Monday, 16 December 2019 17:08

79368780_1475644325920596_603217818736918528_n_1.jpg

 

နေ့လည်စာ ထမင်းစားချိန်ရောက်ပြီဆိုရင် အမြဲလို ဘာစားရမလဲ.. ဘယ်ဆိုင်သွားစားကြမလဲ.. ဘာဟင်းစားချင်လဲ.. အိမ်မှာ ဘာချက်ထားတာရှိလဲ.. စတဲ့ စတဲ့ သို့လောပေါင်းများစွာက ခေါင်းထဲကို အစီအရီ ဝင်လာတတ်ကြပါတယ်။

အထူးသဖြင့် ခရီးတိုလေးတွေ ထွက်ပြီဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် မြို့သာဂေါက်ကွင်းနားက အများခေါ်ကြတဲ့ "ဖိုးစိန်တဲ" ဆိုတဲ့ထမင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထမင်းနဲ့ဟင်းတွေ လတ်ဆတ်တဲ့ အသီးအရွက်တွေ စိုက်ခင်းသေးသေးလေးထဲက ခူးဆွတ်ယူငင်ပြီး စိတ်ကြိုက်ကြော်/ ချက်ပေးတဲ့ ဘာစားချင်ချင် မငြီးမငြူ ပြင်ဆင်ပေးတတ်တဲ့ အပြုံးလေးတစ်ပွင့် ပန်ဆင်ထားတဲ့ ကိုဖိုးစိန်တို့လင်မယားရဲ့ ဟင်းချက်လက်ရာ ဗမာထမင်းဟင်း (ရွာချက်)လေးကဖြင့် လျှာကိုစွဲနေစေပါတယ်။

ထန်းရွက်လေးတွေ မိုးထားပြီး ကလေးသွားရည်စာ မုန့်လေးတွေ ကော်ဖီမစ်ထုတ်လေးတွေ ကွမ်းယာခုံလေးနဲ့ ထမင်းစားပွဲလေး (၃)ခုသာ ခင်းထားနိုင်တဲ့ ကိုဖိုးစိန်တို့ တဲလေးမှာ နေ့လည်စာစားမလား , မနက်စာဆွဲချင်သလား အလုပ်ကပင်ပန်းလို့များ ခဏနားချင်သလား အားလုံးအဆင်ပြေစေပါလိမ့်မယ်။

မနော်ခပ်ချက်ဆန်လေးနဲ့ ထမင်းဖြူဖြူကို ပန်းကန်ထဲ ခပ်မောက်မောက်ထည့်ထားပေးပြီး ကြက်သားဟင်း, ငါးဟင်း, ခရမ်းချဉ်သီးငပိချက်,ငါးပိရည်ဖျော်, သခွားသီး, မုန်လာဥနီ တို့စရာအပြင် တဲအနီးက တပိုင်တနိုင် စိုက်ခင်းလေးထဲ ဖောက်သည်က သင်္ဘောညွှန့်လေး ခူးလာလည်း ပြုတ်ပေးတယ်။

မြင်းခွာရွက်တွေနုတ်လာလည်း သုပ်ပေးတယ်, ကြက်ဥနှိုက်လာလည်း ကြော်ပေးလိုက်ရော.. (စားသာစား အဝသာစား ထမင်းလည်း ထပ်ထပ်ထည့်.. , ဟင်းတွေလည်း ခပ်ခပ်ဖြည့်ပေးပြီး ဗိုက်ဝမှထလာခဲ့ပါ ကျသင့်ငွေက အမြဲ (၁)ထောင်ကျပ်ပဲ ပေးရတာ ဆိုတော့ အရည်သောက်ကလည်း ရေနွေးကြမ်း ဆို Free flow .. ? နွားနို့ , ကော်ဖီ ကြိုက်ရာ ပြောရုံပဲ ဘာသောက်သောက် ၂၀၀ ကျပ်ပဲ( ငွေရှင်းရချိန်ဆို အားတောင်နာတယ်)

ဒါ့အပြင် တဲအပေါက်ဝမှာ ချထားပေးတဲ့ ထန်းပက်လက်ကုလားထိုင်လေးတွေနှစ်ခုက ခဏထိုင်ကြည့်မိတာနဲ့ အတော်အတန် သက်သောင့်သက်သာရှိတာ ခံစားမိစေပါတယ်။ တချို့ဆို အိပ်တောင်ပျော်လို့.. လေအေးအေးလေးတွေ တဖြူးဖြူးနဲ့ဆိုတော့ "ဖိုးစိန်တဲ"ဆိုတာက ထမင်းစားဖို့သာမက အနားယူစရာ နေရာလေးလည်း ဖြစ်လာပါတယ်။

စေတနာသိပ်ကောင်းတဲ့ "ဖိုးစိန်တဲ"က မိသားစုကို အမြဲ ကျေးဇူးတင်ရပါတယ်။ ခုခောတ်ကြီးထဲမှာ နေရာတကာ ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်နေတာရယ်လေ.. ဒီလို ထမင်းနဲ့ဟင်းကို ကိုယ့်အိမ်မှာတောင် ငွေတစ်ထောင်နဲ့ ဘယ်လိုမှ ချက်မစားနိုင်ပါဘူး။

Read More>>>ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်စေတဲ့ အစားအစားတွေက ဘာတွေလဲ

"ကျနော်တို့ အမြတ်နည်းနည်းပဲ ယူပါတယ်။ ကျနော့ထမင်းဟင်းတွေကို ကြိုက်တယ်ဆိုရင်.. စားကောင်းတယ်ဆိုရင်ကို ကျေနပ်တာပါပဲ ပိုင်ပိုင်ရယ်။ သင်္ဘောသီးလေး စားသွားဦးနော်.. နောက်ရက်လာရင်ရော မနက်စာ ပြင်ထားရမလား.."ဆိုတဲ့ ကိုဖိုးစိန်က ခြံသေးသေးလေးထဲက သင်္ဘောပင်မှာ ဒီမနက်တွေ့ ခဲ့တဲ့ သင်္ဘောသီးကို ခူးပြီး ပန်းကန်ထဲမှာ ပြင်ဆင်ကျွေးနေပြန်ပါတယ်.. (ဪ.. မနက်စာက ထမင်းဖြူပဲပြုတ်ဆီဆမ်း, ကြက်ဥကြော်,?နှပ်, အကြော်စုံ( ဘူးသီးကြော်/ဗယာကြော်)ကြက်အူစုံအသဲစုံချက်နဲ့မှ စိတ်ကြိုက်သာစား (၅၀၀)ကျပ်ပဲ ယူပါတယ်)

အမေ့အိမ်နဲ့ အဝေးမှာ အိမ်ဟင်း,အိမ်ထမင်း တောင်းတမိတိုင်း အရင်ကဆို ဝမ်းနည်းခဲ့ရပေမယ့် ခုတော့ မိသားစုဝင်တွေလို ဖောက်သည်တွေတိုင်းကို ဂရုတစိုက် လေးစားမှုအပြည့် စေတနာအပြည့်နဲ့ ခူးခပ်ကျွေးမွေးတတ်တဲ့ ဒီ ထမင်းဆိုင်လေးက အိမ်လက်ရာ (အမေ့လက်ရာ)ကို အလွမ်းပြေစေတဲ့ အစွမ်းလည်းရှိပါတယ်။

သူငယ်ချင်းတို့လည်း လမ်းကြုံတဲ့အခါ ဝင်စားကြည့်ကြပါနော်.."ဖိုးစိန်တဲ"ဆိုတဲ့ ထမင်းစားနားတဲ့ တဲလေးကို ရှာချင်ရင် ဒီ ☎️ 09404723752 ကို အရင်ဆက်ပြီး ရှာကြည့်ကြနော်.. အားလုံး ငွေတစ်ထောင်ကျပ်နဲ့ စားကောင်းဝတုတ်များဖြစ်ကြပါစေ။

Phyu Nwe Nwe Htun


Read 632 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.