခပ်မြန်မြန်ခြောက်သွားစေမှာပါ။ မြန်မာ့မိုးရာသီရဲ့ ပူအိုက်စိုစွတ်မှုဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေး သလိုဖြစ်နေတာမို့ ဖက်ရှင်ကျမှုမှာ ကျန်းမာရေးအသိလေး စွက်နေရင် လူရောစိတ်ပါ ဖက်ရှင်ကျသွားနိုင်ပါရဲ့။

မိုးရွာချိန် ကိစ္စရှိလို့ အပြင်ထွက်ရတဲ့ အခါတိုင်းမှာ ထီးမိုးထားလျက် စွတ်စိုနိုင်တဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းမှာ ခြေထောက်တွေက အသေချာဆုံးမို့ ဘောင်းဘီအရှည်ဝတ်ထားတာမျိုးဆိုရင် ရေတွေကို ဆွဲညှစ်ဖို့ အဆင်မပြေပြန်ဘူး။ ဒါကြောင့် မိုးရာသီအတွက် ဘောင်းဘီတိုလေးတွေ၊ ဒူးဖုံးကွာတားဘောင်းဘီတွေ၊ သိပ်မတိုလွန်းတဲ့ ဂါဝန်နဲ့ စကတ်လေးတွေက အဆင်ပြေစေမှာပါ။ ယောက်ျားလေးတွေအတွက်လည်း ရှော့ပင်န်လေး တွေက ဖက်ရှင်လည်းကျပြီး လွတ်လပ်ပေါ့ပါးစေလိမ့်မယ်။

မိုးရာသီထဲ လွယ်သွားမယ့်အိတ်တွေကလည်း ပလပ်စတစ် အကြည်သားလေးတွေ၊ ရေစိုခံတဲ့မိုးကာသားတွေကို ချုပ်ထားတာမျိုးက အကောင်းဆုံး ဖြစ်မယ်ဆိုတာ ငြင်းစရာမလိုတဲ့ အချက်ပါ။ ဖိုသီဖတ်သီလေးတွေ တွဲလောင်းကျနေမယ့် အိတ်ဖက်ရှင်ထက် ရှင်းလင်းသပ်ရပ်ပြီး မိုးစက်မှန်တဲ့အခါ လွယ်လွယ် သုတ်နိုင်ဖို့လည်း လိုပါတယ်။ ပြီးတော့ လွယ်ကြိုးအရှည်ထက် လွယ်ကြိုးတိုတာတွေက အိတ်ကို ကိုယ်နဲ့မကွာကပ်ထား ဖို့အဆင်ပြေသလို မိုးသည်းတော့မှ အိတ်ရှည်ကြီးကို ရင်ခွင်ထဲ ကောက်ပွေ့ရမှာထက် ပိုပြီးစမတ်ကျစေမှာပါပဲ။

ရေစိုအဝတ်တွေကို အိမ်ထဲမှာ လှန်းတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ

နောက်တစ်ခု အရေးကြီးတာက ဆံပင်။ မိုးရာသီမှာ ဆံပင်တွေဟာ အလွယ်တကူ စေးကပ်ထိုင်းမှိုင်း နေတတ်သလို မိုးငွေ့ပါတဲ့လေပြင်းကြောင့် ရှုပ်ထွေးလွယ်တတ် ပြန်တယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေအဖို့ ပိုနီတေးစည်းတာမျိုး၊ ခပ်မြင့်မြင့် စုထုံးထားတာမျိုးလေးက စတိုင်ကျသပ်ရပ်ပြီး မိုးရာသီအတွက် စမတ်အဖြစ်ဆုံးပါပဲ။ ပြီးတော့ မိုးရာသီမှာ ဦးရေပြားနဲ့ဆံပင်ကို သံလွင်ဆီ ၊ ခေါင်းလိမ်းဆီ လိမ်းထားခြင်းက ဦးရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေ မဖြစ်စေသလို ဆံပင်သန်စွမ်းဖို့လည်း အထောက်အကူပြုစေမှာပါ။

ဆံစကနေ ခြေဖျားထိ အရေးပါတဲ့အတွက် အဆင်ပြေဆုံး မိုးတွင်းစီးဖိနပ်တွေ ရွေးချယ်တတ်ဖို့လည်း လိုပါရဲ့။ ငွေကြေးသုံးစွဲနိုင်သူတွေအတွက် Branded မိုးစီး Boots ကလေးတွေ ရွေးဝယ်ပြီး ဖက်ရှင်ကျနိုင်သလို ရေစုပ်ပြီး မခြောက်လွယ်တဲ့ ကတ္တီပါဖိနပ်တွေကို ဖယ်ထားပြီး ပေါ့ပါးတဲ့မိုးစီး Slipper လေးတွေ စီးသင့်ပါတယ်။ ဖိနပ်ရဲ့ အောက်ခံက အလွယ်တကူ မချော်အောင် လုပ်ထားတဲ့ အဖုအထစ်ခပ်များများလေးဖြစ်နေရပါမ ယ်။ ဖိနှောင့်အောက်က ခုံပါးတဲ့ဖိနပ်တွေကြောင့် လမ်းလျှောက်တဲ့အခါ ကိုယ့်ခြေထောက်နောက်ပိုင်းကို ရွံ့စင်နေတတ်တာမို့ ခုံထူတဲ့ဒီဇိုင်းတွေနဲ့ ခြေချင်းဝတ်မှာ သိုင်းကြိုးတစ်ခုနဲ့ သပ်သပ်ထိန်းထားတဲ့ ဖိနပ်ပါးလှလှလေး တွေကို ရွေးချယ်ဝယ်ယူကြဖို့ လိုပါတယ်။

ဖက်ရှင်ဆိုင်များ

မိုးရာသီအတွက် ရေစိုခံတဲ့ လက်ပတ်နာရီတွေ၊ ပေါ့ပါးပြောင်လက်ပြီး ရေထိရုံနဲ့ မပျက်စီးနိုင်တဲ့ ရောင်စုံ Accessories လေးတွေက ဖက်ရှင်ရဲ့သော့ချက်ဖြစ်သလို ပုံဆန်းဆန်းရောင်စုံ ထီးတွေနဲ့ မိုးကာလှလှလေးတွေက မိုးရာသီမှာသာ အခွင့်အရေးရတဲ့ ဖက်ရှင်ကျခွင့်ပဲလေ။ ပြီးတော့ ရေစိုခံမိတ်ကပ်တွေ အရောင်စိုတောက်နေတဲ့နှုတ်ခမ်းနီတွေဟာ မိုးရဲ့အဆင်တန်ဆာတွေပေါ့။ သိပ်ကို အရေးပါတဲ့ ဖက်ရှင်ကျမှုကို ဆောင်ကြဉ်းနိုင်တာက အပေါ်ထပ်ဂျာကင်အပါးလေးတွေနဲ့ ကုတ်အင်္ကျီအပါးလေးတွေဆိုတာလည်း မမေ့နဲ့ဦးနော်။


Read 151 times Last modified on Monday, 26 August 2019 17:00
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.