Wednesday, 26 October 2016 14:44

Daw Aye Kyin In 02

ဒေါ်အေးကြင် (မြန်မာ ထမင်းဆိုင်)

မြန်မာ ထမင်းဟင်း နှစ်ခြိုက် စွဲလန်း ခံတွင်းတွေ့ တက်တဲ့ မိတ်ဆွေတို့ အတွက် တစ်ခါတစ်ခေါက်သွားရောက်စားသောက်သင့်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါသည်။ ဘူဖေး ပုံစံ စားသောက်ဆိုင် ဖြစ်သည်နှင့် အညီ စုံလင်များပြားလှသော ဟင်းအမည်များက သင့်အား ခံတွင်းမြိန်စေမှာ အသေအချာ ဖြစ်ပါသည်။

တစ်နေ့ တစ်မျိုး အမျိုးမျိုးသော menu များသည် စားသုံးသူများအား အမြဲစည်ကားနေစေသည့် အချက်တစ်ချက်ဖြစ်ပါသည်။ ပျမ်းမျှ အားဖြင့် ဟင်း အမျိုး နှစ်ဆယ်ကျော်လောက် ဝန်ဆောင်မှုပေးလေ့ ရှိသည်။

ကျွန်တော်တို့ ရောက်ရှိသော နေ့တွင်မူ ၊ ဟင်း အမျိုး ၂၄ မျိုးဖြစ်၍ ၊ အသားဟင်းများ အနေဖြင့် ဝက်သားချက် ၊ ဝက်သားပုံးရည်ကြီ ၊ ဝက်အူစုံသဲစုံ ဟင်း ၊ ငါးချက် ၊ ငါးကြော်ချက် ၊ ဆိတ်သားခြောက်ချက်စပ်စပ် ၊ ကြက်သားချက် တို့အား လုံလုံလောက်လောက် ပမာဏ ဖြင့် ချပေးထားသည်။

ပဲနှပ် ဆိုရင်လည်း ရာသီပေါ် ပဲကြီးနှပ် နှင့် ကုလားပဲနှပ် နှစ်မျိုး ချပေးထား၍ ၊ ဟင်းရည် ဆိုရင်လည်း ချဉ်ပေါင် ၊မြစ် ၊ ဘူးသီး ၊ ဂေါ်ရခါးသီးများ ပါဝင်သော အချဉ်ဟင်းရည် အပြင် ၊ ဂွေးတောက်ရွက်နု နှင့် ကြက်ရိုး အရောအနှော ဟင်းခါးရည် စသည့် နှစ်သက်ရာရွေးချယ်သောက်သုံးနိုင်သည်။ အသုပ် အနေဖြင့် မြင်းခွာရွက်သုပ် ပြင်ဆင်ပေးသည်။

ဟင်းရည်ရွဲရွဲ ဆမ်း၍ ငါးပိရည် စပ်စပ် နဲ့ ထမင်းမြိန်လိုသူတွေ အတွက် မုန်လာဥနီ ၊ ဆလက်ရွက် ၊ ရုံးပတေသီး ၊ ခရမ်းသီး ၊ ရှောက်ရွက် စသည့် အတို့ အမြှုပ် များနှင့် ငါးပိရည် စပ်စပ်အား သုံးဆောင်နိုင်ပါသေးသည်။ ကြက်သွန် နီ ကြွပ်ကြွပ် ရွရွ နှင့် ပုစွန်ခြောက်များပါ ထည့် ကြော်ထားသော ငါးပိကြော် အား ၊ ပဲနှပ် နှင့် တွဲဖက်စားသောက်ရသည်မှာ အလှူ အိမ်ကို ရောက်နေသလား ခံစားရမိမှာ အသေအချာဖြစ်ပါသည်။

အရံ ချက်ဟင်းများအနေဖြင့် ပဲပုပ်ချက် ၊ ချဉ်ပေါင်ကြော် ၊ ပဲရေပွ ကြော် ၊ မြစ်ကြော် ၊ နဘက်ချဉ် ချက် ၊ ခရမ်းသီး ချက် ၊ မြစ်ချဉ် ချက် ၊ ဖရုံသီးချက် နှင့် အစိမ်းကြော်တို့ အားလည်း ချပေးထားပါသေးသည်။

လို သလောက် ထည့်စား နိုင်စေရန် ဘေးနားတွင် ထမင်းအုပ် ကြီးအား တည်ပေးထားပြန်ပါသည်။

နေ့လည်စာ စားချိန်ဆိုလျှင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ ၊ ဝန်ထမ်းများ ၊ တကူးတက လာရောက်စားသုံးများဖြင့် စည်ကားလျက်ရှိသည်။

တစ်ယောက်လျှင် ၂၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး ၊ ပေးရသော ဈေးနှင့် ထိုက်တန်သော အရသာ ၊ ဝန်ဆောင်မှုအား ရရှိ သုံးဆောင်လိုပါက စစ်ကိုင်း မန္တလေး ကန်ပတ်လေး ရှိ ဒေါ်အေးကြင် ထမင်းဆိုင်သို့ တစ်ခါတစ်ခေါက် သွားရောက် သုံးဆောင်သင့်ပါသည်။


Read 798 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.